အပိုင်း ၄၈
ချီရှောက်ရုန် အဆောင်သို့ ပြန်ရောက်လာသည့်အခါ ချီရှောက်ယွီက ဝင်ပေါက်တွင် ရပ်နေကာ မနှစ်မြို့သည့်လေသံဖြင့် ပြောသည်။
“အစ်ကို(၄)၊ အစ်ကို(၄) က တော်တော်ကို အလုပ်များတဲ့သူပဲနော်၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ အစ်ကို(၄) တစ်ချိန်လုံး အတန်းတွေလည်း တက်တာ မဟုတ်ဘဲ ဘယ်တွေ လျှောက်သွားနေတာလဲ၊ ဘာကိစ္စတွေကြောင့်များ အလုပ်ရှုပ်နေတာလဲ”
ချီရှောက်ရုန်က အပေါ်ဝတ်ရုံကို ချွတ်ပြီးနောက် ထိုင်ခုံပေါ်တွင် အသာအယာ ထိုင်လိုက်သည်။ ချီရှောက်ယွီ၏ ဆက်တိုက်မေးမြန်းနေသည့် မေးခွန်းတွေကို လျစ်လျူရှုထားပြီးနောက် ဖြည်းညင်းစွာဖြင့် ပြောလာ၏။
“ငါ့ကို ဘာအတွက်ကြောင့် ရှာနေတာလဲ၊ ငါက ဘာလုပ်ပေးရအုံးမှာလဲ”
ချီရှောက်ယွီက ဒေါသတွေဖြင့် ပြောသည်။
“ဘာလုပ်ပေးရအုံးမလဲ ဟုတ်လား၊ အစ်ကို နင်က ဒီလိုတောင် ထပ်မေးနေသေးတယ်ပေါ့”
ချီရှောက်ရုန်က မဲမှောင်နေသည့်လေသံဖြင့် ပြောသည်။
“ငါ မမေးရင် ဘယ်လိုသိမှာလဲ”
“မိသားစုက အဖွဲ့သားတစ်ယောက်ကို အစ်ကို(၄) နင် သတ်လုနီးပါး လုပ်ထားခဲ့တာလေ”
“အဲ့ဒီ ဝက်ခေါင်းလိုအကောင်ကို ပြောတာလား၊ သူက သူ့ထိုက်နဲ့သူ့ကံ ခံရတာပဲ၊ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်၊ ကျောင်းအုပ်က ဒီကိစ္စကို ကိုင်တွယ်ပြီးပြီ မဟုတ်လား၊ ညီမ(၅) က ဘာအတွက်ကြောင့် ငါ့ကို လာပြီး ဒုက္ခရှာနေတာလဲ”
ချီရှောက်ရုန်က မေးလိုက်သည်။
“ချီဟယ်က ချီမိသားစုဝင်လေ၊ နင် သူ့ကို ဒီလိုလုပ်လို့ရမလား”
“ညီမ(၅) မင်း ဒီလို ပြောလို့မရဘူး၊ မပြောခင်မှာ သေချာစဉ်းစားသင့်တယ်၊ အဲ့ဒီဖက်တီး မျိုးမစစ်ကောင်က သူ့ကံကြမ္မာနဲ့သူ ခံရတာပဲ၊ ဘာလို့ ငါ့ကို အပြစ်လာတင်နေတာလဲ၊ သူက ကံကောင်းပြီး အသက်ရှင် နေရသေးတာကိုတောင်မှ ကျေးဇူးတင်နေရအုံးမှာ၊ ဒီလိုသူခိုးမျိုးက အသက်ရှင်နေတာကို ကံကောင်းနေတယ်လို့ တွက်ဆရအုံးမှာ၊ ဘာလို့ ခွေးခေါင်းဦးနှောက်နဲ့ မင်းက လာပြီး ပြဿနာ လာရှာနေရတာလဲ၊ ညီမ(၅)က သူ့ဘက်ကလား”
ချီရှောက်ရုန်က ဖြည်းညင်းစွာဖြင့် အေးစက်စက် ပြောသည်။
“အမှိုက်လိုကောင် နင် အရမ်းလွန်သွားပြီ”
ချီရှောက်ယွီ၏ တိုက်ခိုက်လိုစိတ်တွေက ပြည့်နှက်လာတော့ကာ သူမက ချက်ချင်းလှုပ်ရှားရန် ကြံစည်လိုက်သည်။
“ညီမ(၅) ရပ်စမ်း”
ချီရှောက်ဖူ ဝင်လာသည်။
