အပိုင်း ၄၂ ချီရှောက်ရုန်က မေးခွန်းထုတ်ခြင်း
ချီရှောက်ယွီသည် ချီရှောက်ရုန်၏ ကျောပြင်ကိုကြည့်ကာ ဆက်မလိုက်သွားပေ။ ရီချူးရွှယ်က သတင်းရသည့်အတွက် ချီရှောက်ရုန် ရသည်မှာလည်း သေချာပေသည်။
ချီရှောက်ယွီဟာ ကျွင်းဟောင် နတ်ဆိုးသမားတော်ကို ကြိုက်ကြောင်း သိရသည့်အခါ မသက်မသာခံစားရသည်။ ချီရှောက်ယွီဟာ နတ်ဆိုးသမားတော် ထွက်သွားကြောင်းသိရသည့်အခါ စိတ်သက်သာရာ ရသွားတော့ပေသည်။
ချီရှောက်ယွီ၏နှုတ်ခမ်းတွေက ကော့တက်သွားကာ ပြုံးလိုက်သည်။ ရီချူးရွှယ်က နတ်ဆိုးသမားတော်ကိုရန်စခဲ့သည်။ ရီချူးရွှယ်က ရီဟောင်ကိုတောင် မေးမြန်းလေပြီး နတ်ဆိုးသမားတော် ထွက်ခွာသွားအောင် ဖိအားပေးခဲ့သည့်အတွက် ကျွင်းဟောင်နှင့် အခြေအနေက မကောင်းနိုင်တော့ပေ။
ရီဟောင်ကိုယ်တိုင်ကလည်း ယခု သေမလား၊ ရှင်မလား မသေချာသေးပေ။ ရီချူးရွှယ်၏ လက်ရှိအခြေအနေက ပို၍ပင် ဒုက္ခများနိုင်သည့်အခြေအနေဟု ဆိုရပေမည်။
နတ်ဆိုးသမားတော်က ထွက်သွားသည်မှာ အမြင်ကောင်းရှိသည်ဟု ဆိုရပေမည်။
ကြည့်ရတာ ငါ့ရဲ့အချိန်တော့ ရောက်လာပြီပဲ။
ချီရှောက်ရုန်ဟာ နောက်ပြန်လှည့်ပြီး ချီရှောက်ယွီ၏ နှုတ်ခမ်းတွေ ကော့တက်နေကြောင်းကို မြင်လိုက်ရသည်။
ကျွင်းဟောင်ကသာ ချီရှောက်ယွီလို ခွေးမနဲ့ယူလိုက်ရင်တော့ တကယ်ကိုပြဿနာများပြီပဲ။
သူမက မိန်းမငယ်လေးပဲ ရှိနေသေးတာတောင်မှ ချီရှောက်ယွီက ငယ်စဉ်ကတည်းက ကလေးငယ်လေးတွေကို ဦးဆောင်ပြီး ချီရှောက်ရုန်ကို ခဲလုံးနှင့် ပစ်ပေါက်တာမျိုးတွေ လုပ်ခဲ့တယ်၊ ငယ်ငယ်ကတည်းက စရိုက်မကောင်းတာ သိသာနေတာပဲ၊ မိန်းကလေးတစ်ယောက်အနေနဲ့ ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
ချီရှောက်ရုန် ခေါင်းခါလိုက်သည်။ သူ အိပ်ဆောင်ရှိရာဘက်သို့ ထွက်လာခဲ့ လိုက်တော့သည်။
ကျွင်းမိသားစု။
ကျွင်းရန်ချွမ်က ထွက်လာကာ ပြောသည်။
“အားချန် မင်းရဲ့အစ်ကိုကြီး စိတ်အခြေအနေက ကောင်းပုံမရဘူး”
ကျွင်းချန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ နတ်ဆိုးသမားတော် ထွက်သွားလို့ ထင်ပါတယ်၊ နတ်ဆိုးသမားတော်က အခုလို ထွက်သွားတာတောင် သူ့ကို မနှုတ်ဆက်သွားလို့တဲ့လေ”
ကျွင်းရန်ချန်က မျက်မှောင်ကြုတ်သည်။
“ငါ သိထားတာတော့ နတ်ဆိုးသမားတော် မထွက်သွားခင်အထိ မင်းရဲ့အစ်ကိုကြီးနဲ့ ဆက်ဆံရေးကောင်းနေခဲ့တာပဲ”
ကျွင်းချန်ကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ နတ်ဆိုးသမားတော် မသွားခင်အထိ ကျားအိုကြီးရဲ့သွားကို အစ်ကိုကြီးနဲ့အတူတူတောင် တိုက်ခဲ့သေးတာ၊ ဒါပေမယ့် ပျောက်သွားတဲ့အချိန်မှာတော့ မနှုတ်ဆက်သွားဘူးလေ”
