အပိုင်း ၅၃
“ဘယ်သူတွေ ဝင်ပြိုင်ရမလဲဆိုတာကို မဆုံးဖြတ်ရသေးဘူး မဟုတ်လား”
ကျွင်းလင်းက စွန်းလင်းကို ပြောသည်။
“မဆုံးဖြတ်ရသေးပါဘူး၊ ဒီလောက်အမြန်ကြီး ဆုံးဖြတ်ဖို့မှ မလိုတာ၊ ရှန်းဟွမ်အကယ်ဒမီက ဒီနှစ်အတောအတွင်းမှာ ပါရမီကြီးတဲ့ မွေးရာပါပါရမီရှင်တွေ အများကြီးကို မွေးထုတ်ပေးနိုင်ခဲ့တယ်လေ။ မနာလိုစရာပဲ၊ ငါတို့ကျောင်းမှာတော့ ဒီလိုလူမျိုးတွေတောင် မရှိဘူး၊ ပြီးတော့ သူတို့ကျောင်းမှာ ကျော်ကြားသူ ခုနစ်ယောက်လုံးနီးပါး ရှိနေတာလေ”
“ကျော်ကြားသူ ခုနစ်ယောက်ကတော့ တကယ်ကို လေးစားဖို့ ကောင်းပါတယ်”
ကျွင်းလင်းက သက်ပြင်းချသည်။
“အခု အားလုံး ခန့်မှန်းနေကြတာက ကျွင်းဟောင်က သေချာပေါက် နံပါတ်(၁) ရမယ်ဆိုတာပဲ၊ ကျောင်းအုပ်က သေချာပေါက် ကျွင်းဟောင်ကို ဝင်ခိုင်းမှာ သေချာတယ်၊ ဒီတော့ ငါတို့အတွက် မလွယ်ကူလောက်ဘူး”
ကျွင်းလင်းက ပြုံးကာ ခေါင်းခါ၏။
“အနိုင်ရဖို့ဟုတ်လား၊ ပြောဖို့က စောပါသေးတယ်”
စွန်းလင်းက ကျွင်းလင်းကို ကြည့်ကာ မေးသည်။
“ဆရာမကျွင်းလင်းက ကျွင်းဟောင် မရနိုင်ဘူးလို့ ထင်လို့လား”
“ကျွန်မ အဲဒီလိုပြောမိလို့လား”
စွန်းလင်း “…”
“ဘာပဲဖြစ်ဖြစ် ဖူရုန်အတွက် ကျေးဇူးပါပဲ”
စွန်းလင်းက ကျေးဇူးတင်စိတ်အပြည့်ဖြင့် ပြောသည်။
“နတ်ဆိုးသမားတော်က ကူညီချင်စိတ်ရှိလို့သာ ကူညီတာပါ၊ နင် သူ့ကိုပဲ ကျေးဇူးတင်ရမယ်”
စွန်းလင်းက ခေါင်းခါသည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဆရာမကျွင်းလင်းကြောင့်ပဲ နတ်ဆိုးသမားတော်က ဖူရုန်ကို သတိပြုမိသွားတာလေ”
ကျွင်းလင်းက ပြုံးရုံသာ ပြုံးနေကာ ဘာမှ ဆက်မပြောခဲ့ပေ။
…
“သခင်လေး ပြန်လာပြီလား၊ ကျောင်းပေါင်းတစ်ရာ တိုက်ပွဲကရော ဘယ်လိုဖြစ်သွားပြီလဲ၊ သခင်လေး ဘယ်လိုတွေးထားလဲ”
ချီဟန်က မေးသည်။
“ဘာမှ မတွေးထားဘူး၊ အဲဒီပွဲက ငါ့အတွက် အကျိုးအမြတ်မှ မရှိတာ”
“အကျိုးအမြတ် မရှိတာတော့ မဟုတ်ဘူး၊ သခင်လေးသာ လုပ်နိုင်မယ်ဆိုရင် ကံကြမ္မာကောင်းတွေ ရမှာပဲ”
ချီဟန်က ပြုံးသည်။
ချီရှောက်ရုန် ချီဟန်ကို တစ်ချက်ကြည့်ပြီးမေး၏။
“ဘယ်လို ကံကြမ္မာကောင်းလဲ”
“ကျောင်းပေါင်းတစ်ရာ တိုက်ပွဲအတွင်းမှာ လောင်းကစားပွဲတွေက အရမ်းကျော်ကြားတာ၊ ဘယ်ဘက်က ဘယ်လောက်ရမလဲဆိုတာကို အကြီးကြီး လောင်းကြတယ်၊ ရှန်းဟွမ်အကယ်ဒမီက နှစ်တိုင်း ပါရမီကြီးတဲ့ ကျောင်းသားတွေကို မွေးထုတ်ပေးနေကြပဲ၊ ဒီတော့ သူတို့ဘက်ကပဲ သေချာပေါက် လောင်းကြလိမ့်မယ်၊ နောက်ပြီး ရှန်းဟွမ်အကယ်ဒမီဘက်ကနေ လောင်းလို့ နိုင်သွားမယ်ဆိုရင် တစ်ဆကို ဆယ်ဆအထိ ပြန်ရမှာ၊ အနည်းဆုံး အကောင်းဆုံး ဆယ်ယောက်ကိုတော့ ဆုံးဖြတ်ချက်ချပြီး လောင်းနိုင်ကြတယ်လေ၊ သခင်လေး တကယ်လို့ ရှန်းကွမ်းအကယ်ဒမီကသာ ရှုံးသွားမယ်ဆိုရင် ရပေါက်ပွင့်လမ်းက မသေးဘူးနော်”
