unicode
အပိုင်း ၆၅လျှို့ဝှက်နယ်မြေထဲတွင်....
ချီရှောက်ရုန်က ပုလဲလုံးအထက်တွင် ပေါ်နေသည့်အရာကို ကြည့်သည်။ ချီရှောက်ရုန်၏လုပ်ဆောင်ခြင်းက လျှို့ဝှက်နယ်မြေအပြင်ဘက်ကို ပေါက်ကွဲသွားစေသည်။
“ဖမ်တွန်ပုလဲ ဟူဖုန် မင်း ဘာတွေလုပ်ထားတာလဲ”
လုမင်၏စကားကို ဟူဖုန်းက ဂရုမစိုက်ပေ။ ချီရှောက်ရုန် ထိုလက်ကောက်ကို ကျွင်းဟောင်ကို ပေးခဲ့ချိန်တွင် တစ်ခုခုတော့ရှိမည်ဟု ထင်မိသည့်တိုင် ဒါက နေရာပြကိရိယာတစ်ခု ဖြစ်နေခဲ့သည်။ ချီရှောက်ရုန်က ဉာဏ်ကောင်းလွန်းသည်ဟု သူ ထင်၏။
“ရန်သူရဲ့လုပ်ဆောင်မှုနဲ့ ကိုယ်တိုင်ရဲ့လုပ်ဆောင်နိုင်စွမ်းကို သိထားတာက အကောင်းဆုံးပဲ၊ ဒီလိုမျိုးဆိုရင် တိုက်ပွဲမှာ ဘယ်တော့မှ ရှုံးတော့မှာ မဟုတ်ဘူး။ ကျွင်းဟောင် ဒီကောင်က တကယ် သတိမထားမိဘူး၊ မင်း မင်းတပည့်ကို ဘယ်လို သင်ထားတာလဲ။ အခြားသူက ပေးတာကို သူ မယူသင့်ဘူးဆိုတာ မသိဘူးလား၊ အခုပဲကြည့် လက်ကောက်ကို သူ ကောက်ပတ်ထားလို့ ချီရှောက်ရုန်က နေရာကို သိသွားပြီလေ ဒါက သူ့ကိုယ်သူ အရူးလုပ်တာပဲ”
“ဒါက မင်းရဲ့ကျောင်းသားက လှည့်စားလို့လေ”
“ဒါက မင်းရဲ့ကျောင်းသားကိုက ညံ့ဖျင်းတာလေ”
“ဟူဖုန်း မင်း အသက်ကြီးလာလေလေ အရှက်မဲ့လာလေလေပဲ”
“မင်းကရော အသက်ကြီးလာလေလေ ဉာဏ်နည်းလာလေလေပဲ”
ဟူဖုန်းနှင့်လုမင်တို့က နေ့တိုင်း ရန်ဖြစ်သည်။ သူတို့က အချိန်တိုင်း ရန်ဖြစ်နေကြ၏။
လျှို့ဝှက်နယ်မြေထဲတွင် ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ မျက်လုံးများ မှေးကျင်းသွားသည်။
“သားရဲသခင်တစ်ယောက်ဆိုတော့ သူက တော်တော်လေးကို သန်မာတယ်၊ သူ တစ်ယောက်တည်းနဲ့တင် ရောင်စုံကျောက်တုံးတွေကို ရထားတာ မနည်းနိုင်ဘူး၊ ဒါက သူ့ကို အဆင့်(၁)နေရာကို ရောက်သွားစေနိုင်တယ်၊ သူသာ အဆင့်(၁)ရသွားရင် ငါ့ရဲ့ရွှေပြားသန်းကျော်ကတော့ ဆုံးရှုံးရတော့မှာပဲ”
ချီရှောက်ရုန်က အေးစက်စွာပြောသည်။
ရီဖန်၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွား၏။
“ဒါဆိုဘာလို့ ထျန်းလျန်အကယ်ဒမီကို အဆင့်(၁)ရမယ်ဆိုရင် ရွှေပြားသန်းကျော်ဆိုပြီး လောင်းခဲ့သေးတာလဲ၊ (၁)ကနေ(၅)အတွင်း ဆိုရင်တောင် ပမာဏအများကြီး ရမှာပဲလေ”
