Part 55

6.2K 916 11
                                    

အပိုင်း ၅၅

ကျွင်းလင်းနှင့်ချီရှောက်ရုန်တို့ လမ်းမပေါ်တွင် အတူ လမ်းလျှောက်နေကြသည်။
“နင်တကယ်ပဲ ကျောင်းပေါင်းတစ်ရာတိုက်ပွဲကို သွားဖို့ ဆုံးဖြတ်လိုက်တာလား”
ကျွင်းလင်းက ပြောသည်။
ချီရှောက်ရုန်က ပြုံး၏။
“စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်ဘူးလား”
ကျွင်းလင်က ခေါင်းညိတ်နေသည်။
“ဒါပေါ့”
“အစ်မကျွင်းလင်း ပစ္စည်းဝယ်ဖို့ ထွက်လာတာလား”
ကျွင်းချန်က ကျွင်းလင်းကို မြင်သည်နှင့် အနားသို့ကပ်လာကာ စိတ်လှုပ်ရှား တက်ကြွစွာဖြင့် မေးသည်။
“အင်း ငါ ကျောင်းသားချီနဲ့အတူ လိုက်လာတာလေ”
ကျွင်းလင်းက ဖြေသည်။
ကျွင်းချန်က မသက်မသာဖြစ်သွားကာ ပြော၏။
“အစ်မကျွင်းလင်းနဲ့ သခင်လေးချီက ဆက်ဆံရေးကောင်းတဲ့ပုံပဲ”
“ဆရာမကျွင်းလင်းက ငါက ကြည့်ကောင်းတဲ့လူတစ်ယောက်လို့ ထင်မြင်ပြီး ပါရမီကောင်းတယ်လို့ ထင်မိလို့ ငါ့အပေါ်ကောင်းနေတာ ဖြစ်မှာပေါ့”
ချီရှောက်ရုန်က ပြောသည်။
ကျွင်းလင်း “…”
ကျွင်းချန် “…”
ကျွင်းချန်က ခြောက်ကပ်စွာ ပြုံးလိုက်သည်။
“ဟုတ်မှာပါ”
ချီရှောက်ရုန်က ကျွင်းချန်ကို ကြည့်ကာ မေးသည်။
“ဖက်တီးလေး မင်း ဝသထက်ဝလာတာပဲ၊ ဒီထက်ပိုဝလာရင် မကောင်းတော့ဘူးနော်”
ကျွင်းချန်က သူ၏မျက်နှာကို ရှက်ရွံ့စွာ ပွတ်လိုက်ကာ ပြောသည်။
“အဆင်ပြေပါတယ်၊ ကျွန်တော် အချိန်နောက်ကျမှ မစားတော့ပါဘူး”
ကျွင်းလင်းက ကျွင်းချန်ကို ကြည့်ကာ ပြောသည်။
“အားချန် သခင်လေးချီပြောတာကို နားမထောင်ပါနဲ့ မင်းက အဆင်ပြေပါတယ်”
ကျွင်းဟောင်က ကျွင်းလင်းနှင့် ချီရှောက်ရုန်အနားသို့ ရောက်လာသည်။
“အစ်မကျွင်းလင်း၊ စတုတ္ထသခင်လေးချီ အားလုံးပဲ ဒီကို ရောက်နေတာကိုး”
ကျွင်းချန်က ကျွင်းဟောင် အနားကပ်လာကြောင်း မြင်သည့်အခါ စိတ်သက်သာရာ ရသွားသည်။
“သခင်လေး ကျွင်းဟောင်က ပြိုင်ပွဲအတွက် ဒီနေရာကို ပစ္စည်းတွေ လာဝယ်တာလား”
ချီရှောက်ရုန်က မေးလိုက်သည်။
ကျွင်းဟောင်က ဖြေ၏။
“ဟုတ်ပါတယ်”
“တိုက်ဆိုင်လိုက်တာ ကျွန်တော်ရောပဲ”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။
“မင်းက ထျန်းလန်အကယ်ဒမီရဲ့ ကိုယ်စားပြုပြိုင်မှာလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဒါပေါ့၊ ကျွန်တော်က ပါရမီရှင်ပဲလေ၊ ဒီထဲမှာ ပါတာက ပုံမှန်ပါပဲ”
