အပိုင်း၅၀
ချီရှောက်ရုန်က နတ်ဆိုးသမားတော်၏ မွေးစားခြင်းခံထားရသည်ဆိုသည့် ပုံပြင်က အကယ်ဒမီတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။ ချီရှောက်ရုန်က နေ့အချိန်တွင် စာကြည့်တိုက်တွင်သာ ပုန်းအောင်းနေသည့်အတွက် ဖြစ်ပျက်နေသည့်မုန်တိုင်းတွေက ချီရှောက်ရုန်အပေါ် သက်ရောက်မှု မရှိတော့ပါပေ။
ချီရှောက်ရုန်က နတ်ဆိုးသမားတော်၏ မွေးစားခြင်းခံထားရသည်ဆိုသည့် သတင်းကလည်း မိသားစုထံသို့ ပျံ့နှံ့သွားတော့ပေသည်။
ချီမိသားစုမှ အကြီးအကဲတွေအားလုံးက မကျေမနပ်ဖြစ်ကြတော့ပေကာ ချီရှောက်ရုန်ကို မိသားစုမှ ဖယ်ထုတ်လိုက်သည်။ သည်အကြောင်းကို ကြေညာကြသေးကာ အကယ်ဒမီမှလည်း နှင်ထုတ် ခိုင်းထားတော့ပေ၏။
ချီမိသားစု။
ချီရှောက်ဖူက ချီရှောက်ယွီကို ကြည့်ကာ မကျေမနပ်ပြောသည်။
“ရှောက်ရုန်ကို နတ်ဆိုးသမားတော်က ဒီလောက်အထိ ပစားပေးထားတယ်ဆိုတဲ့ သတင်းကို မင်း ဖြန့်လိုက်တာ မဟုတ်လား”
“ငါ မဖြန့်ပါဘူး”
ချီရှောက်ယွီက ခေါင်းကိုမော့ကာ ပြောသည်။
“မင်းရယ်၊ ငါရယ်ပဲ သိထားတာကို သေချာပေါက် မင်းမဖြန့်ရင် ငါ ဖြန့်တာလား”
ချီရှောက်ယွီက ချီရှောက်ဖူကို ကြည့်ကာ ပြောသည်။
“အစ်ကို(၃) အစ်ကို(၃) ဘာဖြစ်နေတာလဲ၊ ဘာလို့ ငါ့ဘက်က မရပ်တည်ဘဲနဲ့ သူ့ဘက်က ရပ်တည်နေရတာလဲ”
ချီရှောက်ဖူက အင်္ကျီလက်ကို ခါရမ်းလိုက်ကာ ပြောသည်။
“မင်း လုပ်တာ မှားတယ်လို့ ငါ ထင်တယ်”
“ငါက ဒီပုံပြင်ကို မဖြန့်ရင်တောင်မှ ဒီကောလဟာလက မှားနေတာမှ မဟုတ်တာ၊ သူကိုယ်တိုင် ပြောခဲ့တာပဲလေ၊ သူကိုယ်တိုင် ဒီလိုဖြစ်နေတယ်လို့ သူ ကိုယ်တိုင် ပြောခဲ့တာ”
ချီရှောက်ဖူ၏ အမူအရာ ဆိုးရွားသွားသည်။
“ကြည့်ရတာ ဒီကိစ္စကြောင့် ညီလေးက ခံစားနေရလိမ့်မယ်၊ ငါကတော့ သူ နောက်နေတာလို့ပဲ ထင်တယ်”
“သူ နေတဲ့ခြံဝန်းကို ကြည့်လိုက်စမ်းပါ၊ တစ်နှစ်ကို ရွှေပြား သောင်းကျော်ပေးရတာနော်၊ သူကသာ နတ်ဆိုးသမားတော်နဲ့ ပတ်သက်မှု မရှိရင် တစ်ဖက်က ပေးမှာတဲ့လား”
ချီရှောက်ယွီက မကျေမနပ်ပြောသည်။
ချီရှောက်ဖူက မျက်မှောင်ကြုတ်သည်။
“အခု ချီရှောက်ရုန်က မိသားစုက ဖယ်ထုတ်ခံလိုက်ရပြီ၊ မင်း ကျေနပ်ပြီလား”