ချီရှောက်ရုန်က လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီးနောက် တွေး၏။
စီးပွားရေးလုပ်လို့ ကောင်းမယ့် ပုံစံပဲ။
ချီဟန်ကလည်း ချီရှောက်ရုန်ကို ကြည့်သည်။
“ဒါပေါ့ သခင်လေးရဲ့ဂုဏ်သိက္ခာက ဆိုးရွားနေတာဆိုတော့ ဒီမှာ စွမ်းအား နည်းနည်းလောက်ပြလိုက်ပြီး သခင်လေးရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့အကောင်းဆုံး အချိန်ပဲ၊ သခင်လေး ဘယ်လိုထင်လဲ”
“ဂုဏ်သိက္ခာက ဘာလုပ်လို့ရလို့လဲ၊ စားလို့ရလို့လား”
ချီဟန်က ချီရှောက်ရုန်ကို ကြည့်ပြန်သည်။
“သခင်လေး ဒါပေမဲ့ သခင်လေးက သခင်လေးကျွင်းကို သဘောမကျဘူးမဟုတ်လား၊ အဲဒီလောက်ခန့်ညားတဲ့ ကောင်လေးက နတ်ဆိုးသမားတော်ကို သဘောကျနေတယ်၊ အပြစ်ကင်းစင်လိုက်တာ”
ချီရှောက်ရုန် ခေါင်းခါရင်း ချီဟန်ကို ကြည့်သည်။
“ငါ ကျွင်းဟောင်ကို တကယ်ပဲ ကန်ထုတ်ပစ်လိုက်ချင်တယ်၊ ဒါက ငါ ကျွင်းဟောင်ကို ကြိုက်တာ မကြိုက်တာနဲ့ လုံးဝ မဆိုင်ဘူး၊ အနိုင်ရတာ မရတာနဲ့လည်း လုံးဝမဆိုင်ဘူး၊ ငါ သူ့ကို နိုင်သွားမယ်ဆိုရင် ပိုက်ဆံရှာနိုင်မယ်၊ ဒီလောက်ပဲ တွေးမိရုံပဲ”
ချီဟန်က ပြောသည်။
“သခင်လေးက ပြိုင်ပွဲဝင်တော့မယ်ပေါ့”
ချီရှောက်ရုန် ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့၊ မင်းက ဒီလိုဖြစ်အောင်ပဲ ပြောပြပေးနေတာ မဟုတ်လား”
…
ချီရှောက်ရုန် ကျောင်းအုပ်၏ ရုံးခန်းသို့ ဝင်လိုက်သည့်အချိန်တွင် ဟူဖုန်းက ခပ်အေးအေး ထိုင်နေခြင်းဖြစ်သည်။ သူက ချီရှောက်ရုန်ကို မြင်သည်နှင့်စိုးရိမ်နေသော အမူအရာမှ ပြုံးသည့် အမူအရာအဖြစ် ပြောင်းသွားသည်။
“ကျောင်းသားချီ ဘာလိုချင်လို့လဲ”
“ကျောင်းအုပ် ကျောင်းအုပ် ကြည့်ရတာ စိတ်ရှုပ်နေတဲ့ပုံပဲ”
ဟူဖုန်းက ပြောသည်။
“လုမင်ဆိုတဲ့အကောင်က မောက်မာနေတယ်လေ”
ချီရှောက်ရုန်က လုမင်ဆိုသည်မှာ ရှန်းဟွမ်အကယ်ဒမီ၏ ကျောင်းအုပ် ဖြစ်ကြောင်း သိထားသည်။ ဟူဖုန်းနှင့်လုမင်တို့က မိတ်ဆွေကောင်းတွေ ဖြစ်ကြသော်လည်း အမြဲတမ်း ကတောက်တဆဖြစ်နေပုံရ၏။
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာ မေးသည်။
“ကျောင်းသားချီက ဘာလိုချင်လို့လဲ”
ချီရှောက်ရုန်က ရွှေရောင်ကတ်တစ်ကတ်ကို ထုတ်လိုက်သည်။ ဟူဖုန်းကိုပေးကာ ပြော၏။
