unicode
အပိုင်း ၆၇
ချီရှောက်ရုန်က နဂါးခေါင်းမှ အမြူတေကို ထုတ်နေခြင်းကို သူ ကြည့်ကာ မလှုပ်ရှားဘဲ ရပ်နေပေသည်။
“မမျှော်လင့်ထားတာက သခင်လေးချီက အဆင့်(၇)မှော်ပညာရှင် ဖြစ်နေတာကိုး အံ့ဩစရာပဲ”
ကျွင်းဟောင်၏ အကြည့်တွေက ကျဉ်းမြောင်းသွား၏။
“မင်း မှားနေပြီ၊ ငါက အဆင့်(၆)ပါပဲ”
ချီရှောက်ရုန်က သူ၏ ကိုယ်ပေါ်ရှိအဝတ်ကို ဖြုတ်လိုက်သည့်အခါ အထဲတွင်ရှိသည့် သံချပ်ကာကို မြင်လိုက်ရတော့ပေသည်။ ထိုအရာက သလင်းသားသံချပ်ကာ ဖြစ်သည်။
“ကောင်းလိုက်တဲ့ သံချပ်ကာ”
“ဒါပေါ့၊ ဒါကို ရွှေပြားနှစ်သိန်းတောင် ပေးထားရတာလေ၊ ကောင်းတာပေါ့”
“အမှန်ပဲ”
ဟူဖုန်းက အပြင်ဘက်မှတစ်ဆင့် ချီရှောက်ရုန်၏ ဝတ်စုံကို ကြည့်ကာ မှင်သက်သွားသည်။
“တကယ်ကို… ချမ်းသာလိုက်တာ”
ချီရှောက်ရုန်၏ သလင်းသံချပ်ကာကို သလင်းမှော်စွမ်းအင်တွေက လွှမ်းခြုံနေသည်။ ဒါက ထူးခြားသည့်နည်းလမ်းဖြင့် ဆက်စပ်ထားသည့်အတွက် ဝတ်ဆင်ထားသူက အဆင့်တစ်ဆင့် ပိုမြင့်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ချီရှောက်ရုန်က အဆင့်(၇)မှော်စွမ်းအင်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ဟူဖုန်းက မျက်မှောင်ကြုတ်နေသည်။ သူ၏ သည်တပည့်လေးက ရွှေပြားတွေကို လွယ်ကူစွာရရှိနေပေ၏။
ဒီနေ့ခေတ်မှာ အပျော်ဂေဟာဖွင့်တာက ဒီလောက်အထိ အကျိုးအမြတ် ရသွားပြီလား။
သူပင် စိတ်ဝင်စားသွားသည်။
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“သခင်လေးကျွင်း ကျွန်တော် ထျန်းလန်ကျောင်းကို အဆင့်(၁)ရမယ်ဆိုပြီးတော့ ရွှေပြားတစ်သန်းနဲ့ လောင်းထားတာ၊ ကျွန်တော့်ကို ကူညီပြီး အဆင့်(၁)ရအောင် မလုပ်ပေးချင်ဘူးလား”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ပြီးပြော၏။
“ငါ ကူညီမယ်လို့ မင်း ထင်လို့လား”
“ဘာလို့ မကူညီရမှာလဲ၊ မစိုးရိမ်ပါနဲ့၊ ငါက အရမ်းသဘောကောင်းတဲ့သူပါ၊ ရွှေပြားသုံးသောင်းပေးမယ် ဆိုရင်ရော”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဒီလိုရိုင်းစိုင်းတဲ့ တောင်းဆိုမှုမျိုးကို ရွှေပြားသုံးသောင်းလောက်အတွက်နဲ့ သဘောတူမယ် ထင်လို့လား”
“ဘာလို့လဲ သုံးသောင်းက နည်းလို့လား၊ သခင်လေးကျွင်း လောဘကြီးတာ မကောင်းဘူးနော်၊ ဆိုရိုးစကားတောင် ရှိနေသေးတယ်၊ လူတစ်ယောက်ရဲ့နှလုံးသား လက်ခံနိုင်တာထက် ဆင်တစ်ကောင်လုံးကို မြိုဖို့ ကြိုးစားမယ်ဆိုရင် ပေါက်ထွက်ပြီး သေသွားလိမ့်မယ်တဲ့”
“ဒါက ပိုက်ဆံကြောင့်မဟုတ်ဘူး”
“ဒါပေါ့ ပိုက်ဆံကြောင့် မဟုတ်ဘူးပေါ့၊ မေးခွန်းက လက်ခံလား၊ လက်မခံလားဆိုတာပဲ၊ တကယ်လို့သာ လက်ခံလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခရောက်တာ သက်သာသွားမယ်မဟုတ်လား”
ချီရှောက်ရုန်က ပြောနေသည်။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်၏။
“မင်းနိုင်မယ် ထင်လို့လား”
“သခင်လေးကျွင်း၊ ငါ့မှာ မှော်စာလိပ်တွေ အများကြီးရှိတယ်နော်၊ နဂါးကိုတွေ့လား၊ အဲဒီလို လုပ်လိုက်မယ်ဆိုရင်ရော စိတ်မဝင်စားဘူးလား”
“မင်း စမ်းကြည့်နိုင်တယ်”
“သခင်လေးကျွင်းက တကယ်စွမ်းအားကြီးတာ မှန်ပေမယ့် အဆင့်(၈)သားရဲနဲ့ တိုက်ခိုက်ထားလို့ စွမ်းအားတွေ ကုန်ဆုံးနေပြီ မဟုတ်လား”
ချီရှောက်ရုန်က ပြောသည်။
