unicode
အပိုင်း ၁၀၃
လေလံအိမ်က ကျွင်းဟောင်၏အခန်းထဲသို့ ရောက်လာကာ ကျွင်းဟောင် လေလံအောင်ထားသမျှကို ပေးလိုက်သည်။ ကျွင်းဟောင်က ထိုအရာကို ချီရှောက်ရုန်ကို ပေးလိုက်၏။
ထိုပန်းကို ရေခဲသလင်းသား စာအိတ်လေးဖြင့် လွှမ်းခြုံထားကာ အလွန်အမင်း လှပပေသည်။ ဝိညာဉ် စွမ်းအင်များကလည်း လင်းလက်တောက်ပ နေသေးပေ၏။
ချီရှောက်ရုန်ကို ဒါကို ယူလိုက်၏။
“တကယ့်ကို ပစ္စည်းကောင်းပဲ”
ရှန်းယွမ်က ချီရှောက်ရုန်ကိုကြည့်လာ၏။
“သခင်လေးချီက ဒါကို ဘာလုပ်မလို့လဲ”
“အဆင့်မြင့် အလှကုန်လုပ်မလို့လေ”
“အဆင့်မြင့်အလှကုန် ဟုတ်လား”
ရှန်းယွမ် ပါးစပ်ပိတ်သွားသည်။ သူ၏အစ်မ ပြောထားသည့်စကားကို အမှတ်ရသွား၏။ ချီရှောက်ရုန်က သူ့အရှေ့တွင် ဖုံးကွယ်ထားမည့် ပုံသဏ္ဌာန် မရှိပေ။
ကျွင်းချန်က မေးလိုက်၏။
“သခင်လေးချီက ဒါကို ဘာလုပ်မလို့လဲ၊ သခင်လေးချီက လောဘကြီးတဲ့ ဆိုင်တွေနဲ့ သိထားလို့လား”
“လောဘကြီးတဲ့ဆိုင် ဟုတ်လား”
“ဟုတ်တယ်လေ၊ ချင်းချန်အလှကုန်ဆိုင်ဆိုရင် လောဘကြီးတဲ့ဆိုင်ပဲ”
ချီရှောက်ရုန်”…”
ကျွင်းဟောင်”…”
“အားချန် ပါးစပ်ပိတ်စမ်း”
ကျွင်းဟောင်က အော်သည်။
ကျွင်းချန်က မကျေမနပ် ဖြစ်သွား၏။
“အစ်ကိုကြီး အစ်ကိုကြီး ဘာလို့ အော်တာလဲ”
ကျွင်းဟောင်က ကျွင်းချန်ကို ကြည့်ကာ ကူကယ်ရာမဲ့သွားသည်။
“ဘာလို့ အော်ရမှာလဲ၊ မင်းရဲ့ပါးစပ်က မင်းကိုသတ်လိမ့်မယ်”
ချီရှောက်ရုန်က ကျွင်းဟောင်နှင့်ရှန်းယွမ်တို့၏ အမူအရာကိုကြည့်ကာ တွေးတောလိုက်သည်။
ကြည့်ရတာ ဒီမိသားစုတွေအားလုံးက ငါ့အကြောင်းကို သိနေကြပြီပဲ။
လေလံအိမ်တွင် ပစ္စည်းတစ်ခုပြီး တစ်ခုကို လေလံတင်နေခဲ့ရာမှ နောက်ဆုံးတွင် …
“အခုပစ္စည်းကတော့ အဆင့်(၅) သစ်သားမှော်ပညာရှင်ပါပဲ၊ သူ့မှာ သစ်သားဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ အတူကျင့်ကြံရင် အကျိုးကျေးဇူး ရရှိစေမှာပါ”
ချီရှောက်ရုန်က လက်သီးကို ဆုပ်လိုက်သည်။ သူ၏ မျက်ဝန်းထဲ အေးစက်သည့် အလင်းရောင်တွေ လက်လာ၏။ အောက်ဖက်တွင် အေးအေးဆေးဆေး နေနေသည့် ရီဖန်၏ မျက်ဝန်းကလည်း အန္တရာယ်ပြည့်နေသည့် အလင်းတွေ လင်းလက်တောက်ပ လာခဲ့သည်။
ကျွင်းဟောင်က အခန်း၏အပြင်ဘက်ထွက်ကာ အောက်သို့ ကြည့်လိုက်သည့်အခါ အံ့ဩသွားရသည်။ မူတင်းရွှမ်၏မျက်နှာကို ပုဝါဖြင့် အုပ်ထားသည်။ သူ၏နဖူးပြောင်ကိုသာ ဖော်ပြထား၏။ သူ့တွင် လှပလွန်းလှသည့် မျက်ဝန်းတွေကို ပိုင်ဆိုင်ထားသည်။