“ဒီထဲမှာ ရွှေပြားတစ်သိန်းရှိတယ်၊ ကျွန်တော် ကျောင်းပေါင်းတစ်ရာတိုက်ပွဲမှာ ဝင်ပြိုင်မယ့် ထိပ်ဆုံးနေရာကို လိုချင်တယ်”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာ စိတ်ရှုပ်သွားသည်။
“မင်း ဘာပြောလိုက်တယ်၊ နောက်ပြီး မင်း ဘယ်သူ့ကို အဲဒီနေရာကို ထည့်ချင်တာလဲ”
“ကျွန်တော်လေ”
“ချီရှောက်ရုန် ကျောင်းပေါင်းတစ်ရာ တိုက်ပွဲဆိုတာက ကလေးကစားတဲ့ပွဲ မဟုတ်ဘူး၊ အဲဒီတိုက်ပွဲစတာနဲ့ မရေမတွက်နိုင်တဲ့ ကံကြမ္မာဆိုးတွေကို ဆောင်ယူပေးနိုင်သေးတယ်”
ဟူဖုန်းက အလေးအနက်ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်၏။
“ကျွန်တော် သိပါတယ်”
ဟူဖုန်းက ရွှေရောင်ကတ်ကိုကြည့်ကာ ချီရှောက်ရုန်ထံသို့ ပြန်တွန်းပေးသည်။ သူက ပြော၏။
“ချီရှောက်ရုန် တော်လိုက်ပါတော့”
“ကျောင်းအုပ် ဒါက မလုံလောက်လို့လား၊ ကျွန်တော် နောက်ထပ် နှစ်သောင်း ထပ်ပေးနိုင်သေးတယ်”
ချီရှောက်ရုန်က လေးနက်စွာ ပြောလိုက်သည်။
ဟူဖုန်းက ဒုက္ခများသွားပုံရ၏။
“ဒါက ရွှေပြားကြောင့် မဟုတ်ဘူး”
ချီရှောက်ရုန်က ဟူဖုန်းကို ကြည့်ကာ ပြန်ပြောသည်။
“ကျွန်တော် နောက်ထပ် ငါးသောင်း ထပ်ပေးမယ်”
ဟူဖုန်း ချီရှောက်ရုန်ကို ကြည့်ကာ ပဟေဠိဖြစ်သွားသည်။
“ကျောင်းသားချီ မင်း ပိုက်ဆံ ဒီလောက်ဖြုန်းနေတာ၊ အသတ်ခံရမှာ မကြောက်ဘူးလား”
ချီရှောက်ရုန်က စားပွဲနောက်သို့ မှီလိုက်ကာ ဟူဖုန်းကို စိုက်ကြည့်သည်။ ထို့နောက် ချီရှောက်ရုန်၏လက်တွင် အနက်ရောင်အလင်းတွေ လင်းလက်လာပြီးနောက် စားပွဲကို ဖိချလိုက်သည့်အခါ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် စားပွဲမှ မီးခိုးတွေ ထွက်လာသည်။
“ကျောင်းအုပ် ရွှေပြားတစ်သိန်းခွဲဆိုတဲ့ ပမာဏက များတယ်ဆိုပေမဲ့ ကျွန်တော့်အတွက်ကတော့ အလကားနီးပါး ရထားတာလေ”
ဟူဖုန်းက အငွေ့တွေ ပျောက်ကွယ်သွားသည့် အချိန်တွင် မရှိတော့သည့်စားပွဲကို ကြည့်လိုက်ကာ ပြုံးလိုက်သည်။
“ကျောင်းသားချီ၊ မင်း ပြောတာ မှန်ပါတယ်၊ ရွှေပြားတစ်သိန်းခွဲဆိုတာက တကယ်တော့ များတဲ့ ပမာဏပါ”
ထို့နောက် သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကျောင်းသားချီ မစိုးရိမ်ပါနဲ့၊ နေရာဆယ်နေရာမှာ နေရာတစ်နေရာအတွက်ကတော့ အဆင်ပြေပါတယ်၊ ကျွင်းဟောင် အဲဒီကောင်စုတ်က သူ ဘာလုပ်ထားသလဲဆိုတာ သူ သိမှာ မဟုတ်ဘူး၊ မင်း လျှို့ဝှက်နယ်မြေမှာ သူ့ကို တွေ့တဲ့အချိန်ကျရင် သေချာပေါက် ကန်ထုတ်ပစ်လိုက်ပါ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...