unicode
အပိုင်း ၉၈
ရောင်စုံအလင်းတွေက ကွင်းပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေကလည်း ထွက်ပေါ်နေခဲ့၏။
ဟူဖုန်းက စင်မြင့်ပေါ်တွင်ရှိသည့် လူနှစ်ယောက်ကို ကြည့်ကာ ပြောသည်။
“သူတို့ရဲ့အရှိန်နှုန်းနဲ့ စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက မှင်တက်စရာပဲ”
“ဟုတ်တယ်”
လီဟုန်က အားပေးသည်။
ပြောရမည်ဆိုလျှင် ဂါထာများကို ဆက်တိုက် ရွတ်ဆိုနိုင်ခြင်းကပင် သာလွန်နေပြီ ဖြစ်သည်။ ချီရှောက်ရုန်က အဆင့်(၆)မျှသာ ဖြစ်သော်လည်း အကယ်ဒမီမှ အဆင့်(၈) ကြီးကြပ်သူများထက် သာလွန်နေခဲ့သည်။
“ချီရှောက်ရုန်က ခန့်ညားလိုက်တာ”
“ကျွင်းဟောင်က ပိုချောတာ”
“ငါကတော့ ချီရှောက်ရုန်က ပိုချောတယ်ထင်တာပဲ”
ဟူဖုန်းက ပတ်ဝန်းကျင်တွင် ငြင်းခုံနေကြသည့် ကျောင်းသူများကို လှည့်ကြည့်ကာ မုန်းတီးသွားသည်။ ပြိုင်ပွဲက အလွန်ကောင်းနေသော်လည်း ထိုသူများကမူ ရုပ်ရည်ကိုသာ အာရုံစိုက်နေကြ၏။
…......
ကျွင်းမိသားစု..
“မင်း ပြန်လာပြီလား”
ကျွင်းရန်ချွမ်က ကျွင်းဟောင်ကို မေးသည်။
ကျွင်းဟောင်က ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့”
“မင်း ကြည့်ရတာ စိတ်ကောင်းဝင်နေတဲ့ပုံပဲ”
ကျွင်းရန်ချွမ်က ပြောသည်။
ကျွင်းဟောင်က ခေါင်းကို ကုတ်ကာ ကို့ရို့ကားယားဖြစ်နေသည့် အမူအရာဖြင့် ပြော၏။
“ကျွန်တော်ကလား”
“ငါ ကြားတာတော့ မင်းနဲ့ချီရှောက်ရုန်တို့ တိုက်ခိုက်နေကြတယ်ဆို”
ကျွင်းရန်ချွမ်က ပြောသည်။
“သိုင်းပြိုင်တာပါပဲ၊ တကယ်တမ်း တိုက်ခိုက်တာမှ မဟုတ်တာ”
ကျွင်းဟောင်က ပြောသည်။
ကျွင်းရန်ချွမ်က ကျွင်းဟောင်ကို ကြည့်ကာပြော၏။
“မင်း သူ့ကို စမ်းသပ်လိုက်တာ မဟုတ်လား”
“ကျွန်တော့်က ကျွန်တော့်ရဲ့စွမ်းအားကို အဆင့်(၆)ထိ လျော့ချထားတယ်၊ ကျွန်တော်ကသာ အားအကုန် မစိုက်ထုတ်ခဲ့ရင် ကျွန်တော်ရှုံးမှာ သေချာတယ်”
ကျွင်းဟောင်က ပြောသည်။
ကျွင်းရန်ချွမ်က ခေါင်းညိတ်၏။
“ဒါပေါ့ တိုက်ခိုက်တာက ပြဿနာမရှိပေမဲ့ နောက်တစ်ကြိမ် ရှုံးသွားမယ်ဆိုရင်တော့ အဆင်မပြေဘူးပဲ”
ကျွင်းဟောင်”…”
“ငါ သတင်း နည်းနည်းရထားတယ်၊ မင်းလည်း စိတ်ဝင်စားလောက်တယ်။ ငါ မင်းကို ပြောထားတဲ့ အပျက်အဆီး မြစ် ကြေးစားစစ်သား အဖွဲ့ဆိုတာလေ အခု သူတို့အားလုံး အသတ်ခံလိုက်ရပြီ"
ကျွင်းရန်ချွမ်က မပြောင်းလဲသည့် လေသံဖြင့် ပြောလာသည်။
ကျွင်းဟောင်က အကြည့်တွေက စူးရှသွားလျက် ပြောသည်။
“ဘာတွေ ဖြစ်ကုန်တာလဲ”
ကျွင်းရန်ချွမ်က ခေါင်းခါသည်။
“ငါလည်း မသိဘူး၊ မြို့ပြင်မှာ လွှတ်ထားတဲ့လူဆီက သတင်းရထားတာပဲ။ ရလဒ်ကတော့ အားလုံး သေသွားကြပြီတဲ့”
“ဘယ်အချိန်က ဖြစ်သွားတာလဲ”
“ဒီနေ့ပဲ”
“ကျွန်တော် ဒီနေ့တစ်နေ့လုံး ချီရှောက်ရုန်နဲ့အတူ ရှိနေခဲ့တာ သူ ဘာမှ လုပ်ဖို့ အခွင့်အရေး မရှိလောက်ဘူး”