“မင်း မသိပါဘူး၊ ထိပ်ဆုံး(၅)နေရာဆိုရင် ပမာဏက ဒီလောက်ထိ မရနိုင်ဘူး။ အခုအတိုင်းဆိုရင် ငါ နိုင်သွားတဲ့အခါ ပထမနေရာလို့ လောင်းထားတဲ့အတွက် ငါရမယ့်ပမာဏက မနည်းဘူး”
ချီရှောက်ရုန်က အေးစက်စွာ ပြောသည်။
ရီဖန်က ရယ်၏။
“သခင်ချီကတော့ အတွက်အချက် တကယ်တော်ပါတယ်၊ ငါ လေးစားတယ်”
“ဒါပေါ့ ပိုက်ဆံအများကြီးရအောင် လုပ်နိုင်နေမှတော့ ပိုက်ဆံနည်းနည်းလေးကို ဘာလို့ အချိန်ကုန်ပြီး လုပ်နေတော့မှာလဲ၊ နောက်ပြီး ဒီကောင်က စေ့စပ်ပွဲကို ဖျက်သိမ်းတုန်းက သူကိုယ်တိုင် မရောက်လာခဲ့ဘူး။ သူက သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ ငါက ဘာမှပြန်မလုပ်တိုင်း သူက အထင်ကြီးနေတယ်”
ချီရှောက်ရုန်က အေးစက်စွာပြောသည်။
ရီဖန် “…”
ရီဖန်က ထိုပုလဲကို ကြည့်ကာပြော၏။
“ကျွင်းဟောင်က ကိုင်တွယ်ဖို့ခက်လိမ့်မယ်၊ ကျွင်းဟောင်ရဲ့ပတ်ဝန်းကျင်းမှာ သားရဲတွေ အများကြီးပဲ”
“သူက အခု အဆင့်မြင့်နယ်မြေကို သွားနေတဲ့ပုံပဲ၊ သူသာ အဆင့်(၈)သားရဲနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာရသွားမယ်ဆိုရင် ငါ့အတွက် အခွင့်ရေးပဲ”
“မင်း အဆင့်(၈)နယ်မြေကို သွားမှာတော့ မဟုတ်ပါဘူးနော်”
ရီဖန်က ချီရှောက်ရုန်ကို မေးသည်။
ချီရှောက်ရုန်က ခေါင်းညိတ်၏။
“ဒါပေါ့ ငါသွားမှာပေါ့”
“ငါ အဖော်ပြုပေးဖို့ လိုအပ်သေးလား”
ချီရှောက်ရုန်က ခေါင်းခါသည်။
“မလိုဘူး ဒါက သူနဲ့ငါကြားက ကိစ္စပဲ၊ ပြီးတော့ မင်းမှာလည်း လုပ်စရာတွေ ရှိနေတယ်မဟုတ်လား”
ရီဖန်က သူ့ကို စိုက်ကြည့်သည်။ သူက ပြော၏။
“ဂရုစိုက်ပါ”
ရီဖန်ကလည်း လုပ်စရာရှိနေပေသည်။ ရီဟောင်နှင့်ရီပင်းတို့က သူ့ကို အမြဲအာရုံနောက်အောင် လုပ်နိုင်သည့်အတွက် ဂရုစိုက်ရန် လိုအပ်ပေ၏။ ထို့နောက် ရီဖန်က ထွက်သွားသည်။
ချီရှောက်ရုန်နှင့် ရီဖန်တို့ လမ်းခွဲလိုက်ပြန်ပြီ။ ချီရှောက်ရုန်က ရီဖန်၏ကျောပြင်ကို ကြည့်နေ၏။
အပြင်တွင်ရှိသည့် ဟူဖုန်းကလည်း မျက်မှောင်ကျုံ့နေသည်။ ရီဖန်နှင့် ချီရှောက်ရုန်တို့၏ဆက်ဆံရေးက သခင်နှင့်ကျွန် ဆက်ဆံရေးနှင့်တောင် တူနေသေး၏။