“ဒီလူက ရုပ်ရည်ကို သေချာမမြင်ရဘူး”
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က ခေါင်းခါကာ ပြော၏။
“မမှားဘူး သူပဲ၊ သူ့ရဲ့မျက်နှာအောက်ပိုင်းမှာ ပုဝါနဲ့အုပ်ထားတာက အမာရွတ်တွေ ရှိလို့ပဲ၊ တင်းရွှမ်က ဒီအမာရွတ်တွေ မရှိခဲ့တဲ့အချိန်ကဆိုရင် တကယ့်ကို ရှားပါးလွန်းတဲ့ အလှလေးပဲ၊ ဒါပေမဲ့ နှမြောစရာ ကောင်းလွန်းတယ်၊ တင်းရွှမ်ကို အလောတကြီး ဒီအမာရွတ်တွေကို ဖယ်ရှားပေးလိုက်ရင် တင်းရွှမ်က ပျော်တော့မှာ မဟုတ်ဘူး”
ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့က ပြောနေသည့်အချိန်တွင်ပင် လေလံပွဲက စတင်နေခဲ့ချေပြီ။
ကျွင်းဟောင်က လေလံဆွဲရန် ပြင်ဆင်လိုက်သော်လည်း ချီရှောက်ရုန်က တားသည်။
“ဘေးထွက်နေလိုက်ပါ”
ကျွင်းဟောင် ချီရှောက်ရုန်ကို ကြည့်သည်။
“မင်း သူ့ကို ကယ်မလို့ မဟုတ်ဘူးလား”
“ဒါက ကြွားလို့ရတဲ့ အခွင့်အရေးပဲလေ၊ အခြားတစ်ယောက်ပဲ လုပ်ပါစေ”
ချီရှောက်ရုန်က ပြောသည်။
ကြေးစားစစ်သားအဖွဲ့က ချီရှောက်ရုန်၏လူတွေ လေလံပွဲသို့ ရောင်းချခဲ့သည့်ကိစ္စတွင် သူက ဝင်ရောက် ကူညီလိုခဲ့သည်။ သို့သော် ချီရှောက်ရုန်က တစ်စုံတစ်ယောက်က လုပ်မည်မှန်း ကြိုတင် သိနေပုံရပေ၏။ ချီရှောက်ရုန်၏ ကိစ္စအားလုံးကို ချီရှောက်ရုန်ကိုယ်တိုင် ကိုင်တွယ်နိုင်ကြောင်း မြင်ရသည့်အခါ သူ မသက်မသာ ခံစားရပေသည်။ သူက အသုံးမဝင်သကဲ့သို့ ခံစားရ၏။
ရှန်းယွမ်က ကျွင်းဟောင်နှင့်ချီရှောက်ရုန်တို့ကြားမှ အခြေအနေကို ကြည့်ကာ သူ စိတ်အချဉ်ပေါက်လာသည်။
ကျွင်းဟောင်နဲ့ သူက အကောင်းဆုံး သူငယ်ချင်းတွေပဲ။ ဒါပေမဲ့ ကျွင်းဟောင် သည်လောက်အထိ စိတ်လိုလက်ရ ဖြစ်နေတာကို မမြင်ခဲ့ဖူးဘူး၊ နောက်ပြီး ကူကယ်ရာမဲ့သလို ပူပန်နေတဲ့ကိစ္စမျိုးကိုရောပဲ။
ရှန်းယွမ်က ချီရှောက်ရုန်၏ စကားအသွားအလာအရ ချင်းချန်အလှကုန်နှင့် ပတ်သက်နေမှန်း သေချာသွားခဲ့ချေပြီ။ ထို့အပြင် ထိုကြေးစားစစ်သားအဖွဲ့၏ ကိစ္စကလည်း ချီရှောက်ရုန်နှင့် ပတ်သက်နိုင်ကြောင်း နားလည်နေခဲ့ချေပြီ။
“တစ်သန်း”
ရုတ်တရက် လေလံဆွဲနေရာမှာ ကြေးက မြင့်တက်သွားသည်။
ရှန်းယွမ်က အောက်သို့ငုံ့ကြည့်၏။