ကျွင်းချန်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဝိုး စတုတ္ထသခင်လေးချီလည်း ပါတာပဲလား၊ ကျွန်တော့်ကို မနောက်နဲ့နော်”
ကျွင်းချန်က ပြောသည်။
“ထျန်းလန်အကယ်ဒမီက ဒီနှစ်အတွင်း ဒီလောက်အထိ တင်းကြပ်သွားမယ်လို့ မထင်ထားဘူး၊ သခင်လေးချီကိုတောင် ဒီစာရင်းထဲကို ထည့်လိုက်ပြီ”
ချီရှောက်ရုန်က လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ကျွင်းချန်ကို ကြည့်လိုက်သည်။ ကျွင်းချန်မှာ တုန်ယင်သွားတော့၏။
“သခင်လေးချီက သတ္တိရှိလိုက်တာ”
ကျွင်းဟောင်ကလည်း ချီရှောက်ရုန်ကို စိုက်ကြည့်လိုက်သည်။ ချီရှောက်ရုန်က ပြုံးလိုက်ကာ ဆံပင်ကို တစ်ချက်ပွတ်ရင်း ပြောလိုက်၏။
“နောက်တာပါ”
ကျွင်းလင်းက ချီရှောက်ရုန်နှင့်ကျွင်းဟောင်ကို ကြည့်ပြီးပြော၏။
“အားဟောင် မင်းနဲ့ သခင်လေးချီက အဆက်အသွယ်ရှိနေတာပဲ၊ တကယ်လို့ လျှို့ဝှက်နယ်မြေထဲမှာ တွေ့တဲ့အချိန်ကျရင် မင်း သခင်လေးချီကို စောင့်ရှောက်ပေးရမယ်နော်”
ကျွင်းဟောင်က ချီရှောက်ရုန်ကို နှစ်ကြိမ်ခန့်ကြည့်ပြီးနောက် ခေါင်းညိတ်သည်။
“အင်း လျှို့ဝှက်နယ်မြေထဲမှာ တွေ့ခဲ့ရင်ပေါ့”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ထိုနေရာတွင် အမှန်တကယ်တွေ့ရမည်ဟု မထင်ထားပေ။ ကျွင်းဟောင်၏ အမြင်အရတွင် ထျန်းလန်၏ကျောင်းအုပ်က လောဘကြီးသည့်တိုင်အောင် ထိုမျှအဆင့်အထိ ဖြစ်နေမည်ဟုတော့ဖြင့် မယုံကြည်ပါပေ။
“ကျေးဇူးပါပဲ သခင်လေးကျွင်း”
ချီရှောက်ရုန်က ပြုံးသည်။
“သခင်လေးချီက ဘာတွေများ ဝယ်ချင်လို့လဲ”
ကျွင်းလင်းက မေးသည်။
“မှော်စာလိပ်တွေပေါ့”
“မှော်စာလိပ်တွေကို အသက်သွင်းဖို့ မှော်စွမ်းအင် လိုအပ်တယ်နော်”
ကျွင်းချန်က ပြောသည်။
“ငါ မသုံးနိုင်ရင် အခြားသူကို ပေးလိုက်မှာပေါ့”
ကျွင်းချန် “…”
ချီရှောက်ရုန်က အကြီးဆုံးသော ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် ပိုက်ဆံကတ်တစ်ကတ်ကို ထုတ်လိုက်သည့်အခါ ကျွင်းဟောင် မျက်နှာမဲ့သွားလေသည်။ ထိုကတ်ကို သူ ပေးထားခြင်း ဖြစ်သည်။
ကျွင်းချန်က ချီရှောက်ရုန် လက်ထဲမှ ကတ်ကိုမြင်သည့်အခါ မျက်လုံးပြူးကျယ်စွာဖြင့် ပြောသည်။
“အစ်ကိုကြီး ဒါ အစ်ကိုကြီးရဲ့ကတ်နဲ့ တူသလိုပဲနော်”
ချီရှောက်ရုန်က ခေါင်းလှည့်ကာ ကျွင်းချန်ကို ကြည့်ပြီးပြောသည်။