“ဖြစ်နိုင်တာက”
ကျွင်းရန်ချန်က ကျွင်းချန်ကို ကြည့်ကာ ပြောသည်။
“ဖြစ်နိုင်တာကဘာလဲ”
ကျွင်းချန်၏မျက်နှာက အလင်းရောင်တွေ လက်သွားကာ ပြော၏။
“ကျွန်တော် စတုတ္ထမင်းသားဆီက ကြားတာတော့ အင်ပါယာက နတ်ဆိုးသမားတော်ကို ဆုကြေးအနေနဲ့ရွှေပြား သုံးသိန်း ချီးမြှင့်လိုက်တယ်တဲ့လေ”
ကျွင်းရန်ချန်က မျက်မှောင်ကြုတ်သည်။
“အရှင်မင်းကြီးက သဘောကောင်းလိုက်တာ”
ကျွင်းချန်က ခေါင်းညိတ်သည်။
“မဟုတ်ဘူး၊ နတ်ဆိုးသမားတော်က တကယ်တန်ပါတယ်”
ကျားပေါက်လေးက သည်တစ်ကြိမ် ဒုက္ခရောက်ပြီဟု သူ ထင်ခဲ့သော်လည်း နောက်ဆုံးတွင် နတ်ဆိုးသမားတော်က ဖြေရှင်းပေးနိုင်ခဲ့သည်။ ကျားအိုကြီးကတောင်မှ နတ်ဆိုးသမားတော်ကို သဘောကျသွားပုံရ၏။
“ဖြစ်နိုင်တာက နတ်ဆိုးသမားတော်က ပိုက်ဆံအများကြီးရလို့၊ ထွက်ပြေးသွားတာ ဖြစ်မယ်”
ကျွင်းရန်ချန်”…”
ကျွင်းရန်ချန်က သက်ပြင်းချကာ ပြောသည်။
“ငါ မင်းအစ်ကိုကြီးကို သွားတွေ့လိုက်အုံးမယ်”
ကျွင်းချန်က ခေါင်းညိတ်သည်။
“ဟုတ်ကဲ့ ဦးလေးသုံး၊ ဦးလေးသုံး အစ်ကိုကြီးကို ဖြောင်းဖျပေးမှရမယ်၊ ကျွန်တော်ဆိုရင်တော့ အဆင်မပြေနိုင်ဘူး၊ နောက်ပြီး သူ့ကြည့်ရတာ တစ်ဖက်သတ် ခံစားနေရတဲ့ပုံပဲ”
“ငါ လုံးဝ မထင်ထားတာက မင်းအစ်ကိုကြီးက တကယ်ပဲ တစ်ဖက်သတ်အချစ်မှာ ပျော်ဝင်သွားမယ်လို့လေ”
ကျွင်းရန်ချန်က ကူကယ်ရာမဲ့စွာ ခေါင်းရမ်းနေသည်။
ကျွင်းချန်က ရယ်သည်။
“ကျွန်တော်လည်း မထင်ထားတာ အမှန်ပဲ”
သည်လောကကြီးတွင် သူ့အစ်ကိုကြီးထက် မည်သူကမျှ ပြီးပြည့်စုံခြင်းမရှိပေ။ သို့သော် သူ့အစ်ကိုကြီးကို သဘောမကျသည့်သူကလည်း ရှိနေသေးပေသည်။
ကျွင်းရန်ချန်က ကျွင်းချန်ကို ကြည့်ပြီးပြောသည်။
“အားချန် မင်းလည်း အခြေအနေကောင်းပုံ မရပါဘူး”
ကျွင်းချန်က ပြုံးသည်။
“မဟုတ်ဘူး၊ ကျွန်တော်က အဝေးကြီးလိုပါသေးတယ်၊ ဒီအတိုင်း အစ်ကိုကြီးက အရာအားလုံးကောင်းမွန်နေပေမယ့် နောက်ဆုံးမှာတော့ ဒီပြဿနာကြုံရတယ်လို့ ခံစားလိုက်ရတော့ စိတ်ဝင်စားမိရုံပါ”
ကျွင်းရန်ချန်”…”
သူက ခေါင်းကုတ်သည်။ သူက ကျွင်းဟောင်အကြောင်းတွေးကာ ပြော၏။
“ငါ မင်းအစ်ကိုကြီးကို သွားဖျောင်းဖျလိုက်အုံးမယ်”
ကျွင်းရန်ချန်နှင့် ကျွင်းချန်တို့ဟာ ကျွင်းဟောင်ရှိရာ အဆောင်သို့ ရောက်လာခဲ့ပေသည်။
“ဦးလေးကျွင်း မတွေ့ရတာတောင် ကြာပြီနော်”
ထိုအချိန်တွင်ပင် ချီရှောက်ယွီက ရောက်လာကာ ညင်သာစွာပြောသည်။
