အပိုင်း ၄၆
ချီဟန်သည်လည်း ချီရှောက်ရုန်အိမ်တွင် မရှိသည့်အချိန်တွင် ချီဟယ်က ချီရှောက်ရုန်၏ အိမ်တော်အတွင်းသို့ ခိုးဝင်လာခဲ့ပေသည်။ သူက ချီရှောက်ရုန်၏ အခန်းကို အရှုပ်အထွေးလုပ်လိုပေ၏။
သို့ရာတွင် ချီဟယ်နှင့်အဖော်တို့ ချီရှောက်ရုန်၏ အိပ်ခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင်ပင် အမျိုးမျိုးသော တိုက်ကွက်တွေကို ရင်ဆိုင်ရတော့ကာ အဆောင်က ပျက်စီးသွားရလေပြီး သူတို့ ကိုယ်တိုင်လည်း လွင့်ထွက်သွားရတော့ပေသည်။
ချီရှောက်ရုန် စာကြည့်တိုက်ထဲ ရှိနေသည့်အချိန်တွင်ပင် ထိုမတော်တဆမှုက ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
“ကျောင်းအုပ်က ငါ့ကို တွေ့ချင်တယ်ဟုတ်လား”
ချီရှောက်ရုန် မေးလိုက်သည်။
“ဟုတ်ပါတယ်”
ကျောင်းသားတစ်ယောက်က ချီရှောက်ရုန်ကို လာခေါ်ခြင်းဖြစ်သည်။
ချီရှောက်ရုန်က ထိုလာခေါ်သူကို ကြည့်ကာ မေးလိုက်သည်။
“တစ်ခုခု ဖြစ်သွားလို့လား”
“သခင်လေး ချီ၊ သခင်လေး ချီ မသိသေးဘူးလား၊ သခင်လေးရဲ့အိပ်ဆောင်က လူသုံးယောက်ကြောင့် ပျက်စီးသွားပြီလေ၊ အဲဒီသုံးယောက်လုံးကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြတယ်”
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“ငါ့အခန်းထဲက ပစ္စည်းတွေကိုသာ မထိရင် သူတို့ အဆင်ပြေမှာပါ”
ကျောင်းအုပ်၏ ရုံးခန်း။
“ကျောင်းအုပ်၊ သူ ရောက်ပါပြီ”
ချီရှောက်ရုန်ကို လာခေါ်သည့်သူက ပြောသည်။ ထို့နောက် သူက ခပ်မြန်မြန်ပင် ထွက်ပြေးသွားတော့ပေ၏။
“ချီ မင်း ရောက်လာပြီလား”
ဟူဖုန်းက ပြောသည်။
ချီရှောက်ရုန်က ရိုသေလေးစားစွာဖြင့် ဦးညွှတ်ပြီးနောက် ဟူဖုန်းအနားသို့ ရောက်သွားသည်။
“ကျောင်းအုပ်ကို နှုတ်ဆက်ပါတယ်”
“ယဉ်ကျေးနေစရာမလိုပါဘူး၊ ချီရှောက်ရုန် မင်းလည်း သိမှာပေါ့၊ မင်းရဲ့အခန်းထဲကို ဖောက်ဝင်တဲ့ အဲဒီကျောင်းသားတွေက ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်ကြတယ်လေ”
ကျောင်းအုပ်က ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်ကာ ပြော၏။
“ကျွန်တော့်ရဲ့အရှင်ကျောင်းအုပ်ရယ်၊ ကျွန်တော် ဒီကိစ္စကို အခုလေးတင်ပဲ သိလိုက်တာပါ၊ ကျွန်တော်ရဲ့ ကျောင်းဆောင် ဘယ်လိုဖြစ်သွားသလဲဆိုတာတောင် မသိခဲ့ပါဘူး၊ ကျွန်တော့်အခန်းရဲ့ လုံခြုံရေးအတွက် ကျွန်တော်က အကာအကွယ်လွှာတွေ တပ်ဆင်ထားရုံပါ၊ မမျှော်လင့်ထားတာက ဝင်ရောက်ပြီး ခိုးမယ့်လူတွေ ရှိနေမယ်ဆိုတာပဲ၊ အကယ်ဒမီမှာတောင် ဒီလိုလုပ်ရဲတာ၊ သူတို့ တော်တော်လေးကို သတ္တိရှိတာပဲ”
“အဲဒီသူခိုးတွေက ဒီလိုခံထိုက်ပါတယ်၊ ကြားတာတော့ အဆောင်က ပျက်စီးသွားတယ်ဆိုပဲ၊ ကျွန်တော် စိတ်မကောင်းပါဘူး။ဒီမှာ ရွှေပြားတစ်သောင်းပါ”
ဟူဖုန်းက ပြုံးလိုက်သည်။
“ကျောင်းသားချီက တကယ်ကို သိုသိုသိပ်သိပ် နေတတ်ပြီး စိတ်ထားကောင်းမွန်တဲ့ သူမျိုးပဲ၊ ချီဟယ်နဲ့ အဲဒီကောင်တွေက အရမ်းလွန်တယ်၊ မစိုးရိမ်ပါနဲ့ ကျောင်းသားချီ၊ ဒီကိစ္စတွေ အားလုံးကို အကယ်ဒမီက မင်းဘက်ကနေ ရပ်တည်ပေးမှာပါ”