“ဟုတ်တယ်လေ၊ ဒါက မင်းအစ်ကိုရဲ့ကတ်ပဲ၊ မင်းအစ်ကိုက လိုလိုချင်ချင်နဲ့ ငါ့ကို ပေးထားတဲ့အပြင် စိတ်ကြိုက်တောင် သုံးခိုင်းထားသေးတယ်လေ၊ မင်းအစ်ကို ငါ့ကို သဘောကျနေတာ ကြာလှပြီ”
ကျွင်းချန်က မျက်လုံးပြူးသွားကာ ချီရှောက်ရုန်ကို ကြည့်သည်။ ချီရှောက်ရုန်က လက်ဆန့်ထုတ်ကာ ကျွင်းချန်၏မျက်နှာလေးကို ဆွဲညစ်ကာ ပြောသည်။
“ငါ နောက်နေတာပါ”
ကျွင်းဟောင်က ချီရှောက်ရုန်ကို မဲမှောင်နေသည့်မျက်နှာဖြင့် ကြည့်သည်။
“သခင်လေးချီ၊ ဒီလိုဟာသမျိုးကို အနာဂါတ်မှာ မသုံးတာက ကောင်းမယ် ထင်တယ်”
ချီရှောက်ရုန်က သူ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းညိတ်ကာ ပြော၏။
“ဟုတ်ပါပြီ သခင်လေးကျွင်းဟောင်ရယ်၊ ဟမ့် ဟာသအမြင်ကို မရှိဘူး”
ကျွင်းဟောင်က သူ့ကို စိုက်ကြည့်နေသည်။
“အဲဒီအမြင်ကို မလိုအပ်တာပါ”
ချီရှောက်ရုန်က ဘေးတစ်စောင်း အနေအထားဖြင့် ကျွင်းဟောင်ကို ကြည့်ပြီး ပြောသည်။
“ရယ်လည်း မရယ်ရဘူး”
ချီရှောက်ရုန်က ချက်ချင်းပင် ကျွင်းချန်ကို လှည့်ကြည့်ကာ ပြောသည်။
“ညီငယ်လေး မင်းရဲ့အစ်ကိုကို ဥပမာထားပြီး ဘယ်တော့မှ သူ့အတိုင်း လိုက်မလုပ်နဲ့၊ ဒီလိုဆိုရင် ဘယ်တော့မှ မိန်းမရမှာ မဟုတ်ဘူး”
ကျွင်းချန် “…”
ချီရှောက်ရုန်က လက်ထဲတွင်ရှိသည့် ကတ်ဖြင့်အမျိုးမျိုးသော မှော်စာလိပ်များစွာကို ဝယ်ယူခဲ့ကာ ကျွင်းချန်၏မျက်ဝန်းတွေက တောက်ပနေ၏။
“သခင်လေးချီက သဘောကောင်းလိုက်တာ”
ချီရှောက်ရုန်က လက်ကာပြသည်။
“ဒါက များတယ်လို့လည်း မဟုတ်ပါဘူး”
“ဒီရွှေပြားတွေ ဘယ်ကရလဲ”
ကျွင်းချန်က စပ်စုသည်။
“ချမ်းသာပြီး သဘောကောင်းတဲ့ အမျိုးသားတစ်ယောက်ကိုရှာ၊ ပြီးရင် သူနဲ့အတူနေလိုက်၊ ဒါဆိုရင် ပိုက်ဆံတွေ အားလုံးကို ရလိမ့်မယ်”
ချီရှောက်ရုန်က စိတ်မဝင်စားသလိုနှင့် တမင်ပြောလိုက်လေ၏။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ အံကြိတ်ကာ ပြော၏။
“နတ်ဆိုးသမားတော်ဆီက ယူထားပြန်ပြီလား”
ချီရှောက်ရုန်က ခေါင်းကိုလှည့်ကာ ကျွင်းဟောင်ကိုကြည့်ပြီးပြောသည်။
“နတ်ဆိုးလေးက လူကောင်းပါ၊ ဒီလောကမှာ သူ့ထက်ကောင်းတဲ့သူတောင် မရှိနိုင်တော့ဘူး”
“ဒီတော့ ဒီလိုသဘောကောင်းတဲ့သူကို အနိုင်ကျင့်နေတယ်ပေါ့”