ချီရှောက်ယွီက ချီရှောက်ဖူက ချီရှောက်ရုန်၏ ရှေ့တွင် ကာပေးနေကြောင်းမြင်ရသည့်အခါ သူမက အံကိုကြိတ်ပြီး ပြောသည်။
“အစ်ကို(၃) ဒီအစ်ကို(၄) ဘယ်လောက်တောင် လွန်နေသလဲဆိုတာကို မသိဘူးလား၊ အဖေက သူ့ကို ကောင်းတဲ့စိတ်နဲ့ အကယ်ဒမီကို ပို့ပေးခဲ့တာကိုတောင် အခု မိသားစုရဲ့ကလေးတွေကို ပြန်သတ်ဖို့ ကြံစည်နေတယ်လေ”
ချီရှောက်ဖူက ချီရှောက်ယွီကို ကြည့်ပြီး ပြောသည်။
“ဒါက ချီဟယ်ရဲ့အမှားပဲ၊ မင်းကိစ္စ မဟုတ်ဘူး”
ချီရှောက်ယွီက နှုတ်ခမ်းကိုမဲ့ကာ ပြောသည်။
“ချီဟယ်ရဲ့အမှား ဆိုရင်တောင်မှ သူ ဒီလောက်အထိ ရိုက်ဖို့ လိုအပ်လို့လား”
“ငါက သူခိုးတွေ ရန်ကနေ ကာကွယ်ဖို့ အိမ်မှာ ထောင်ချောက်တွေ ဆင်ထားတာ၊ ချီဟယ်က ခိုးဝင်ပြီး ကံကောင်းစွာနဲ့ အသက်ရှင်နေအုံးမယ်လို့ ဘယ်ထင်မှာလဲ၊ ညီမ(၅)က သူ့ကို ကာကွယ်ပေးနေတယ်ဆိုတော့ ညီမ(၅)က ဒီဝက်ခေါင်းလို အကောင်ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်၊ ညီမ(၅)ရဲ့ မြင်နိုင်စွမ်းအားက တကယ်ကို ထူးချွန်လွန်းတာပဲ”
ချီရှောက်ရုန်က မေးစေ့ကိုမော့ကာ ပဟေဠိဖြစ်နေသည့် အမူအရာမျိုးဖြင့် ကြည့်ပြီးပြောသည်။
ချီရှောက်ယွီ၏ မျက်နှာက နီရဲသွားကာ ပြောသည်။
“နင် ဘာတွေ လျှောက်ပြောပြန်ပြီလဲ”
“မင်း ဒီလိုအေးခဲနေတဲ့ အမူအရာမျိုးက အချစ်အတွက် ရပ်တည်ပေးနေတဲ့ ပုံစံမျိုးနဲ့ တူမနေဘူးလား”
ချီရှောက်ရုန်က အပြစ်ကင်းစွာဖြင့် ပြောလိုက်သည်။
ချီရှောက်ယွီ၏ မျက်နှာက နီရဲသွားကာ ချီရှောက်ရုန်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ချီရှောက်ဖူကို လှည့်ကြည့်သည်။
“အစ်ကို(၃) မြင်တယ်မဟုတ်လား”
ချီရှောက်ဖူက ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“ကောင်းပြီ ကောင်းပြီ မင်းတို့တွေ ငြင်းနေတာ ရပ်လိုက်တော့”
“ညီလေး မင်းရဲ့အိမ်က တော်တော်ကောင်းတာပဲ”
ချီရှောက်ဖူက ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ငါလည်း ထင်ပါတယ်”
ချီရှောက်ဖူက မျက်မှောင်ကြုတ်သည်။
“ထျန်းလန်အကယ်ဒမီရဲ့ကျောင်းအုပ် ဟူဖုန်းက ဘာအကျိုးအမြတ်မှ မရဘဲ မလုပ်ဘူး၊ မင်း ဒီအိမ်ငှားဖို့အတွက် ပိုက်ဆံဘယ်လောက် ပေးလိုက်ရလဲ”
“မများပါဘူး၊ ရွှေပြားတစ်သောင်းတည်းပါ”
ချီရှောက်ရုန်က ပြောသည်။
ချီရှောက်ဖူ၏ မျက်လုံးတွေက ပြူးကျယ်သွားသည်။
“ဘာ”
“နင်က အလကားနေ ဖြုန်းနေတာပဲ”
