unicode
အပိုင်း ၇၆
နှလုံးသားက တစ်ခုထဲ
ချီရှောက်ခန်းက ချီရှောက်ယွီကို မကျေမနပ်ပြောသည်။
“ရှောက်ယွီ ကလန်က ဘာလုပ်ခိုင်းလိုက်သလဲဆိုတာကို မမေ့နဲ့ဦး”
ချီရှောက်ခန်း၏စကားကို ကြားသည့်အခါ ချီရှောက်ယွီက နှုတ်ခမ်းကိုကိုက်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
“ငါ တောင်းပန်ပါတယ်၊ ဒါက ငါ့အမှားပါ”
ချီရှောက်ယွီက မကျေမနပ်ပြောသည်။
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“ညီမ(၅) တောင်းပန်တဲ့ပုံက ကြောက်လန့်စရာတောင် ကောင်းတယ်၊ မတောင်းပန်တာက ပိုကောင်းပါတယ်”
ချီရှောက်ယွီက ချီရှောက်ရုန်ကို ဒေါသတကြီးကြည့်ကာ ပြောသည်။
“နင် စိတ်ပြေအောင် ဘာလုပ်ဖို့ လိုတာလဲ”
ချီရှောက်ရုန်၏အမူအရာက တောင့်တင်းသွားသည်။ သူက ဒေါသအနည်းငယ်ပါသည့် လေသံဖြင့်ပြော၏။
“ငါ လိုတာက မင်းတို့အားလုံး ငါ့ကို လွှတ်ထားပေးဖို့ပဲ”
“စတုတ္ထညီငယ် မင်းက စွမ်းအားကြီးတာ မှန်ပါတယ်၊ ဒါပေမဲ့ အဆင့်(၆)မှော်ပညာရှင်ပဲ ဖြစ်နေသေးတာနော်၊ အင်ပါယာမှာ မင်းကို မကြီးပြင်းလာစေချင်သူတွေ အများကြီးပဲ၊ ဒါကြောင့် မိသားစုရဲ့အရိပ်ကို ခိုလှုံတာက အကောင်းဆုံးဖြစ်မှာပါ”
ချီရှောက်ခန်းက စိုးရိမ်စိတ်ဖြင့် သတိပေးသည့်ပုံဖြင့်ပြောသည်။
ချီရှောက်ရုန်က ချီရှောက်ခန်းကိုကြည့်ကာ ပြောသည်။
“အစ်ကို(၂)က တကယ်ပဲ ငါ့ကို စိတ်ပူတဲ့ပုံစံမျိုးနဲ့ ပြောနေတော့တာပဲ၊ စိတ်မပူပါနဲ့ ငါ့မှာ မိတ်ဆွေတွေ အများကြီးရှိပါတယ်၊ ငါက လူချစ်လူခင်များလို့ သူတို့က ငါ့ကို စောင့်ရှောက်ကြပါတယ်”
ချီရှောက်ခန်းက ချီရှောက်ရုန်ကိုကြည့်ကာ ပြုံးလိုက်သည်။
“စတုတ္ထညီငယ် သေချာတွေးတောပါ၊ ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ဟူဖုန်းက မင်းနဲ့ သွေးသားတော်စပ်တာ မဟုတ်တော့ အမြဲတမ်းတော့ မကာကွယ်ပေးနိုင်ဘူးလေ”
ချီရှောက်ခန်းက ချီရှောက်ရုန်ကို ဆက်လက်ဆွဲဆောင်နေသေးသော်လည်း မရသည့်အခါ ပြန်သွားရသည်။
ချီဟန်က ချီရှောက်ရုန်၏အနားသို့ ရောက်လာကာ မေးသည်။
“သခင်လေး အဆင်ပြေရဲ့လား”
“အင်း”
ချီရှောက်ရုန်က ပေါ့ပါးစွာပြန်ဖြေသည်။
ချီရှောက်ခန်း ပြောသည်မှာ မှန်ကန်ပေသည်။ ဟူဖုန်းက သူ့ကို အမြဲတစေ မကာကွယ်ပေးနိုင်ပေ။ သူ၏ကိုယ်ပိုင်အင်အားက ကြီးမားနေမှသာ သူ့ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။
…....