ကျွင်းဟောင်က အံကြိတ်သည်။ ချီရှောက်ရုန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စူးရဲစွာဖြင့်ပြော၏။
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
“သခင်လေးကျွင်း၊ လူကြားထဲမှာ ဒီလို ဆွဲလားရမ်းလားလုပ်တာကတော့ မကောင်းဘူးနော်”
ကျွင်းဟောင်က ချီရှောက်ရုန်လက်ကို ပြန်လွှတ်ပေးလိုက်ကာ ပြောသည်။
“သခင်လေးချီ နတ်ဆိုးသမားတော်က မင်းကောင်းဖို့အတွက် ဒီလိုကူညီပေးတာကို အခုလိုမျိုး လှည့်စားနေတာကို ရပ်လိုက်သင့်ပြီ၊ သူ့ကို ဒီလို အသုံးမချသင့်ဘူး”
ချီရှောက်ရုန်က မျက်လုံးလှန်သည်။
“သခင်လေးကျွင်းက မနာလိုဖြစ်နေတာပဲ၊ မနာလိုဖြစ်တာက မကောင်းဘူးနော်၊ ဒါက လူတွေကို အရုပ်ဆိုးစေတယ်”
ကျွင်းဟောင် “…”
ကျွင်းချန် “…”
ကျွင်းလင်းက ချီရှောက်ရုန်နှင့်ကျွင်းဟောင်၏ အခြေအနေကို ကြည့်ကာ သူမ စိတ်ပျက်လက်ပျက်နေသည်။ သူမက ပြော၏။
“ကောင်းပြီ ကောင်းပြီ၊ နင်တို့နှစ်ယောက်လုံး ရပ်လိုက်တော့၊ အားဟောင် နင်ကရော ဘာဝယ်မှာလဲ”
ကျွင်းဟောင်က ကျွင်းလင်းကို ကြည့်ကာ ပြောသည်။
“ကျွန်တော်က ဆေးရည်နည်းနည်း ဝယ်မှာပါ”
ကျွင်းလင်းက ခေါင်းညိတ်သည်။
“ဒါဆိုလည်း သွားဝယ်လေ”
ကျွင်းဟောင် “…”
ကျွင်းလင်းက ချီရှောက်ရုန်နှင့် ကျွင်းဟောင်ကို ကြည့်သည်။ ထို့နောက် တွေးလိုက်၏။
ကျွင်းဟောင်နဲ့ ချီရှောက်ရုန်၊ ဒီနှစ်ကောင်ကတော့ တကယ်ကိုပဲ ရန်သူဖြစ်ဖို့ မွေးဖွားလာသလိုပဲ။
ကျွင်းလင်းက ကျွင်းချန်ကိုကြည့်သည်။
“အားချန် ငါနဲ့အတူလိုက်ပြီး ရတနာတွေ လိုက်ရွေးပေးပါအုံး”
ကျွင်းလင်းက ကျွင်းဟောင်နှင့်ချီရှောက်ရုန်ကို ကိုယ်ပိုင်သီးသန့်အချိန်ပေးရန် မျှော်လင့်ပြီး ကျွင်းချန်ကို ခေါ်ထုတ်သွားလိုက်သည်။
ကျွင်းချန်က ခေါင်းညိတ်သည်။
“ဒါပေါ့ ဒါပေါ့”
ကျွင်းချန်က ခေါင်းလေးကုတ်သည်။ သူကတွေးနေ၏။
ဒီနေရာက ရာသီဥတုအခြေအနေက မကောင်းဘူး၊ အစ်ကိုကြီးနဲ့သခင်လေးချီက ထူးဆန်းတယ်၊ သူ ခပ်ဝေးဝေးနေမှ ဖြစ်မယ်။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“မင်းက ကျောင်းပေါင်းတစ်ရာတိုက်ပွဲကို တကယ်ဝင်ပြိုင်မှာလား”
“ဒါပေါ့ ငါတို့က ပြိုင်ဘက်တွေတောင် ဖြစ်လာလိမ့်မယ်”
“ကျောင်းအုပ်ဟူဖုန်းက ပိုက်ဆံအတွက်ကြောင့်နဲ့ ဒီလိုအထိ စိတ်ရှုပ်ထွေး သွားမယ်လို့ မထင်ထားဘူး၊ လျှို့ဝှက်နယ်မြေက ဘယ်လောက်အန္တရာယ်များသလဲဆိုတာ မင်းသိမှာပါ၊ နတ်ဆိုးသမားတော်ရဲ့မျက်နှာကြောင့် အဲဒီနေရာမှာ တွေ့ခဲ့ရင် အပြင်ကို ပစ်ထုတ်ပေးမယ်၊ မစိုးရိမ်ပါနဲ့ ဒါက မင်းကောင်းဖို့အတွက်ပဲ”