ချီရှောက်ယွီက ကျိန်ဆဲသည်။ သူမ မနာလို ဖြစ်သွားတော့ပေ၏။
ချီရှောက်ယွီက ချီရှောက်ရုန်ဟာ သူမထက် သာသည့်အဆင့်အတန်းမျိုးတွင် နေနေရခြင်းကို မကျေမနပ် ဖြစ်နေတော့ပေသည်။
“ငါက မိသားစုရဲ့ပိုက်ဆံကို ဖြုန်းနေတာလဲ မဟုတ်ဘူး၊ ငါ့ပိုက်ဆံနဲ့ငါ သုံးတာ၊ မင်းက ဘာတွေကို အော်ဟစ်နေတာလဲ”
ချီရှောက်ရုန်က ပြောသည်။
ချီရှောက်ရုန်က ချီရှောက်ဖူထံသို့ ပိုက်ဆံတစ်ကတ်ကို ပေးကာ ပြောသည်။
“ဒီထဲမှာ ရွှေပြားနှစ်သောင်းပါတယ်၊ ချီမိသားစုရဲ့ ငါ့အပေါ် ဒီကျောင်းဝင်ခွင့်ရအောင် လုပ်ပေးတဲ့ကိစ္စအတွက်နဲ့ ရွှေပြား သုံးထောင်ကြီးများတောင် သုံးခဲ့ရတယ်လို့ ကြားတယ်၊ ချီမိသားစုအတွက် ရွှေပြားသုံးထောင်ဆိုတာက တော်တော်လေးကို များနေပြီလို့ ထင်တယ်၊ တစ်ချိန်လုံး ဒီအကြောင်းအရာကိုပဲ ထည့်ထည့်ပြောနေတာလေ၊ ဒါကြောင့် ဒီပိုက်ဆံ နှစ်သောင်းကို ပေးလိုက်မယ်၊ ဒီလိုဆိုရင် ညီမ(၅) အော်ဟစ်မနေတော့ဘူးပေါ့”
ချီရှောက်ဖူ “…”
ချီရှောက်ယွီ “…”
“နင် နင် ဒီရွှေပြားတွေ ဘယ်က ရတာလဲ”
ချီရှောက်ယွီက ချီရှောက်ရုန်ကို စိုက်ကြည့်သည်။
“နတ်ဆိုးသမားတော်က ပေးတာလေ”
"သူက နင့်ကို ဘာလို့ ပေးတာလဲ။"
“ဘာလို့လဲဆိုတော့ ငါက သူ မျက်နှာသာပေးအောင် တစ်ခုခု လုပ်ပေးလို့ နေမှာပေါ့”
ချီရှောက်ယွီ၏ မျက်လုံးတွေက ပြူးကျယ်သွားကာ ချီရှောက်ရုန်ကို လက်ညှိုးထိုးကာ ပြောသည်။
“နင် နင်က နတ်ဆိုးသမားတော်ရဲ့ မွေးစားသားလား”
ချီရှောက်ရုန် “…”
ချီရှောက်ယွီ ဒီကလေးမကတော့ အလကားနေ စိတ်ကူးယဉ်နေတာပဲ။
ချီရှောက်ရုန်က တစ်စုံတစ်ရာပြောရန် ပြင်လိုက်သည့်အချိန်တွင်ပင် ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်ကို မြင်လိုက်ရပြီး ချီရှောက်ရုန်၏ အကြည့်ကို ဖမ်းစားသွားသည်။ ချီရှောက်ရုန်၏ နှုတ်ခမ်းတွေက ကော့တက်သွားသည်။
“ညီမ(၅) ညီမ(၅)က အရမ်းတော်လိုက်တာ၊ ဒါပေါ့ ငါ့ကို နတ်ဆိုးသမားတော်က မွေးစားထားတာလေ၊ ဒါကြောင့် ငါက နတ်ဆိုးသမားတော်ရဲ့ စောင့်ရှောက် ထိန်းသိမ်းပေးမှုအောက်မှာ ရှိတယ်”
ချီရှောက်ယွီ “…”
ကျွင်းလင်းက တံခါးအနားသို့ ရောက်သည့်အချိန်တွင် သည်စကားကို ကြားလိုက်ရကာ သူမ၏ နှလုံးခုန်နှုန်းက မြန်သွားသည်။
ချီရှောက်ယွီက တစ်စုံတစ်ရာပြောရန် ပြင်လိုက်သည့်အချိန်တွင်ပင် ချီရှောက်ရုန်က ခေါင်းကိုလှည့်ပြီး ကျွင်းလင်းကို နှုတ်ဆက်လိုက်သည်။