ကျွင်းဟောင်က ပြောသည်။
ကျွင်းရန်ချွမ်က ပြောလာ၏။
“မင်း ကြည့်ရတာ စိတ်လှုပ်ရှားသွားတဲ့ပုံပဲ”
ကျွင်းဟောင် ချောင်းဆိုးတော့မလို ဖြစ်သွားသည်။ သူက ပြောလာ၏။
“အဲဒီကြေးစားစစ်သားတွေက ဘယ်လိုသေသွားတာလဲ”
“အဆိပ်မိတာပဲ၊ တစ်ဖွဲ့လုံးက အဆိပ်ကြောင့် တိတ်တိတ်ဆိတ်ဆိတ် သေသွားခဲ့ကြတာ”
ကျွင်းရန်ချွမ်က ပြောပြသည်။
“အဆိပ်မိတယ် ဟုတ်လား”
ကျွင်းဟောင် မျက်လုံးပြူးသွား၏။
“ဟုတ်တယ်”
အဆိပ်သုံးနိုင်သည့် မှော်ပညာရှင်တွေက ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။ သူတို့က စွမ်းရည် နိမ့်ကောင်းနိမ့်မည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သတ်ဖြတ်နိုင်ကာ အဆင့်(၈)များကိုပင် လွယ်ကူစွာ သတ်နိုင်သည်။ အဆင့်(၉)ဆိုလျှင် အနည်းငယ် ခက်ခဲသော်လည်း သူတို့သတ်နိုင်သေး၏။ အကြောင်းမူကား အဆင့်(၉)တွေက အဆိပ်အများစုကို ဒဏ်ခံနိုင်သောကြောင့် ဖြစ်သည်။
“သူများ ဖြစ်နေမလား”
ကျွင်းဟောင်က တွေးသည်။
ကျွင်းရန်ချွမ်က မေးလာ၏။
“ဘယ်သူလဲ”
ကျွင်းဟောင် ခေါင်းခါသည်။
“ဘာမှ မဟုတ်ပါဘူး”
“သစ်သားမှော်ပညာရှင်နဲ့ အဲ့ဒီကြေးစားစစ်သားအဖွဲ့ အကြောင်းကို မင်း သိချင်လောက်တယ်၊ ငါ စစ်ဆေးကြည့်ထားတဲ့ အတိုင်းဆို အစက သူတို့နှစ်ဖွဲ့က အတူတူ အလုပ်လုပ်ကြတာ၊ မူတင်းရွှမ် အခြေအနေ မကောင်းမှန်းသိတော့ တစ်ဖက်ကြေးစားစစ်သားအဖွဲ့က သစ္စာဖောက်ပြီး သူ့ကို လေလံအိမ်ကို ရောင်းချလိုက်တော့တာပဲ”
ကျွင်းရန်ချွမ်က ခေါင်းခါကာ ပြောသည်။
“သူတို့က ဒီလိုသေဖို့ ထိုက်တန်တာပဲ”
“ဒါပေမယ့် အကုန်လုံး သေသွားတာက လွန်ကဲမနေဘူးလား”
ကျွင်းရန်ချွမ်က ခေါင်းခါသည်။
“ဦးလေးသုံး ကျွန်တော် ချန်မြန်အကြောင်းကို ရှာခိုင်းထားတာကရော အခြေအနေဘယ်လိုရှိလဲ”
ကျွင်းရန်ချွမ်က ခေါင်းညိတ်သည်။
“ချန်မြန်က လျှို့ဝှက်နယ်မြေက ကိစ္စပြီးတဲ့နောက်မှာ အရမ်းကို ကျော်ကြားလာလို့ မိသားစုတိုင်းက သူ့နောက်ခံကို စုံစမ်းခဲ့ကြတယ်၊ ငါလည်း စုံစမ်းခဲ့တာပဲ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ကျောင်းကို ဝင်ရောက်လာခဲ့တယ်၊သူက တိတ်တိတ်ဆိတ်ဆိတ်ပဲနေပြီး သိုသိပ်လွန်းလို့ ဘယ်သူမှ သူ့ရဲ့နောက်ခံကို မသိကြဘူး”
ကျွင်းဟောင် မေးစေ့ကို ပွတ်နေသည်။
“ဘာပဲဖြစ်ဖြစ်ပါ တစ်ချိန်ချိန်ကျရင်တော့ သိရမှာပဲ၊ အခုလောလောဆယ်သာ အတင်း ရှာဖွေလိုက်မယ်ဆိုရင် ချီရှောက်ရုန်က သဘောမကျ ဖြစ်သွားလိမ့်မယ်”
ကျွင်းရန်ချွမ်က ရယ်သည်။
“ဘာလဲ မင်း သူ့ကို ကြောက်လို့လား”
ကျွင်းဟောင်က ကို့ရို့ကားယား ရယ်ကာပြော၏။
“မဟုတ်ပါဘူး ဘာလို့ ကြောက်ရမှာလဲ”
ကျွင်းရန်ချွမ်က ကျွင်းဟောင်၏ပုခုံးကို ပုတ်သွားသည်။ သို့သော် ဘာစကားမှ ပြောမသွားခဲ့ပေ။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...