“ဒါက ချန်မြန်ပဲ၊ သူက ရေမှော်ပညာရှင်၊ ရေက သစ်သားကို မွေးမြူပေးနိုင်တယ်၊ သစ်သားကလည်း ရေကို ပြန်လည်မွေးမြူပေးနိုင်တယ်၊ သူတို့နှစ်ယောက်သာ ပေါင်းလိုက်မယ်ဆိုရင်တော့ နှစ်ကိုယ်တူကျင့်ကြံတဲ့အခါ ပိုပြီး အသုံးဝင်မှာပဲ”
“တစ်သန်းနဲ့တစ်သောင်း”
ရှန်းယွမ် အေးခဲသွားသည်။
“အခြားလေလံဆွဲတဲ့သူတွေလည်း ရှိနေတာပဲ”
ဆိုးယုတ်သည့် အသံကြီး ထွက်လာသည်။
“ကျောင်းသား လေလံအိမ်ကို အရူးမလုပ်ပါနဲ့၊ အဲ့ဒီကလေးရဲ့မျက်နှာကို ဖုံးကွယ်ထားကတည်းက ရုပ်ဆိုးနေမှာ သေချာတယ်၊ မင်းအနေနဲ့ ဒီလောက်အထိ ပိုက်ဆံအကုန်ခံပြီး နှစ်ကိုယ်တူကျင့်ကြံဖို့ ရွေးချယ်တာကတော့ မကောင်းဘူးထင်တယ်”
လေလံပွဲစီစဉ်ကျင်းပသူက ထိုမှတ်ချက်ကို ကြားသည့်အခါ အမူအရာ မပြောင်းပေ။
“မဟုတ်သေးဘူး၊ တစ်သန်းနဲ့နှစ်သိန်း”
လေလံပွဲကျင်းပသူပင် ဘာမှ မပြောရသေးခင်မှာပင် ရီဖန်က ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းက ငါနဲ့ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ငါ မင်းကို တားမနေတော့ဘူး”
မတိုင်မီက ဝင်ပြောသည့်လူအိုကြီး ယန်ရှင်းက အေးစက်စွာ ပြောလိုက်သည်။
“အဲဒီအဖိုးကြီးက ဘယ်သူလဲ”
ချီရှောက်ရုန်က အေးစက်စွာပြောသည်။
“လူအိုကြီးယန်ရှင်းက အဆိပ်ပညာရှင်ပဲ”
ရှန်းယွမ်က ပြောသည်။
ချီရှောက်ရုန် ကြောင်သွား၏။
“အဆိပ်ပညာရှင် ဟုတ်လား”
“ဟုတ်တယ်၊ လူအိုကြီးယန်ရှင်းက သူ့ကို ရင်ဆိုင်တဲ့သူတွေအားလုံးကို အဆိပ်စွမ်းအင်နဲ့ တိုက်ခိုက်ရတာကို သဘောကျတယ်၊ နောက်ပြီး ဒီသစ်သားဝိညာဉ်ခန္ဓာကိုယ်က သူ့ကို ဆွဲဆောင်သွားပြီဆိုတော့ ချန်မြန်ကတော့ ဒုက္ခပဲ”
ရှန်းယွမ်က ပြောသည်။
ချီရှောက်ရုန်က မျက်ခုံးပင့်လိုက်သည်။
“အဲဒီလိုလား”
“ကြည့်ရတာ ကိစ္စတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီ၊ ယန်ရှင်းက ကိုင်တွယ်ဖို့ မလွယ်ဘူး”
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က ဂရုမစိုက်သလိုပြော၏။
“အဆင်ပြေပါတယ်၊ ချန်မြန်က ငါ့ထက် စွမ်းအားကြီးတာဆိုတော့ ဒီအဖိုးကြီးလောက်ကတော့ ကိုင်တွယ်နိုင်ပါတယ်”
ရှန်းယွမ်က ချီရှောက်ရုန်ကို ကြည့်သည်။
“ချန်မြန်က မင်းထက်စွမ်းအားကြီးတယ် ဟုတ်လား၊ သခင်လေးချီ သူ့ကို အထင်ကြီးလွန်းနေတာ မဟုတ်လား”
ချီရှောက်ရုန်က ရှန်းယွမ်ကို ကြည့်သည်။
“မင်း ခဏနေရင် သိရပါလိမ့်မယ်”
ရှန်းယွမ် ”…”
…
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...