ကျွင်းရန်ချန်က ပြုံးကာ ကြည့်သည်။
“အဆင်ပြေပါတယ်”
“ကျွင်းချန် နင့်အစ်ကိုကြီးရော ဘယ်မှာလဲ၊ ငါ သူ့ကို ဒီနေ့ အကယ်ဒမီမှာ မတွေ့ဘူး၊ ကျောင်းအုပ်ကတောင် သူ့ကို ကျောင်းသားအသစ်တွေအတွက် မိန့်ခွန်းပြောပေးဖို့ မေးနေတာ”
ချီရှောက်ယွီက ပြောသည်။
ကျွင်းချန်က ခပ်ညစ်ညစ်ပြုံးလိုက်ကာ ပြောသည်။
“အစ်ကိုကြီးရဲ့စိတ်အခြေအနေ မကောင်းဘူး၊ အခုလေ့ကျင့်ရေးကွင်းထဲမှာ”
“ဘယ်လိုဖြစ်ပြီး စိတ်အခြေအနေ မကောင်းတာလဲ”
ကျွင်းချန်”…”
သူ့ရဲ့အချစ်က ပျောက်သွားပြီ၊ သူ ဘယ်လိုဖြစ်ပြီး စိတ်အခြေအနေ ကောင်းမှာလဲ၊ နောက်ပြီး သူ့ကို ဟိုက ပြန်တောင် မကြိုက်ဘူးလေ။
“ဘာရယ်မဟုတ်ပါဘူး၊ နတ်ဆိုးသမားတော် ထွက်သွားတော့ အစ်ကိုကြီးကို မနှုတ်ဆက်သွားလို့ဆိုပြီး စိတ်ပျက်နေတာပေါ့”
“ငါ့မှာ နတ်ဆိုးသမားတော်ရဲ့ သတင်းရှိတယ်”
ကျွင်းချန်၏ မျက်ဝန်းတွေက တောက်ပသွားသည်။
သူက စိတ်လှုပ်ရှားစွာပြော၏။
“တကယ်လား မိန်းကလေးချီ နတ်ဆိုးသမားတော် ဘယ်သွားလဲဆိုတာကို မိန်းကလေးချီက သိတာလား”
“နတ်ဆိုးသမားတော်က တစ်လောကလုံးမှာရှိတဲ့ အပျော်ဂေဟာတွေကို လိုက်သွားနေတယ်လို့ပြောတာပဲ”
ချီရှောက်ယွီက ပြောသည်။
ကျွင်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
“အိုး ဒီလိုကိုး”
ချီရှောက်ယွီက ကျွင်းချန်၏ မျက်နှာအမူအရာကိုကြည့်ကာ မျက်နှာပျက်သွားသည်။ သူမက တည်ငြိမ်အောင် မနည်းထိန်းကာ ပြော၏။
“ဟုတ်တယ်လေ”
ချီရှောက်ယွီ တွေးလိုက်သည်။ ကျွင်းဟောင်က တကယ်ပဲ နတ်ဆိုးသမားတော်ကို စိတ်ဝင်စားနေတာလား၊ မဟုတ်ရင် ကျွင်းချန်ရဲ့အမူအရာက အခုလို ပျက်သွားမှာ မဟုတ်ဘူး။
ကျွင်းချန်က ပြောသည်။
“အစ်ကိုကြီးကတော့ ကံဆိုးတာပဲ၊ နတ်ဆိုးသမားတော်ကို သူ လိုက်မယ်ကြံမှ နတ်ဆိုးသမားတော်က ထွက်သွားပြီ၊ ပြီးတော့ နတ်ဆိုးသမားတော်က အပျော်ဂေဟာတွေကို လိုက်သွားနေတာတဲ့၊ ဒါက နတ်ဆိုးသမားတော်ရဲ့အမှားတော့ မဟုတ်ပါဘူး၊ သူက အစ်ကိုကြီးကို ကလေးတစ်ယောက်လိုပဲ ဆက်ဆံတာကို အစ်ကိုကြီးကိုယ်တိုင်ကလည်း ဖွင့်ဟထားတာ မဟုတ်တော့၊ ဘယ်အခြေအနေ ကောင်းပါ့မလဲ”
ချီရှောက်ယွီက ကျွင်းချန်၏အမူအရာကိုကြည့်ပြီး ပြောသည်။
“နင့်အစ်ကိုကြီး ဘယ်မှာလဲ”
ကျွင်းချန်က ပြောလိုက်သည်။
“အိမ်အနောက်ဘက်မှာ”
“ငါ သူ့ကို သွားတွေ့လိုက်မယ်”
ကျွင်းချန်က တစ်စုံတစ်ရာပြောရန် ပြင်လိုက်သည့်အချိန်တွင်ပင် ချီရှောက်ယွီက ထွက်ပြေးသွားခဲ့ချေပြီ။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...