Part 91

6.3K 881 5
                                    

unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၉၁
ချီမိသားစု
ချီရှောက်ခန်းက တိုက်ခိုက်နေသည့် ချီရှောက်ရုန်၏ ပုံရိပ်ကို ကြည့်ကာ ပြောသည်။
“ငါတောင် သူ့လောက် မတော်ဘူး”
ချီရှောက်ခန်း မျက်လုံးကို မှိတ်လိုက်သည်။ လျှို့ဝှက်နယ်မြေထဲတွင် ချီရှောက်ရုန်ကို ရှုံးခဲ့သည့်အတွက် သူ နေမထိထိုင်မသာ ဖြစ်ခဲ့ကာ ကလဲ့စားချေလိုခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့် သူ အကောင်အထည် မဖော်ခဲ့ရသေးခြင်း ဖြစ်သည်။ ယခုမူ အကောင်အထည် ပေါ်လာတော့မည် မဟုတ်တော့ပေ။
ချီရှောက်ခန်းက သူ ပြဿနာမရှာမိခဲ့ခြင်းကိုပင် ကျေးဇူးတင်မိသွားသည်။ မဟုတ်လျှင် ချီရှောက်ရုန်ကဲ့သို့ အမှတ်ကြီးသူအနေဖြင့် အစ်ကိုကိုလည်း ဂရုမစိုက်ဘဲ အလကားသတ်သတ် ရိုက်ပေးလိုက်မှာပင်။
ချီရှောက်ဖူ၏ ခံစားချက်ကမူ ရှုပ်ထွေးနေသည်။ လျှို့ဝှက်နယ်မြေက ချီရှောက်ရုန်က သူ့ကို အံ့သြစေလျှင် ယခုကမူ သူ့ကို ကြောက်လန့်မိစေလေသည်။
အဆင့်ခြောက်တစ်ယောက်က အဆင့်ရှစ်နှင့် တိုက်ခိုက်နိုင်ခြင်းမှာ မယုံနိုင်စရာ ကောင်းလှသည်။ ပြင်ပ အကူအညီ ယူသော်ငြား အခြားသူဆိုလျှင် ထိုသို့လုပ်နိုင်မည် မဟုတ်ပေ။
“ချီရှောက်ရုန်က နတ်ဆိုးသမားတော်လို့ ကျွန်တော် ကြားထားတယ်”
ချီရှောက်ဖူက ပြောသည်။
“ငါလည်း ဒါက မှန်မယ်လို့ထင်တယ်။ လူတိုင်းက နတ်ဆိုးသမားတော်ကို လျှို့ဝှက်စောင့်ကြည့်နေကြတာလေ။ ဒါပေမဲ့ နတ်ဆိုးသမားတော်က အမြဲတမ်း လေထဲ ပျောက်သလို ပျောက်ပျောက်သွားတယ်။ တကယ်တော့ နတ်ဆိုးသမားတော်က ပျောက်သွားပြီး ငါတို့ စတုတ္ထညီငယ် ဖြစ်သွားတာပဲ”
“ဟုတ်လောက်မယ်။ ကျွန်တော်တို့ စတုတ္ထညီငယ်က မေးတဲ့သူတိုင်းကို သူနဲ့ နတ်ဆိုးသမားတော်က အရမ်းရင်းနှီးလွန်းလို့ တစ်အိပ်ယာထဲတောင် အတူ အိပ်တာလို့ ပြောတာ”
ချီရှောက်ခန်း:”…”
ချီရှောက်ဖူ ခေါင်းကုတ်နေသည်။ ကံကောင်းသည်က သူနှင့် နတ်ဆိုးသမားတော်က မရင်းနှီးသည့်အတွက် နတ်ဆိုးသမားတော်၏ ရှေ့တွင် ချီရှောက်ရုန်၏ မကောင်းကြောင်းကို မပြောခဲ့ဖူးပေ။ သို့သော် ကျွင်းချန်ကမူ ဆက်တိုက် ပြောတတ်၏။ သူ ကျွင်းချန်အတွက် အမွှေးတိုင် ထွန်းပေးချင်သွားသည်။
နန်းတော်ထဲတွင်…
ထန်းထျန်းရင်က ကျွင်းဟောင်ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောသည်။
“အားဟောင် မင်း နောက်ဆုံးတော့ ရောက်လာပြီ။ ငါ မင်းကို ဒုက္ခထပ်ပေးရတော့မှာပဲ။ အဲဒီ အဆင့်ရှစ်ခြင်္သေ့က တော်တော်လေး ခက်ထန်နေတယ်။ လူတွေကိုတောင် ဒဏ်ရာရအောင် လုပ်ထားတယ်လေ။ တော်ဝင် သားရဲသခင် အကြီးအကဲက ခရီးထွက်သွားတော့ တော်ဝင်နန်းတော်ထဲမှာ ကိုင်တွယ်မယ့်သူ မရှိတော့ဘူး”