အပြင်တွင်ရှိသည့် ချီရှောက်ခန်းက ရီဖန်၏ပုံရိပ်ကို ကြည့်ကာပြောသည်။
“ရှန်းယွမ် ဘာလို့ သူ့မှာ မင်းမျက်နှာ ရှိနေတာလဲ၊ လျှို့ဝှက်နယ်မြေထဲမှာ တိုက်ခိုက်ခဲ့တာ ဒီကောင်ပဲ”
ရှန်းယွမ်က ခေါင်းခါသည်။
“ငါ မသိဘူး”
ချီရှောက်ခန်းက မျက်မှောင်ကျုံ့သည်။
“ငါလည်း မသိဘူး၊ ငါ မသိတာက ထားပါတော့ မင်းက ဘာလို့ မသိတာလဲ၊ သူက မင်းရဲ့မျက်နှာကိုတောင် တသီးတသန့် ယူသုံးထားတာလေ”
ရှန်းယွမ်က အံကြိတ်သည်။
“သူ့မှာ အခြားမျက်နှာတွေလဲရှိတယ် ဟုတ်ပြီလား၊ ဒီတိုင်း ချီရှောက်ရုန်က တမင်သက်သက် မသုံးတာပဲ”
ရှန်းယွမ်က ပြောသည်။
ချီရှောက်ခန်းက မျက်မှောင်ကျုံ့၏။
“အဲဒီလိုလား”
သူ ကံဆိုးလွန်းသွားသည် ထင်သည်။
“မင်း ညီနဲ့ ဒီလောက်ရင်းနှီးနေတဲ့ သူမျိုးကို သိချင်ရင် မင်းကိုယ်တိုင် မေးကြည့်သင့်တယ်”
“တိတ်စမ်း”
ချီရှောက်ခန်းက ဒေါသထွက်သွားသည်။
“…”
ရှန်းယွမ် မျက်မှောင်ကျုံ့ လိုက်သေးသည်။ သူ မျက်လုံးကို မှိတ်လိုက်၏။ ချီရှောက်ရုန်က အလွန် အငြိုးအတေး ထားလွန်းသည်။ တစ်ခါက သူ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ဖူးသော်လည်း ယခုချိန်ထိ အငြိုးပြေသေးပုံမရပေ။ အချိန်တိုင်း သူ့ကို တိုက်ခိုက်နေခဲ့၏။
ကျွင်းချန်က လက်သီးဆုပ်ကာ ပြောသည်။
“သေချာပေါက် ကျွန်တော့်အစ်ကိုကြီးကို သွားရှာမှာပဲ၊ ကြည့်ရတာ သူကိုယ်တိုင် ဖော်တဲ့ဆေးကို ကိုယ်တိုင် စားမိတော့မယ် ထင်တယ်”
ရှန်းယွမ်က ကျွင်းချန်ကို တစ်ချက်ကြည့်ကာ ပြောသည်။
“စိုးရိမ်ဖို့မလိုဘူး၊ မင်းရဲ့အစ်ကိုကြီးက သန်မာတယ်။ ကျွင်းဟောင်က ချီရှောက်ရုန်ကို ကိုင်တွယ်နိုင်တယ်၊ သူပဲ ကိုယ်ဖော်တဲ့ဆေးကို ကိုယ် ပြန်စားရလိမ့်မယ်”
လုမင်က လျှို့ဝှက်နယ်မြေထဲရှိ ကျွင်းဟောင်ကိုကြည့်ကာ လက်သီးကို ဆုပ်ထားသည်။
လျှို့ဝှက်နယ်မြေထဲတွင် ကျွင်းဟောင်က မှော်သားရဲကို ထိန်းချုပ်ကာ အဆင့်(၈)သားရဲကို တိုက်ခိုက်ခိုင်းနေသည်။ သူတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။
“ကျောင်းအုပ် ချီရှောက်ရုန်က ကျွင်းဟောင်ကို သွားရှာပြီ”
လုမင်၏ဆရာတစ်ယောက်က ပြောသည်။
“ငါလည်း မြင်တယ် ဟူဖုန်း ဒီမျိုးမစစ်ကောင်”