“ကျွင်းလင်း ဘာလို့ဒီကို ရောက်နေတာလဲ”
ချီရှောက်ယွီက ကျွင်းလင်းကို မြင်သည့်အခါ စကားတွေကို ပြန်မြိုချလိုက်ပြီး လိမ္မာယဉ်ကျေးသည့် အမျိုးသမီးကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်တော့လေသည်။
ကျွင်းလင်းက အခန်းထဲတွင်ရှိသည့်သူတွေကို သက်ပြင်းချပြီး ပြောသည်။
“ဘာလုပ်နေကြတာလဲ”
“ဘာရယ်မဟုတ်ပါဘူး၊ မိသားစုရေးရာကိစ္စတွေ ဆွေးနွေးနေရုံပါ”
“ကျောင်းသားချီ မင်း အတန်းမတက်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ယောက်တည်း ဆွေးနွေးလို့ရမလား”
ကျွင်းလင်းက မေးသည်။
“ရတာပေါ့”
ချီရှောက်ရုန်က ကျွင်းလင်း၏အနောက်သို့ လိုက်သွားလေသည်။
ချီရှောက်ဖူက ချီရှောက်ရုန် ထွက်သွားခြင်းကို ကြည့်နေသည်။ သူက ခေါင်းကို ကူကယ်ရာမဲ့စွာ ခါကာ ခါးသီးစွာ ပြုံးလိုက်သည်။
ချီရှောက်ရုန်က စကားပြောလိုက်သည့် အချိန်တိုင်း ဖော်ပြ၍မရသည့် ဖိအားတွေကို သူ ခံစားရသည်။ ဒါက သူ၏ ညီဖြစ်သည့်တိုင်အောင် သူက ပြောစရာစကားမဲ့ရ၏။ ချီရှောက်ဖူက ခြံဝန်းကို ကြည့်ကာ ပြောသည်။
“ချီရှောက်ရုန်ရဲ့ ဒီခြံဝန်းက တကယ်ကောင်းလိုက်တာ”
ချီရှောက်ယွီက အေးစက်စွာပြုံးရင်း ပြောသည်။
“တစ်နှစ်ကို ရွှေပြားတစ်သောင်း ပေးရတာ မကောင်းဘဲ နေပါ့မလား၊ မြို့တော်က ဈေးအကြီးဆုံး စားသောက်ဆိုင်တောင်မှ တစ်နှစ်စာ စားမယ်ဆိုရင် ဒီလောက်အထိ ပေးရမှာ မဟုတ်ဘူး၊ ချီရှောက်ရုန် ဒီရူးနေတဲ့အကောင်၊ သူ ပိုက်ဆံကို ဘယ်လိုများ ဖြုန်းနေတာလဲ”
ချီရှောက်ယွီက အံကိုကြိတ်ကာ လက်သီးကို ဆုပ်ထားသည်။
ချီရှောက်ရုန်လိုကောင်က ဒီလောက်ကောင်းတဲ့ ဇိမ်ခံမှုအပြည့်အဝနဲ့ နေလာရတယ်ပေါ့။
နတ်ဆိုးသမားတော်က ဘာလဲ၊ သူက ဘာလို့ ချီရှောက်ရုန်ကို ဒီလောက်အထိ သဘောကောင်းနေရတာလဲ၊ နတ်ဆိုးသမားတော်က ရိုးရှင်းတဲ့သူ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလိုဝက်ခေါင်းလို အစ်ကို(၄)ကိုကျတော့ ဒီလောက်အထိ စောင့်ရှောက်ပေးနေတယ်ပေါ့။
“ရှောက်ရုန်က သွားပြီ၊ ငါတို့လည်း ပြန်ကြစို့”
ချီရှောက်ဖူက ပြောသည်။
ချီရှောက်ယွီက အေးစက်စွာပြောသည်။
“ဒီကောင်က သူ့ကိုယ်သူ ချမ်းသာတယ်ဆိုပြီး ကြီးကျယ်နေတာ၊ အဖေကတောင်မှ သူ့ကို ဖိတ်ခေါ်လို့ မရတော့ဘူး၊ ဟမ့် ဒီကောင်က သေလူပါပဲ”
…......