“ကိစ္စငယ်လေးပါ”
ထန်းထျန်းရင် လက်နောက်ပစ်လိုက်သည်။ ကျွင်းဟောင်၏ အကြည့်ကြောင့် သူ မသက်မသာ ခံစားနေရ၏။
ကျွင်းချန်က ကျွင်းဟောင်၏ အနောက်တွင် ပုန်းနေပြီး အချိန်တိုင်း ထန်းထျန်းရင်ကို ချောင်းကြည့်နေသည်။
ထန်းထျန်းရင်က မေးသည်။
“အားချန် ဘာဖြစ်နေတာလဲ”
ကျွင်းချန်က ခေါင်းခါသည်။
“ဘာမှ မဖြစ်ပါဘူး”
အရင်က ထန်းထျန်းရင်သာ ချီရှောက်ရုန်ကို ရသွားရင် သူ့အစ်ကိုကြီး ပြိုင်ဘက်လျော့တယ်လို့ တွေးခဲ့တာ။ ဘာပဲဖြစ်ဖြစ် ချီရှောက်ရုန်က လူဆိုးကောင်ဖြစ်ပေမဲ့ ထန်းထျန်းရင်ကတော့ လူကောင်းလေ။ ထိုအချိန်က ချီရှောက်ရုန်ကို မရခဲ့လို့ သူ့ကို အသုံးမကျဘူးလို့တောင် ထင်ခဲ့သေးတယ်။ ဒါပေမဲ့ အခုအတိုင်းဆိုရင် သူ မရခဲ့တာကမှ ကောင်းသေးတယ်။ မဟုတ်ရင် အစ်ကိုကြီးမှာ ပြိုင်ဘက်က ရှိနေဦးမှာပဲ။
“စတုတ္ထမင်းသား ကျွန်တော်ကြားတာတော့ မင်းသားက ချီရှောက်ရုန်ကို ဝန်ခံခဲ့သေးတယ်ဆို”
ထန်းထျန်းရင်က ခါးသီးစွာ ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ ချီရှောက်ရုန်က သူနဲ့ နတ်ဆိုးသမားတော်က ချစ်နေကြတယ်ဆိုပြီး ငြင်းခဲ့တာလေ”
ယခုအချိန်မှ ပြန်တွေးကြည့်လျှင် ချီရှောက်ရုန်က သူ့လို မင်းသားလို သာမန်ကာလျှံကာ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ဒါက အရှက်ခွဲခံရခြင်းလည်း ဖြစ်သည်။
“စတုတ္ထမင်းသား ဝမ်းမနည်းပါနဲ့”
ကျွင်းချန်က ပြောသည်။
“ငါ အဆင်ပြေပါတယ်”
သူ ချီရှောက်ရုန်အပေါ် ခံစားချက်ရှိပေမဲ့ ထိန်းလို့မရတဲ့အဆင့်တော့ မဟုတ်သေးပါဘူး။ နောက်ပြီး သူက မင်းသားဆိုပေမဲ့ ကျွင်းမိသားစုရဲ့ ဆက်ခံသူကိုတော့ ရန်မစရဲဘူး။
ကျွင်းချန်က ယခုထိ စကားမဆိုသေးသည့် ကျွင်းဟောင်ကို ကြည့်ကာ မည်းမှောင်စွာ ပြောသည်။
“နတ်ဆိုးသမားတော်က တကယ့်လူပဲ။ သူက ငယ်ငယ်လေးရှိသေးတာကို ကျွန်တော့်ကိုတောင် အကြီးအကဲလို့ ခေါ်ခိုင်းလိုက်သေးတယ်”
ကျွင်းချန် မကျေနပ်တော့ပေ။ ချီရှောက်ရုန်က အစ်ကိုကြီးထက် တစ်နာရီတောင် ငယ်တာကိုများ အစ်ကိုကြီးက နို့နံ့မစင်ဘူး၊ အမွှေးတောင် မစုံသေးဘူး၊ အတွေ့အကြုံနုတယ် ဘာညာ လျှောက်ပြောခဲ့သေးတယ်။
ကျွင်းဟောင်က ရုတ်တရက် ခေါင်းမော့ပြီး ထန်းထျန်းရင်ကို ကြည့်ကာ ပြောလာသည်။
“စတုတ္ထမင်းသား ချီရှောက်ရုန်က သာမန်ပါပဲ။ ဆိုရိုးစကားတောင် ရှိသေးတာပဲ။ လောကရဲ့အဆုံးသတ်မှာတောင် မြက်တွေက တည်ရှိနေဦးမှာပဲ။ ချီရှောက်ရုန်လို လူမျိုးအတွက်နဲ့ မင်းရဲ့အချိန်တွေကို အကုန်မခံသင့်ဘူး”
ထန်းထျန်းရင်:” …..”