ကျွင်းဟောင်က အေးစက်စွာပြောသည်။
ချီရှောက်ရုန် “…”
ကျွင်းဟောင် ဒီမျိုးမစစ်က သူ့ကို ဘာတွေပြောသွားတာလဲ။
ရှန်းယွမ်က ခပ်အေးအေး ဆိုင်ထဲသို့ဝင်လာရာမှ ချီရှောက်ရုန်နှင့်ကျွင်းဟောင်ကို တွေ့သွားသည်။ ထိုနှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေကာ ရန်ဖြစ်နေပုံရ၏။
“သခင်လေးကျွင်း၊ သခင်းလေးချီ၊ နှစ်ယောက်လုံး ဒီကို ရောက်နေကြတာပဲ”
ချီရှောက်ရုန်က ရှန်းယွမ်ကို ခေါင်းညိတ်ပြပြီး ပြုံးလိုက်သည်။
“သခင်းလေးရှန်း မတွေ့ရတာကြာပြီ”
“မင်းက ဘာလာလုပ်တာလဲ”
ကျွင်းဟောင်က မေးသည်။
ရှန်းယွမ်က ပုခုံးတွန့်ကာ ဖြေသည်။
“ငါ ပစ္စည်းလာဝယ်တာလေ၊ အထူးသဖြင့် မှော်စာလိပ်တွေပေါ့”
“ဒါဆိုရင်တော့ နောက်ကျသွားပြီ”
ချီရှောက်ရုန်က ပြောသည်။ သူက နောင်တရနေပုံရ၏။
ရှန်းယွမ်က စိတ်ရှုပ်သွားလေသည်။
“ဘယ်လိုဖြစ်ပြီး နောက်ကျရမှာလဲ”
“ဘာလို့လဲဆိုတော့ ဒီဆိုင်မှာ ရှိသမျှစာလိပ်တွေအားလုံးကို ငါဝယ်လိုက်ပြီလေ”
ရှန်းယွမ် “… သခင်လေးချီ သခင်လေးချီ တကယ်ပြောနေတာလား၊ ချမ်းသာလိုက်တာ”
ချီရှောက်ရုန်က လက်ကာပြလိုက်သည်။
“သိပ်လည်း မများပါဘူးလေ”
ရှန်းယွမ် “…”
“သခင်လေးချီ မင်းမှာထားတဲ့စာလိပ်တွေ အကုန်ရပြီ၊ လာကြည့်ပါအုံး”
ဆိုင်ရှင်က လှမ်းခေါ်သည်။သူက ချီရှောက်ရုန်ကို သူက တက်ကြွသည့် မျက်ဝန်းတွေဖြင့် ကြည့်နေ၏။
ချီရှောက်ရုန်က ခေါင်းညိတ်လိုက်သည်။
“လာပြီ လာပြီ”
ရှန်းယွမ်က ကျွင်းဟောင်အနားသို့ ကပ်လာသည်။
“သခင်လေးချီ ဘယ်လိုဖြစ်ပြီး ဒီလောက်ရွှေပြားတွေ သုံးနေတာလဲ၊ နတ်ဆိုးသမားတော်က သူ ရှာထားသမျှ အားလုံးကို ချီရှောက်ရုန်ကို ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်၊ နတ်ဆိုးသမားတော်က သူ့အပေါ် ကောင်းလွန်းမနေဘူးလား”
ကျွင်းဟောင်က ရှန်းယွမ်ကို အေးစက်စွာကြည့်ကာ ပြောသည်။
“မင်း မပြောရင်တောင်မှ ငါ နားလည်တယ်၊ ဒါပေမဲ့ ဒီလောက်စကားများတာက မင်းကို ဆွံ့အသွားစေနိုင်တယ်နော်”
ရှန်းယွမ် “…”
သူ အခုမှရောက်လာပြီး စကားပြောမိရုံလေးလေ၊ ဘာလို့ ဒီလောက်အထိ အပြောခံလိုက်ရတာလဲ။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now