ချီရှောက်ရုန်က သည်နှစ်ယောက်၏ စကားတွေကို သတိမထားမိတော့ပါပေ။ အကြောင်းမူကား သူက လက်ကို နောက်ကိုပစ်လျက် ကျွင်းလင်း၏အနောက်မှ လိုက်နေရသောကြောင့် ဖြစ်သည်။ တစ်လျှောက်လုံး သူတို့ ဘာစကားမှ မဆိုဖြစ်ခဲ့ကြပါပေ။
ကျွင်းလင်းက ချီရှောက်ရုန်ကိုကြည့်ပြီးနောက် သက်ပြင်းချကာ ပြောသည်။
“သခင်ချီ သခင်ချီရဲ့ ဂုဏ်သိက္ခာကို ဒီလိုဖျက်ဆီးလိုက်လို့ အဆင်ပြေပါ့မလား”
ချီရှောက်ရုန်က အပြစ်ကင်းစင်စွာဖြင့် ပြောသည်။
“အဆင်ပြေပါတယ်၊ ကျွန်တော့်မှာ နဂိုကတည်းက ဘာဂုဏ်သိက္ခာမှ မရှိတာ”
ကျွင်းလင်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံးကာ ပြောသည်။
“မင်းရဲ့ဂုဏ်သိက္ခာနဲ့ နတ်ဆိုးသမားတော်ရဲ့ ဂုဏ်သိက္ခာကို တစ်ခါတည်း ဖျက်ဆီးပစ်သလို ဖြစ်နေတာကိုရော သိလား”
ချီရှောက်ရုန်က ကျွင်းလင်းကို ကြည့်ကာ ချောင်းဟန့်ပြီး ပြောသည်။
“ဆရာမ ကျွင်းလင်း၊ ဆရာမ ကျွင်းလင်းက နတ်ဆိုးသမားတော်ကို ရှာနေတုန်းပဲလား”
“ငါက ဒီအတိုင်း ပြောပြတာပါ”
ကျွင်းလင်းက ပြုံးသည်။
“ဆရာမကျွင်းလင်း၊ ဆရာမကျွင်းလင်း ယင်မိသားစုက အကြောင်းကြားဖူးလား”
“အင်း ငါ ကြားဖူးတယ်”
ယင်မိသားစုကဟုဆိုသည်မှာ သမိုင်းတွင် ကျော်ကြားလှသည့် သူတော်စင် ယင်မိန်းကလေးကို ဆိုလိုခြင်းဖြစ်သည်။ သူမက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကံဆိုးမိုးမှောင်ကျခဲ့လေပြီး အဖွဲ့လိုက် အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရသည်။ သူမ ရှင်သန်ခဲ့သည့်တိုင်အောင် သူမ၏စိတ်အခြေအနေက ပြောင်းလဲခဲ့လေ၏။
သူမ ကျော်ကြားလာသည့်အချိန်တွင် မရေမတွက်နိုင်သည့် အမျိုးသားတွေကို မွေးမြူခဲ့ကာ အိပ်ခဲ့သည်။
သူမ ရိုးသွားသည့်အခါ သားရဲတွေနှင့် အိပ်လေသည်။
“ဒီယင်မိန်းမပျိုဆိုတာက သားရဲတွေကို ချစ်မြတ်နိုးတယ်၊ လူတွေက သူမ ဒီလိုအခြေအနေရောက်နေတာတောင်မှ ကိုးကွယ်ဆည်းကပ် နေကြတုန်းပဲ၊ ဒါကြောင့် မင်းကသာ လုံလောက်အောင် စွမ်းအားကြီးမားမယ်ဆိုရင် ဂုဏ်သိက္ခာဆိုတာ အရေးမကြီးဘူးဆိုတာကို ဖော်ပြလိုက်တာပဲ”
ချီရှောက်ရုန်က လူကြီးလူကောင်းဆန်ဆန် ပြောသည်။
ကျွင်းလင်းက ချီရှောက်ရုန်ကို ကြည့်ပြီးနောက် သံသယဝင်ကာ ပြောသည်။