ကျွင်းဟောင်၏ အကြည့်တွေက အေးစက်သွားရင်း နှုတ်ခမ်းတွေက ကော့တက်သွား၏။
“သခင်လေးချီက ဒီပြိုင်ပွဲက ဘယ်လောက်ကြာမယ်လို့ထင်လဲ”
“တစ်လလေ”
“ဒါပေါ့ အချိန်က သိပ်မလိုတော့ဘူးဆိုတာရော သိလား၊ အဲ့ဒီအချိန်ကျရင် အားလုံး အပြင်ကို ရောက်သွားလိမ့်မယ်”
ချီရှောက်ရုန်ကို ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“အချိန်တွေ ကုန်နေတယ်ဆိုတာ သိပါတယ်၊ ဒါကြောင့်ပဲ မြန်မြန်ပဲ လုပ်ဆောင်သင့်တာပေါ့၊ သတိပေးတဲ့အတွက် ကျေးဇူးပါပဲ သခင်လေးကျွင်းရယ်”
ချီရှောက်ရုန်က သူ၏ မှော်တုတ်တံကိုရမ်းလိုက်ကာ အဆင့်(၇)မှော်စွမ်းအင်ဂါထာ များစွာကို ဆင့်ခေါ်သည်။
ကျွင်းဟောင်၏ ခန္ဓာကိုယ်က ခုနစ်ရောင်ခြယ်အလင်းတွေ တောက်ပလာကာ ဂါထာတွေကို ရွတ်ဆိုပြန်၏။ ချီရှောက်ရုန်၏ စွမ်းအင်ကို ရင်ဆိုင်၏။ နှစ်ဖက်လုံးက ဘက်ညီနေခဲ့သည်။
ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့ တိုက်ကွက် အနည်းငယ် ထုတ်ဖော်လိုက်ကြသည်။ နှစ်ဖက်လုံးက မည်သည့်ဘက်မှ အားမနည်းနေခဲ့ကြပေ။
“သခင်လေးကျွင်းက တစ်ခုခုတော့ တစ်ခုခုပဲ၊ ဒီလိုအခြေအနေမျိုးမှာတောင် တိုက်ခိုက်နိုင်သေးတယ်၊ ရှန်းယွမ် အဲ့ဒီကောင်က အောက်ဆုံးအဆင့်ကို ဘာလို့ ရောက်နေသလဲဆိုတာကို အခုလောက်ဆိုရင် နားလည်သွားလောက်ပြီ”
ချီရှောက်ရုန်က လေးစားသည့်ဟန်ဖြင့် ပြောသည်။
ကျွင်းဟောင်က အဆင့်(၈)သားရဲနှင့် တိုက်ခိုက်ပြီး စွမ်းအား ကုန်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သို့သော် သူက အားတင်းကာ တောင့်ခံနိုင်သေးပေ၏။ သူ၏ ပြိုင်ဘက်ရှေ့တွင် သူ မည်သည့်နည်းနှင့်မျှ မရှုံးချင်ပေ။
“သခင်လေးကျွင်းက ဒီလိုလုပ်နေမှတော့ ရိုင်းပျမိတဲ့အတွက်ခွင့်လွှတ်ပါ”
ချီရှောက်ရုန်က မှော်စာလိပ်အပုံလိုက်ကို ထုတ်ကာ ကျွင်းဟောင်ကို ပစ်ပေါက်လိုက်သည်။
ကျွင်းဟောင်၏ ဝတ်စုံက ရွှေရောင်အလင်းတွေ တောက်ပလာလေပြီး စာလိပ်မှ စွမ်းအင်တွေအားလုံးကို ချေဖြတ်လိုက်သည်။
“အဆင့်(၉)မှော်ဝတ်စုံ၊ ဟမ့် သူတော်စင်အဆင့် အဖိုးတစ်ယောက်ကို ပိုင်ဆိုင်ထားတာကလည်း တကယ်ကောင်းတာပဲ”
ချီရှောက်ရုန်၏ မျက်ဝန်းတွေက ကျဉ်းမြောင်းသွားသည်။ ထိုဝတ်စုံဖြင့်ဆိုလျှင် မှော်စာလိပ်တွေ၏ စွမ်းအားတွေကို စုပ်ယူလိမ့်မည်ဖြစ်ကာ (၃၀)ရာခိုင်နှုန်းကသာ သက်ရောက်မှု ရှိလိမ့်မည် ဖြစ်သည်။
“ငါက ကံကောင်းတယ်လေ”
ကျွင်းဟောင်က အေးစက်စွာပြောသည်။
ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာ ရယ်သည်။
“ဒါက နောက်ဆုံးဝှက်ဖဲမဟုတ်သေးဘူး”
ချီရှောက်ရုန်က ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် နှာခေါင်းနှင့်ပါးစပ်ကို ကွယ်လိုက်၏။ ကျွင်းဟောင် စိတ်မသက်မသာဖြစ်သွားသည်။
ထိုအချိန်တွင်ပင် ကျွင်းဟောင်၏ လက်မှ လက်ကောက်က ပေါက်ကွဲသွားတော့ကာ အစိမ်းရောင်မီးခိုးတွေ ထွက်လာသည်။ ကျွင်းဟောင်က မွှန်ထူသွားကာ ချောင်းတဟွတ်ဟွတ်ဆိုး၏။
“မင်း ဘာလုပ်လိုက်တာလဲ”
ချီရှောက်ရုန်က ခပ်သာသာရယ်လိုက်ကာ စိတ်အခြေအနေ ကောင်းသွားပုံရပြီး ပြောသည်။
“သခင်လေးကျွင်းရယ် အပြစ်ကင်းစင်လိုက်တာ၊ ဒါကို နတ်ဆိုးသမားတော်က ပေးတယ်ဆိုတာနဲ့ ယုံလိုက်တော့တာပဲ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...