လုမင်က ကျိန်ဆဲပြန်သည်။
“ကျွင်းဟောင်က ဒီသားရဲနဲ့တိုက်ပွဲမှာသာ ရှုံးသွားရင် သူတော့ ဒုက္ခရောက်ပြီ”
လုမင်၏ကြီးကြပ်သူ တစ်ယောက်က ပြောပြန်သည်။ လုမင်က အံကို ကြိတ်ထားသည်။ ချီရှောက်ရုန်က ကျွင်းဟောင်ကို စောင့်ကြည့်နိုင်စွမ်း ရှိသည်။ ကျွင်းဟောင် ဒဏ်ရာရနေမှသာ သူက ဝင်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ချီရှောက်ရုန်က ကောင်းကောင်း လုပ်ဆောင်နိုင်ပေလိမ့်မည်။
ဒီကောင် ဘယ်လိုတောင် လှည့်စားနိုင်တာလဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒီလောက်ကြံစည်နိုင်နေပြီ။
“ကျောင်းအုပ် ကျွင်းဟောင်က သူ့ကို တကယ်ကန်ထုတ်နိုင်မှာပါနော်”
ကြီးကြပ်သူတစ်ယောက်က ပြောပြန်သည်။ သူ၏အသံက တုန်ယင်နေ၏။
လုမင်က ထိုလူကို လှည့်ကြည့်ကာပြောသည်။
“မင်း ပါးစပ်ပိတ်ထားရင် အကောင်းဆုံးပဲ”
ဟူဖုန်းက လုမင်ရှိရာဘက်သို့ ကြည့်ပြီးရယ်နေသည်။
“လုမင်က အမြဲတမ်း ကြည့်ကောင်းညင်သာတဲ့သူလို့ ပြောကြတာပဲ၊ အခု ကြည့်လိုက်ပါအုံး။ သူ့မျက်နှာပေါ်ကို တောင်ကြီး ပြိုကျနေတဲ့အတိုင်းပဲ စုတ်ပြတ်သတ်နေတာပဲ၊ လုမင်.. လုမင်.. ဒီတစ်ကြိမ်တော့ သူ ကောင်းကောင်းကြီး အရှက်ခွဲခံလိုက်ရပြီ။ အနာဂတ်ကျရင် သူ ဝံပုလွေလို ဟန်ဆောင်ရဲတော့မယ် မထင်ဘူး”
လီဟုန် “…”
“သခင်လေးကျွင်းက ဘယ်လောက်သတ္တိရှိလိုက်သလဲ၊ သူက အဆင့်(၈)သားရဲနဲ့တောင် ရင်ဆိုင်နေတာ”
ကျွင်းဟောင်၏မှော်စွမ်းအင်နှင့် သိုင်းပညာက အလွန်စွမ်းအားကြီးမားလှကာ သာမန်အဆင့်တွေထက် သာလွန်သည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။ ထို့ကြောင့် အဆင့်(၈)သားရဲနှင့် တိုက်ခိုက်နိုင်စွမ်းရှိနေ၏။
“ကျောင်းအုပ် ကျွင်းဟောင်က တစ်ခုခုတော့ တစ်ခုခုပဲ”
လီဟုန်က ပြောသည်။
ဟူဖုန်းကလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ် ဒါပေမယ့် သူ ဘယ်လောက်တော်တော် အဆင့်(၈)သားရဲကို ရင်ဆိုင်နိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ ချီရှောက်ရုန် ကိုင်တွယ်လိမ့်မယ်”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...