“ကျောင်းသားချီရဲ့နှလုံးသားက သာမန်လူတွေထက်ကို ကျော်လွန်နေတာပဲ”
“ဟုတ်တယ် ဟုတ်တယ်”
ချီရှောက်ရုန်က ကျွင်းလင်း၏ အနောက်မှ လိုက်ကာ ရုံးခန်းထဲ ဝင်သွားသည်။ အထဲသို့ ဝင်သည့်အခါ ချောင်းဆိုးသံကို ကြားလိုက်ရ၏။
“အစ်မကျွင်းလင်း အစ်မကျွင်းလင်း ရောက်လာပြီလား”
ကျွင်းလင်း အထဲသို့ ဝင်လိုက်သည်နှင့် ချောင်းဆိုးနေသည့် ကလေးမလေးက ကျွင်းလင်းထံသို့ ခုန်ပေါက်ကာ လာသည်။ ကျွင်းလင်း၏ လက်မောင်းထဲသို့ဝင်၏။
ထိုကလေးမလေး၏ မျက်နှာက ဖြူဖျော့နေသည်။ သို့သော် အမူအယာက ယဉ်ကျေးသည့် အနေအထားတွင် ရှိနေသည်။
ချီရှောက်ရုန်က ကလေးမလေး၏ လက်ကိုင်ပုဝါက သွေးတွေ စိုနစ်နေကြောင်း တွေ့လိုက်ရပေသည်။ ချီရှောက်ရုန်က ကလေးမလေးကို တွေ့လိုက်သည်နှင့် ကျွင်းလင်း သူ့ထံသို့ ရောက်လာသည့် အကြောင်းပြချက်ကို သိသွားသည်။
ကျွင်းလင်းက ချီရှောက်ရုန်ကို ပြုံးပြကာ ပြောသည်။
“ဒီကလေးမရဲ့နာမည်က ဖူရုန်တဲ့၊ သူမက စွန်းလင်းရဲ့သမီးလေ၊ ငါတို့ကြီးကြပ်သူတွေထဲက တစ်ယောက်ပေါ့၊ စွန်းလင်းရဲ့ ယောက်ျားကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သေသွားပြီ၊ ဖူရုံက တစ်ဦးတည်းသော သမီး၊ ကံဆိုးတာက ဒီကလေးမလေးက မွေးကတည်းက ကျန်းမာရေး မကောင်းရှာဘူး”
“…”
ချီရှောက်ရုန်က လက်ဆန့်တန်းကာ ကလေးမလေး၏ပါးတွေကို တို့ထိလိုက်သည်။ ထိုကလေးမလေးက ထိတ်လန့်သွားပုံရကာ ကျွင်းလင်း၏ အနောက်တွင် ဝင်ပုန်း၏။
“ငါက နတ်ဆိုးသမားတော်ကြောင့် ပျောက်ကင်းသွားမှန်းလည်း သိရော ဆရာမစွန်းလင်းက ငါ့ကို အကူအညီ တောင်းလာတယ်လေ၊ ဒါပေမယ့် နတ်ဆိုးသမားတော်က ပျောက်ကွယ်သွားပြီ၊ ဒါကြောင့် မင်းကိုပဲ အကူအညီတောင်းရတော့တာပေါ့”
ကျွင်းလင်းက ပြောသည်။
ဖူရုန်က ချီရှောက်ရုန်ကို မျက်ဝန်းကြီးတွေဖြင့် ကြည့်သည်။ သူမလေးက ပိန်ကပ်နေသည့်တိုင်အောင် ကလေးမလေးက ချစ်စဖွယ်ကောင်းသေးပေ၏။
ချီရှောက်ရုန်က ကျွင်းလင်းကို ကြည့်ကာ ပြော၏။
“ဆရာမကျွင်းလင်းက ကြင်နာတတ်တာပဲ”
