unicode
အပိုင်း ၆၈
အပြင်ဘက်နယ်မြေတွင်မူ သည်အခြေအနေကို မြင်လိုက်ရကာ အားလုံး ဆူပွက်ကုန်ကြသည်။
“ဟူဖုန်း မင်း အကယ်ဒမီကကျောင်းသားက ဒီလောက် အရှက်မရှိတာပဲလား”
“တိုက်ပွဲနယ်မြေမှာ အရှက်က ဘာအရေးကြီးလဲ၊ အရေးကြီးတာ အနိုင်ရဖို့ပဲ၊ ဒါက ဘဝကို အဆုံးအဖြတ်ပေးနိုင်တယ်၊ မင်းရဲ့ကျွင်းဟောင်ကသာ ဉာဏ်နည်းတာ”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက အသုံးမကျတဲ့တပည့်ကိုပိုင်ဆိုင်ထားတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို မနာလိုဖြစ်နေတာလေ”
နှစ်ဖက်က ရန်သတ်ကြပြန်သည်။
ရှန်းယွမ်က ကျွင်းဟောင်ကိုကြည့်ကာ ပြောသည်။
“အားချန် မင်းအစ်ကိုကြီး ဘာဖြစ်နေတာလဲ၊ သူ အဆင်ပြေပါ့မလား”
ကျွင်းချန်က ခေါင်းခါသည်။
“ငါ ဘယ်သိမှာလဲ”
ကျွင်းရန်ချွမ်က မေးစေ့ကိုပွတ်ကာ ပြောသည်။
“ချီရှောက်ရုန်က ထျန်းလန်အကယ်ဒမီကို နံပါတ်(၁)ရမယ်ဆိုပြီး လောင်းထားတာ မဟုတ်လား၊ ကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပဲ၊ လောင်းကစားဒိုင်က ပိတ်သွားတာ ဆိုးတယ်၊ မဟုတ်ရင် အခုချက်ချင်း သွားလောင်းလိုက်မှာပဲ”
ကျွင်းချန်က သူ၏ ဦးလေးသုံးကို ကြည့်ကာ ဆွံ့အသွားသည်။
ဦးလေးရေ ဦးလေးတူက အထဲမှာ ဒုက္ခရောက်နေတာပါနော်။
ရှန်းယွမ်က နှာခေါင်းပွတ်သည်။ သူ၏အစ်မ ပြောခဲ့စဉ်က သူ မယုံခဲ့ပေ။ သူသာ သတိထားမိခဲ့မည်ဆိုလျှင် ယခုလောက်အထိ ဆိုးရွားလိမ့်မည် မဟုတ်ပေ။
ကျွင်းဟောင်၏လက်တွေက အားနည်းသွားကာ ခြေထောက်တွေကပင် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပုံလျက် လဲကျသွားသည်။ သူက ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။
“ဒီမီးခိုးတွေက မှော်စွမ်းအားကို စုပ်ယူတာလား”
ချီရှောက်ရုန်က ခေါင်းခါသည်။
“ဘယ်လိုဖြစ်နိုင်ပါ့မလဲ၊ ဒါက ဆိုးယုတ်တဲ့နည်းလမ်းပဲ၊ တကယ်တော့ ဒီမီးခိုးက လှုပ်ရှားမှုတွေကို ကန့်သတ်ရုံပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန်က အကန့်အသတ် ရှိတယ်လေ”
ကျွင်းဟောင် “…”
ချီရှောက်ရုန်က အနားသို့ လျှောက်လာကာ ကျွင်းဟောင်၏အနားတွင် ဆောင့်ကြောင့်ထိုင်ပြီး ပြောသည်။
“သခင်လေးကျွင်း သခင်လေးကိုယ်တိုင် ရှာထားတဲ့ ရောင်စုံကျောက်တုံးတွေကို ငါ့လက်ကို အပ်မလား၊ ဒါမှမဟုတ် လူအများအမြင်မှာ သခင်လေးရဲ့အဝတ်တွေအားလုံးကို ဆွဲချွတ်ပြီး ပြပွဲလိုမျိုး ပြလိုက်ရမလား၊ ဒီလိုဆိုရင် သခင်လေးကတော့ သေချာပေါက် ကျော်ကြားသွားတော့မှာပဲ”
ချီရှောက်ရုန်၏အေးစက်သည့် အကြည့်တွေက ကျွင်းဟောင်၏ လက်သို့ ရောက်သွားသည်။ ထိုနေရာတွင်ရှိသည့် လက်စွပ်က သာမန်လက်စွပ်သာလျှင်ဖြစ်ကာ အထဲတွင် မသိုလှောင်နိုင်ပေ။ ချီရှောက်ရုန်၏ အကြည့်တွေက အေးစက်သွား၏။
လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် ရှန်းယွမ်က တုန်ယင်သွားကာ ပြော၏။
“ကျွင်းချန် မင်းအစ်ကိုရဲ့ အရင်ခင်ပွန်းလောင်းကို ကြည့်ပါအုံး၊ ကြောက်ဖို့ကောင်းလိုက်တာ၊ သူက လူမြင်ကွင်းမှာတောင် မင်းအစ်ကိုရဲ့အဝတ်တွေကို ဆွဲချွတ်ပြီး ပြသချင်နေသေးတာ”
ကျွင်းချန် “…”
ကျွင်းချန်၏ အကြည့်တွေက တောက်ပသွားသည်။ သူက သူ့အစ်ကို ထိုသို့ ခံစားနေရပုံကို ကျေနပ်နေပုံရ၏။
ကျွင်းဟောင်က မျက်လုံးပြူးကာ ချီရှောက်ရုန်ကို ကြည့်သည်။ ထိုအချိန်တွင် ကျွင်းဟောင်၏ မျက်ဝန်းထဲမှ အလင်းရောင်တွေ ထွက်လာကာ ချီရှောက်ရုန်ကို ထိမှန်သွား၏။ ကျွင်းဟောင်က စိတ်ဝိဉာဉ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ချီရှောက်ရုန်က ဓါးထက်ထက်ဖြင့် စိတ်ဝိဉာဉ်ကို ထိုးလိုက်သကဲ့သို့ ခံစားရကာ နောက်သို့ လွင့်သွားသည်။ သူ မေ့မတတ်ဖြစ်သွား၏။ သူ အလွန်ဒေါသထွက်ကာ ကျွင်းဟောင်၏အပေါ်ဝတ်ကို ဆွဲဖြဲလိုက်ပြီး အပြင်သို့ ပြလိုက်သည်။
သူက အေးစက်စွာပြော၏။
“သခင်လေးကျွင်းက အေးအေးဆေးဆေး ပြောနေလို့မရဘူးပဲ”
ကျွင်းဟောင်၏ ကောင်းမွန်သည့်ခန္ဓာကိုယ်နှင့် တောက်ပသည့်အသားအရေက နေရောင်တွင် ထွက်လာသည်။ လျှို့ဝှက်နယ်မြေ အပြင်ဘက်တွင်ရှိသည့် ကောင်မလေးတွေ၏ အသံက ဆူညံသွားတော့၏။
“အို့ သခင်လေးက ဒါကို စိတ်မရှိတာ သူ့ရဲ့အသားအရေက အရမ်းကောင်းနေလို့ကိုး”
ကျွင်းဟောင် “…”
ချီရှောက်ရုန်က ကျွင်းဟောင်၏ရင်ဘတ်ကို သူ၏အမှောင်ထုမှော်စွမ်းအားတွေဖြင့် ရိုက်ချလိုက်သည်။
ကျွင်းဟောင် သွေးအန်လိုက်ရ၏။
“သခင်လေးကျွင်းက ရိုက်သတ်လို့ မရတဲ့ ကြမ်းပိုးလိုပဲ”
ကျွင်းဟောင် “…”
“သခင်လေးကျွင်း ပစ္စည်းကို ခပ်မြန်မြန်ပေးလိုက်ရင် ကောင်းမယ်နော်၊ မဟုတ်ရင် ရှိသမျှအဝတ်တွေ အကုန် ချွတ်ပြီး အပြင်ကို ဒီအတိုင်းထွက်ရလိမ့်မယ်”
ကျွင်းဟောင်က အံကိုကြိတ်ကာ ပြောသည်။
“ခါးပတ်ထဲမှာ”
ချီရှောက်ရုန်က ထိုခါးပတ်ကို လက်လှမ်းလိုက်သည့်အချိန်တွင်ပင် အဖြူရောင်အလင်းတွေ လက်သွားကာ နှစ်ယောက်လုံး အပြင်သို့ ရောက်သွားသည်။
အပြင်သို့ ရောက်သွားသည့်အချိန်တွင် နှစ်ယောက်လုံးက ထိုအနေအထားအတိုင်း ဖြစ်နေသည်။
ချီရှောက်ရုန်က အေးစက်စွာ ထရပ်လိုက်ကာ သူ၏ နေရာသို့သွားသည်။ ကျွင်းချန်က ကျွင်းဟောင်ကို ထူပေးကာ ပြော၏။
“အစ်ကိုကြီး အဆင်ပြေရဲ့လား”
“အဆင်ပြေတယ်”
ချီရှောက်ရုန်ကို ကြည့်နေသည့် ကျွင်းဟောင်၏အကြည့်တွေက အလွန်အေးစက်နေသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...