ကျွင်းဟောင် မင်းက မင်းအတွက် မင်း ပြောနေတာပဲ။
“ဟင်း ငါလည်း ချီရှောက်ရုန်က လိုက်ရခက်တယ်လို့ တွေးမိပါတယ်။ ဒါကြောင့် နတ်ဆိုးသမားတော်ရဲ့ အကြံအတိုင်း နောက်ဆုတ်မလို့ပါပဲ”
“နတ်ဆိုးသမားတော်က အမြဲတမ်း မှန်တယ်”
ကျွင်းဟောင်က ပြောသည်။
ထန်းထျန်းရင်:”…”
သူ အရင်က ဘာလို့ မသိခဲ့တာလဲ။ ကျွင်းဟောင်က လူဆိုးတွေရဲ့ ခေါင်းဆောင်ပဲ။ ဟင်း ချီရှောက်ရုန်ဆီက အနှိပ်စက်ခံရတာနဲ့ပဲ တန်တယ်။
------
ထျန်းလန်အကယ်ဒမီ
ချီရှောက်ရုန်က ချီယွမ်ကို ရိုက်နှက်ပြီးနောက်တွင် ဟူဖုန်းက ချီရှောက်ရုန်ကို သူ့ခြံဝန်းအနီးတွင် လာနေစေသည်။
“ကျောင်းသားချီ”
ဒုကျောင်းအုပ် လီဟုန်က ဆရာမတစ်ယောက်နှင့်အတူ ဝင်လာသည်။
ထိုဆရာမကို ချီရှောက်ရုန်သိသည်။ သူမက အလွန်လှသော်လည်း ညာဘက်ပါးတွင် မွေးရာပါအမှတ်ကြီးရှိရာ အလှ ဖျက်နေသည်။
လီဟုန်က ပြောသည်။
“ကျောင်းသားချီ မင်းနဲ့ နတ်ဆိုးသမားတော်က ရင်းနှီးကြတယ်ဆို”
“ဒါပေါ့၊ ကျွန်တော်တို့က အတူတောင် အိပ်တာလေ”
“ဒါဆို သူ သိတာတွေလည်း မင်း သိမှာပေါ့”
ချီရှောက်ရုန်ကို ဆံပင်ကို သပ်လျက်ဖြေသည်။
“မွေးရာပါ အမှတ် ဖယ်ဖို့ မဟုတ်လား။ လွယ်ပါတယ်”
လီဟုန်က ပြောသည်။
“ငါတို့အကယ်ဒမီရဲ့ ဆရာမက ဆင်းရဲတော့ မင်း ဈေးလျှော့ပေးသင့်တယ်”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဒါပေါ့။ ကျွန်တော်လည်း ဒီက ကျောင်းသားပဲလေ”
ပျင်းရိနေသည့် ချီရှောက်ရုန်က စီးပွားရေး လမ်းကြောင်းပွင့်လာမှန်း သိသည့်အတွက် အကယ်ဒမီတွင် အဆောင်တစ်ခုဌားကာ အလှအပ ခွဲစိတ်ပြုပြင်ခြင်းဌာနကို ဖွင့်လိုက်သည်။
နဂိုကမူ အများစုက ဆင်းရဲလွန်းနေမည်ကို သူ စိုးရိမ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မှ မြို့တော်မှ လူများ ဖြစ်သည့်အလျောက် အလွန် သုံးစွဲနိုင်မှန်း သိလာရသည်။ အများစုက ကျော်ကြားသည့် နောက်ခံများကို ပိုင်ဆိုင်ထားကြသည်။