“ကြင်နာတတ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ဒီကလေးမလေးက ငယ်စဉ်က ငါနဲ့ တူတယ်လို့ ခံစားမိရုံပါ၊ ဒါကြောင့် ပြန်လည်ကူညီချင်ရုံပါပဲ၊ နောက်ပြီး သူမရဲ့မိခင် စွန်းလင်းကလည်း ငါ့အဖေကို အများကြီး ကူညီပေးခဲ့ဖူးတယ်လေ၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ပြန်လည်ကူညီချင်ရုံပါ”
ချီရှောက်ရုန်က ကျွင်းလင်းကို ကြည့်ကာ ပြောသည်။
“ဆရာမကျွင်းလင်း ကျွန်တော် နတ်ဆိုးသမားတော်နဲ့ အခုလောလောဆယ်မှာ မဆက်သွယ်နိုင်သေးပါဘူး၊ ဒါပေမယ့် ဒီကလေးရဲ့အခြေအနေတွေကို စာရွက်ထဲမှာ အသေးစိတ်ချရေးပြီး နတ်ဆိုးသမားတော်ရဲ့ စံအိမ်အပြင်ဘက်မှာ ချိတ်ထားလိုက်ပါ၊ အဲ့ဒီစံအိမ်က လူတွေက သူတို့နည်း သူတို့ဟန်နဲ့ နတ်ဆိုးသမားတော်ကို ဆက်သွယ်ပေးပါလိမ့်မယ်၊ ဒီလိုဆိုရင်တော့ အကူအညီဖြစ်မယ်လို့ ထင်တာပဲ၊ နောက်ပြီး နတ်ဆိုးသမားတော်က အခကြေးငွေကသာ မှန်ကန်တိကျမယ်ဆိုရင် သူက ကူညီဖို့ ဆန္ဒရှိမှာပါ”
ကျွင်းလင်းက ပြုံးသည်။
“ဆရာမ စွန်းလင်းက ကျော်ကြားတဲ့ဆရာတွေ အားလုံးကို ပင့်ဖိတ်ပြီး ကုသခဲ့ပြီးပြီ၊ ဒါကြောင့် အခုအချိန်မှာ ငွေရေးကြေးရေးကတော့ အခက်အခဲဖြစ်နေတယ်၊ သခင်ချီက နတ်ဆိုးသမားတော်နဲ့ ကောင်းကောင်းသိနေတာပဲ၊ ကျေးဇူးပြုပြီး သူ့ကို ကောင်းမွန်တဲ့စကားတွေ ထည့်ပြောပေးမယ်လို့ မျှော်လင့်ပါတယ်”
“ကျွန်တော် ကြိုးစားပါ့မယ်”
ကျွင်းလင်းက ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“ကျောင်းသားချီ၊ ကျောင်းသားချီ သူမရဲ့လက်ကောက်ဝတ်ကို ထိတွေ့ချင်သေးလား”
ချီရှောက်ရုန်က ကျွင်းလင်းကို တစ်ခဏလောက် ကြည့်ပြီးနောက် ပြောလိုက်သည်။
“မလိုတော့ပါဘူး”
သည်ကလေးမလေးတွင် မည်သည့်ကြီးကြီးမားမားဒဏ်ရာမှ မရှိနေကြောင်း သူ သိပေသည်။
ကျွင်းလင်းက ပြုံးသည်။
“ဒီလိုဆိုမှတော့ ကျောင်းသားချီကို ဒုက္ခပေးသလိုဖြစ်သွားပြီ”
“မိန်းကလေးကျွင်းလင်းက ကတိကိုသာ မမေ့ပါနဲ့”
“သေချာပါတယ်၊ လူငယ်တွေရဲ့ကိစ္စကို ငါ လုံးဝ ဝင်မပါပါဘူး”
ချီရှောက်ရုန်က ကျွင်းလင်းကို ကြည့်နေပြီးနောက် တွေးလိုက်သည်။
ကျွင်းလင်းက တကယ့်ကို ဒေါသကြီးတာပဲ၊ သူမက ဘာကိုမှ ဂရုမစိုက်သလိုနဲ့ အားလုံးကို ပြပွဲကြည့်သလို ကြည့်ချင်နေတာ။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...