“ထျန်းလန်အကယ်ဒမီက လေးစားရတဲ့ ကျောင်းအုပ်လိုလူမျိုးကို ပိုင်ဆိုင်ပြီးကတည်းက အခြားကျောင်းတွေကို အချိန်မရွေး ကျော်တက်သွားတော့မှာ အသေချာပါပဲ”
ဟူဖုန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။
“ချီ မင်းက အမြင်ကောင်းရှိတာပဲ”
ချီရှောက်ရုန်က လက်နောက်ပစ်ထားကာ နောက်ထပ် ရွှေပြားတစ်သောင်းတန် တစ်ရွက်ထုတ်ကာ ပေးသည်။
“ကျွန်တော့်ရဲ့အဆောင်က ပျက်စီးသွားပြီဆိုမှတော့ ကျွန်တော် နောက်ထပ် အဆောင်တစ်ခုကို ထပ်ငှားပါရစေ၊ ဒီတစ်ခါလည်း ကျွန်တော် သီးသန့်အဆောင်တစ်ခုကို လိုချင်ပါတယ်”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“ချီရှောက်ရုန် မင်းက တကယ်ချမ်းသာတာပဲ”
ဟူဖုန်းက တွေးသည်။ ချီရှောက်ရုန်က ချီမိသားစုတွင် မကျော်ကြားပေ။ ထို့ကြောင့် သည်ပိုက်ဆံတွေက မိသားစုမှ လာခြင်းမဟုတ်နိုင်ပေ။
“ကျွန်တော် နှစ်ပေါင်းများစွာ အဝေးမှာ ပြေးလွှားနေခဲ့ရတာ၊ ဒီတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ထားတာက ပုံမှန်ပါပဲ၊ ဒီပိုက်ဆံက ချီမိသားစုနဲ့ မပတ်သက်ပါဘူး”
ချီရှောက်ရုန်က ပြောလိုက်သည်။
ဟူဖုန်းကလည်း ပြုံးသည်။
“ငါ နားလည်ပါတယ် ကျောင်းသားချီ၊ မင်းမှာ မေးမြန်းစရာရှိရင် အချိန်မရွေး ဆွေးနွေးလို့ ရပါတယ်၊ သူတို့ရဲ့ ကိစ္စကတော့ မစိုးရိမ်နဲ့ ငါဟကိုင်တွယ်လိုက်မယ်”
“ဒါဆို ကျောင်းအုပ်ကိုပဲ အနှောင့်အယှက်ပေးရတော့မှာပဲ၊ ဒါဆို ကျွန်တော် ထွက်သွားပါတော့မယ်”
“ကောင်းပြီ”
ချီရှောက်ရုန် ထွက်သွားပြီး သိပ်မကြာခင်မှာပင် ကျွင်းလင်းက ဝင်လာသည်။
“ကျောင်းအုပ် ချီရှောက်ရုန် အခုပဲ လာသွားတာလား”
“ဟုတ်တယ် ဟုတ်တယ်”
“သူ့ကို ခက်ခဲအောင်တော့ မလုပ်လိုက်ပါဘူးနော်”
ဟူဖုန်းက ကျွင်းလင်းကိုကြည့်ကာ အံ့ဩစွာဖြင့် ပြောသည်။
“ဆရာမကျွင်းလင်းက ကျောင်းသားချီကို အရမ်းဂရုစိုက်နေတဲ့ပုံပဲ”
ကျွင်းလင်းက ပြုံးသည်။
“ဒါပေါ့၊ ဒီကျောင်းဆောင် ပျက်စီးသွားတယ်ဆိုတာက ချီနဲ့မှ မပတ်သက်တာ”
“ကိစ္စမရှိပါဘူး၊ အဲဒီမျိုးမစစ်ဖက်တီးကောင် ချီဟယ်က သီးသန့်ကျောင်းဆောင် မငှားနိုင်တာနဲ့ ချီရှောက်ရုန်ကို ပြဿနာ ရှာတာလေ”
ဟူဖုန်းက စကားကိုရပ်ပြီး ကျွင်းလင်းကိုကြည့်ကာ မယုံနိုင်သလိုပြောသည်။
“ဆရာမကျွင်းလင်း၊ ဆရာမကျွင်းလင်းက သူ့ကို ဘာလို့ စိုးရိမ်နေတာလဲ၊ နောက်ပြီး ဒီကျောင်းသားချီဆိုတာက ကောလဟာလတွေနဲ့ တကယ်ကွာခြားနေပြီး လေးစားဖွယ် ကောင်းနေသေးတယ်၊ ငါက ချမ်းသာတဲ့မိသားစုက အထက်တန်းလွှာအတန်းကို စပြီးတဲ့နောက်မှာ အသုံးမကျတဲ့သူတွေကိုပဲ မွေးထုတ်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် သူကတော့ တကယ်ကွာခြားတယ်၊ ပြီးတော့ သူက အရမ်းကို ချမ်းသာတယ်”
ကျွင်းလင်းက ပြုံးသည်။ သည်ကျောင်းသုံးကျောင်းတွင် ထျန်းလန်ကျောင်းက အဆင်းရဲဆုံး ဖြစ်သည်။ ကျောင်းအုပ်က ရှိသမျှနည်းလမ်းတွေ အသုံးပြုလေပြီး ကျောင်းကို ဆက်လက်ထောက်ပံ့နိုင်ရန်အတွက် ကြိုးစားနေရခြင်း ဖြစ်သည်။
…......