ထျန်းလန် အကယ်ဒမီ။
“စတုတ္ထမင်းသား ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”
ချီရှောက်ရုန် သတိလက်လွတ်ဖြစ်နေချိန်တွင် တစ်ဖက်သူက ရောက်လာခြင်းဖြစ်သည်။ နတ်ဆိုးသမားတော်၏ အခြေအနေဖြင့် တစ်ဖက်သူ၏ဆန္ဒကို သိထားရသဖြင့် မြင်ရသည်မှာ မသက်မသာ ခံစားရပေသည်။
“ငါက ပစ္စည်းတစ်ခု လာပို့တာပါ”
ထန်းထျန်းရင်က ပြောသည်။
“ဒါက အကြောင်းကြားစာလွှာပါ၊ ခမည်းတော်က နတ်ဆိုးသမားတော်ကို တတိယအဆင့် မှူးမတ်ဘွဲ့ကို ချီးမြှင့်လိုက်တယ်”
“နတ်ဆိုးသမားတော်ကို ဟုတ်လား”
ထန်းထျန်းရင် ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် စတုတ္ထသခင်လေးချီနဲ့ နတ်ဆိုးသမားတော်နဲ့က မိတ်ဆွေကောင်းတွေဆိုပဲ၊ ဒါကြောင့် နတ်ဆိုးသမားတော်ကို မမြင်ရတဲ့အခါ စတုတ္ထသခင်လေးကို လာပေးရတာပေါ့”
ချီရှောက်ရုန်က ထိုဘူးလေးကို ယူလိုက်သည်။
“မစိုးရိမ်ပါနဲ့ စတုတ္ထမင်းသား ကျွန်တော် နတ်ဆိုးသမားတော်ကို သေချာပေးလိုက်မှာပါ”
ထန်းထျန်းရင်က ရှက်ရွံ့စွာပြုံးသည်။
“သခင်လေးချီက လျှို့ဝှက်နယ်မြေမှာတုန်းက တကယ်ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်၊ ငါ တကယ်ပဲ လေးစားမိပါတယ်၊ ဒီရက်တွေမှာ သခင်လေးချီရဲ့ ပုံရိပ်တွေကပဲ ငါ့ရဲ့စိတ်ထဲမှာ ပြည့်နှက်နေခဲ့တာ”
ချီရှောက်ရုန်က မသက်မသာပြုံးသည်။
“စတုတ္ထမင်းသား၊ စတုတ္ထမင်းသားက ခံစားချက်ကို ဖော်ပြချင်တာလား မသိပေမယ့် ကျွန်တော်မှာတော့ သဘောကျတဲ့သူရှိပြီးသားပါ၊ စတုတ္ထမင်းသားရဲ့ ခံစားချက်ကို ဆိုးရွားသွားစေမှာကို စိုးရိမ်မိပါတယ်”
“သဘောကျတဲ့သူ ရှိပြီးသားဟုတ်လား၊ မင်းက နတ်ဆိုးသမားတော်ကို သဘောကျနေတာလား”
ထန်းထျန်းရင်က မေးသည်။
ချီရှောက်ရုန်က ခံစားချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်၏၊
“နတ်ဆိုးသမားတော်နဲ့ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ စတွေ့ခဲ့ကတည်းက သဘောကျခဲ့ကြတာပါ၊ ကျွန်တော်က အဲဒီအချိန်ကတည်းက သူ့ကို ချစ်ကျွမ်းဝင်သွားခဲ့ပြီး တစ်ခါမှ နောင်တ မရခဲ့ဖူးပါဘူး”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...