“သူ့ရဲ့ဂုဏ်သိက္ခာ ကျသွားတော့ရော ဘာဖြစ်လဲ၊ သူက တန်တာပဲလေ၊ သူက မိသားစုကို သူ့ကြောင့်နဲ့ ဂုဏ်သိက္ခာကျအောင် တစ်ချိန်လုံး လုပ်နေခဲ့ပြီးပြီပဲ”
ချီရှောက်ယွီကလည်း အေးစက်စွာပြောသည်။
ချီရှောက်ဖူက ချီရှောက်ယွီကို ကြည့်ရင်း ကူကယ်ရာမဲ့သွား၏။
“ငါ မင်းနဲ့စကားကို ဆက်မပြောချင်တော့ဘူး”
ချီရှောက်ယွီက ချီရှောက်ဖူ၏ ကျောပြင်ကို ကြည့်ကာ ခြေဆောင့်သည်။
“အစ်ကို(၃)… မျိုးမစစ်”
ချီရှောက်ယွီက ချီရှောက်ဖူ၏ ကျောပြင်ကိုကြည့်ပြီး အံကိုကြိတ်သည်။ ချီရှောက်ရုန်လို အရှုံးသမားတစ်ယောက်ကို ဘာလို့ ကာကွယ်ပေးနေကြတာလဲ။
ထျန်းလန် အကယ်ဒမီ။
ချီရှောက်ရုန်က စာကြည့်တိုက်ထဲမှ ထွက်လာသည့်အချိန်တွင် ချီရှောက်ဖူက အဆောင်ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။
“အစ်ကို(၃) ဘာလို့ ရောက်လာတာလဲ”
ချီရှောက်ရုန်က မေးလိုက်သည်။
ချီရှောက်ဖူက ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။
“စိတ်မကောင်းပါဘူး၊ ငါ မင်းကို မိသားစုရဲ့အပြစ်ဒဏ်ကို လာပို့တာပါ”
ချီရှောက်ရုန်၏ မျက်နှာက တည်ငြိမ်နေကာ ပြောသည်။
“တကယ်လား ပြပါအုံး”
“မင်းကို မိသားစုက ဖယ်ထုတ်လိုက်ပြီ”
“ဒါအမှန်ပဲလား”
ချီရှောက်ရုန်က မေးလိုက်သည်။
ချီရှောက်ဖူက ခေါင်းကို မသက်မသာခါကာ ပြောသည်။
“စတုတ္ထညီလေး အရမ်းကြီး မကြိုးစားပါနဲ့၊ ငါ့အနေနဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိမယ်လို့ ထင်တယ်၊ မင်း မိသားစုကိုသွားပြီး အဖေ့ကို ဝန်ခံလိုက်ပါ၊ ဒါမှမဟုတ် အဖေက ပြန်လည်ပြီး …”
ချီရှောက်ဖူက ခေါင်းကို ငုံ့ထားသည်။ သူက သည်ကိစ္စအတွက်ကြောင့် ဝမ်းနည်းနေပုံရပေသည်။
ချီရှောက်ရုန်က ရယ်လိုက်သည်။
“ဘာလို့ ဒါကို ခက်ခဲအောင် လုပ်နေတော့မှာလဲ”
သူ မိသားစုကနေ အထုတ်ခံရဖို့ အခွင့်အရေးက နှစ်ခါမရှိနိုင်ဘူး၊ မဟုတ်ရင် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အားလုံးကို မိသားစုက ထိန်းချုပ်သွားတော့မှာလေ။