ချီရှောက်ရုန်က ကျောင်းသူတစ်ယောက်၏ မျက်အိမ်ကို ချဲ့ပေးနေချိန်တွင် ရီဖန်က ဝင်လာသည်။ သူက တံခါးတွင် ကျောကပ်ရပ်လျက် တံခါးကို ခေါက်သည်။
“ကျွင်းမိသားစု တတိယသခင် ရောက်နေတယ်”
“ကျွင်းရန်ချွမ်လား၊ သူက ဘာလာလုပ်တာလဲ”
“မင်းကို တွေ့ချင်နေတဲ့ပုံပဲ”
“ငါလား။ သူက နေကောင်းသွားပြီ မဟုတ်ဘူးလား”
ရီဖန်:”…”
“နေပါဦး၊ ကျွင်းရန်ချွမ်က ကျောင်းနေတဲ့အရွယ်လည်း ကျော်သွားပါပြီ။ သူ့ကို ကျောင်းအုပ်က ကျောင်းထဲ ဘာကိစ္စနဲ့ ဝင်ခွင့်ပြုလိုက်တာလဲ။ ဆွဲမထုတ်လိုက်ဘူးလား”
ကျောင်းသူလေးမှာ တုန်ယင်သွားရာ ချီရှောက်ရုန်က ပြောလိုက်သည်။
“ဟေး မင်း ငြိမ်ငြိမ်နေသင့်တယ်။ မဟုတ်ရင် အမာရွတ် ကျန်သွားလိမ့်မယ်”
ထိုအခါမှ ထိုကျောင်းသူလည်း ငြိမ်သွားသည်။
ရီဖန်က ပြောသည်။
“အခုက မတူဘူးလေ”
“ဘာ မတူတာလဲ။ ချီမိသားစုက လူကို ငါ ရိုက်နှက်လိုက်တယ်လေ။ ဒါပေမဲ့ ကျွင်းမိသားစုကိုတော့ ကျောင်းအုပ်က ဝင်ခိုင်းတယ်လား။ မိသားစုကြီး လေးခုကို မျှမျှတတ ဆက်ဆံသင့်တယ်”
ရီဖန်က ခေါင်းခါနေသည်။
“ကျွင်းရန်ချွမ်က အကယ်ဒမီကို ဆယ်သန်း လှူထားတယ်”
“တကယ်လား”
“အင်း”
“များသားပဲ”
“…”
“ပြီးပြီ”
ကျောင်းသူလေးက ချက်ချင်း ထရပ်ကာ ကြည်လင်သော မှန်ကို ကြည့်သည်။ သူမက ပိုပြီး ကြည့်ကောင်း သွားကြောင်း မြင်သည့်အခါ ကျေးဇူးတင်စကားဆိုပြီး ထွက်သွားလေသည်။
ခေတ်သစ်လောက် ဆေးပစ္စည်း မထွန်းကားပေမဲ့ ဒီလောကမှာ တစ်ခါတည်း သက်သာသွားကြတယ်။ အရင်လောကမှာဆို ရက်အနည်းငယ်လောက် အနားယူကြရမှာပဲ။
ရီဖန်က သူ့ကို ကြည့်သည်။
“သခင်လေးရဲ့ စီးပွားရေးက အဆင်ပြေနေတဲ့ပုံပဲ”
“ဒါပေါ့ အခုက အင်ပါယာမြို့တော်လေ”
အကယ်ဒမီတွေထဲတွင် ထျန်းလန်က ဆင်းရဲသော်လည်း လူတိုင်းက ဆင်းရဲသည်တော့ မဟုတ်ပေ။
“သခင်လေး သွားတွေ့မှာလား”
“ဒါပေါ့။ သူက ကိုယ်တိုင်ရောက်လာမှတော့ ငါက လျှော့ဈေးပေး၇မှာပေါ့”
“…”
********

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now