ချီဟယ်က အိပ်ယာပေါ်တွင် လှဲနေသည်။ သူက ညည်းညူနေရ၏။ ချီရှောက်ဖူနှင့် ချီရှောက်ယွီတို့က အနားတွင် ရပ်ကြည့်နေကြသည်။
ချီဟယ်၏အမေက အော်သည်။
“ရှောက်ဖူ၊ ရှောက်ယွီ သေချာပေါက် ဟယ်လေးကို ကယ်ပေးပါအုံး၊ မင်းတို့ရဲ့ စတုတ္ထသခင်လေးက ပြန်ရောက်လာတာနဲ့ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ပြီ၊ ကျောင်းဆောင်လေး သွားလည်မိတာကို ဒီလောက်အထိ လုပ်လိုက်ရသလား”
ချီရှောက်ဖူက မျက်မှောင်ကြုတ်ကာ မသက်မသာ ခေါင်းခါရမ်းသည်။ ချီရှောက်ရုန်၏ သီးသန့်နေရသည့် ကျောင်းဆောင်သို့ ချီဟယ်က ဖောက်ဝင်သွားသဖြင့်သာ သည်လို သင်ခန်းစာ ပေးခံရကြောင်း ချီရှောက်ဖူ သိနေ၏။ ချီဟယ်က မပျော်မရွှင် ဖြစ်သွားလေပြီး ချီရှောက်ရုန်ကိုတောင် သတ်ဖြတ်ရန် ကြံစည်ခဲ့ခြင်းမျိုး ဖြစ်နိုင်သေးသည်။ ချီရှောက်ရုန်ကသာ အဝေးတွင် ရှိမနေခဲ့လျှင် ချီရှောက်ရုန်ကို သူ တစ်ခုခု လုပ်လောက်သေးပေ၏။
ချီရှောက်ဖူက အလွန် သိချင်နေမိသေးပေသည်။ ချီရှောက်ရုန်က မည်သည့်အတွက်ကြောင့် ပိုက်ဆံများစွာ ပိုင်ဆိုင်နေလေပြီး သီးသန့်အဆောင်တွင် ငှားနေနိုင်ကြောင်း သူသည်လည်း သိလိုပါ၏။ သို့သော် ယခုလောက်အထိ သူများကို ဖျက်ဆီးခြင်းမျိုး မလုပ်ခဲ့ပါပေ။
ချီရှောက်ယွီက မျက်မှောင်ကြုတ်ကာ ပြောသည်။
“အစ်ကိုလေးက တော်တော်လေးကို ဆိုးရွားနေတယ်၊ ငါကတော့ သူ့ကို သိုသိုသိပ်သိပ်များ နေမလားလို့ တွေးမိတာ၊ သူက ဒီလောက်အထိ မောက်မာနေသေးတယ်”
ချီရှောက်ယွီက ချီဟယ်ကို မကြိုက်ပေ။ သို့သော် ချီဟယ်က သူမ၏ နောက်လိုက်ဖြစ်သည်။ ထို့ကြောင့် ချီရှောက်ရုန်ကြောင့်ဖြင့် ချီဟယ်ကို မလွှတ်ပေးနိုင်ပါပေ။ ထို့အပြင် ချီဟယ်ကို ထိုသို့ ရိုက်နှက်လိုက်ခြင်းက သူမ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့်တူသည်။
ချီရှောက်ယွီ ချီဟယ်ကို သဘောမကျသည်က ချီရှောက်ရုန်ကို သဘောမကျသည်ထက် နည်းသေးပေသည်။ ချီရှောက်ယွီက ချီရှောက်ရုန် ရှိနေသဖြင့်သာ သူမနှင့်ကျွင်းဟောင်က မစေ့စပ်ရခြင်းဖြစ်ကြောင်း အမြဲတစေ တွေးနေခဲ့ကာ ဒါကပင် ဆိုးရွားသည့် အစိုင်အခဲတစ်ခု ဖြစ်နေခဲ့ပေ၏။
ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို ချစ်နေလေပြီး ချီရှောက်ရုန်နှင့် နတ်ဆိုးသမားတော်က ရင်းနှီးနေကြသည်။ ထို့ကြောင့် ချီရှောက်ယွီက နတ်ဆိုးသမားတော်ကို မုန်းတီးသလို ချီရှောက်ရုန်ကိုလည်း မုန်းတီးပေသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...