ချီရှောက်ရုန်က အလှကုန်ပစ္စည်းဆိုင်ပေါင်းများစွာ ပိုင်ဆိုင်ထားကာ နေ့တိုင်း နေ့တိုင်း သူ ရှာဖွေနိုင်သည့် ပိုက်ဆံပမာဏက အလွန်များပြားသည်။ ထို့ကြောင့် သူ၏ နောက်ခံသာ ပေါ်သွားမည်ဆိုလျှင် မိသားစုက လာရောက်သိမ်းယူမည်ကို စိုးရိမ်နေရခြင်းဖြစ်ပေ၏။
ချီရှောက်ဖူက ချီရှောက်ရုန်ကို ကြည့်သည်။ ချီရှောက်ရုန်၏ မျက်နှာက ဝမ်းနည်းနေမှုတွေ မမြင်ရသည့်အပြင် ပျော်ရွှင်မှုကိုတောင် ဖမ်းဆုပ်လိုက်နိုင်သေးပေ၏။
“ညီလေး မင်းက မိသားစုကနေ နှင်ထုတ်ခံချင်နေတာတော့ မဟုတ်ပါဘူးနော်”
ချီရှောက်ရုန်က ချီရှောက်ဖူကို ကြည့်ကာ ပြုံးရင်းပြောသည်။
“အစ်ကို(၃) ဘာလို့ ဒီလို ပြောရက်ရတာလဲ၊ မိသားစုက နှင်ထုတ်ခံရတာ ကိစ္စကောင်းမှ မဟုတ်တာ”
ချီရှောက်ဖူက ခေါင်းညိတ်သည်။
“အမှန်ပဲ၊ မိသားစုက နှင်ထုတ်ခံရတာက ကိစ္စကောင်းမဟုတ်ဘူး”
“…”
“အခု ဒီစကားတွေက ပျံ့နှံ့သွားပြီ၊ မင်းက နတ်ဆိုးသမားတော်ရဲ့ ပစားပေးခြင်း ခံရတယ်ဆိုပြီး အားလုံး သိနေကြပြီ၊ ကျွင်းဟောင်ကတော့ မင်းကို လာရှာတော့မယ်ထင်တယ်”
“ကျွင်းဟောင်က ဘာလို့ လာရှာမှာလဲ”
“ကျွင်းဟောင်က သူ့ရဲ့ပြိုင်ဘက်ကို တွေ့မှတော့ လာရှာတော့မှာပေါ့”
“ကျွင်းဟောင်က သူက တကယ်ပဲ နတ်ဆိုးသမားတော်ကို ကြိုက်နေတာလား”
“ဒါပေါ့”
ချီရှောက်ရုန် ခေါင်းခါသည်။
“ကြည့်ရတာ တစ်ရက်မှာ ကျွင်းဟောင် အားလုံးက သိသွားမယ်ဆိုရင် နောင်တရနေတော့မှာပဲ”
“ကျွင်းဟောင်က အဲဒီလိုလူမျိုးမှ မဟုတ်တာ၊ စတုတ္ထညီလေး မိသားစုက မင်းကို ဖယ်ထုတ်လိုက်ပေမယ့် ငါက မင်းရဲ့အစ်ကို ဖြစ်နေတုန်းပါပဲ၊ ဒါကြောင့် မင်းလိုအပ်တာရှိရင် ငါ့ကို လာရှာနိုင်တယ်”
“ကောင်းလိုက်တာ အစ်ကို(၃) ကျွန်တော် အခု သုံးစရာမရှိဘူး ဖြစ်နေတာ အစ်ကို့ရဲ့အကူအညီ လိုအပ်တယ်”
“ညီလေးက ဘယ်လောက်လိုတာလဲ”
“တစ်သိန်းပါ”
“ရွှေပြားလား”
“ဟုတ်တယ်၊ ဘယ်သူက ငွေပြားကို လိုချင်မှာလဲ”
ချီရှောက်ဖူက အံကိုကြိတ်ကာ ပြောသည်။
“မင်းရဲ့အစ်ကို(၃)က တစ်လမှ ရွှေပြားနှစ်ရာပဲ ရတာလေ”
ချီရှောက်ရုန်က ရယ်သည်။
“အစ်ကို(၃) ကျွန်တော် နောက်နေတာပါ”
ချီရှောက်ဖူ “…”
နောက်တာ ဟုတ်လား၊ ငါတော့ ခံစားသွားရပြီ။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...