အပိုင်း ၅၂
ချီရှောက်ရုန် ကျောင်းဆောင်သို့ ပြန်လာသည့်အခါ မမျှော်လင့်ထားသည့် ဧည့်သည်ကို တွေ့လိုက်ရသည်။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ၊ အခြားသူတွေ မြင်သွားနိုင်တယ် မဟုတ်လား”
ရီဖန်က ခေါင်းခါကာ ပြော၏။
“ဘယ်သူမှ မမြင်အောင် လာခဲ့တာပေါ့၊ ကျွန်တော် ကိစ္စသာ မရှိဘူးဆိုရင် အိမ်ကနေ ချက်ချင်းနှင်ထုတ်ခံရလိမ့်မယ်၊ ပြဿနာ မရှိနိုင်တော့ဘူး”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ကောင်းတာပေါ့”
“သခင်လေး သခင်လေးကိုလည်း ဂုဏ်ယူပါတယ်၊ နောက်ဆုံးတော့ ချီမိသားစုအိမ်တော်ကနေ ထွက်လိုက်နိုင်ပြီ၊ ကျွန်တော့်အနေနဲ့ ရီမိသားစုကနေ ထွက်နိုင်ဖို့ ဆယ်စုနှစ်တစ်ခုလောက်ကို အချိန်ယူခဲ့ရတာ၊ သခင်လေးကတော့ သခင်လေးပါပဲ တကယ်ကို မနိုင်နိုင်ပါဘူး”
ရီဖန်က လေးစားစွာပြောသည်။
ချီရှောက်ရုန် “…”
ဒါက ချီးကျူးတာလား။
ရီဖန်က ချီရှောက်ရုန်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားကာ ပြောသည်။
“သခင်လေး သခင်လေးကျွင်းဟောင်ကို ဝမ်းနည်းအောင် လုပ်လိုက်ပြန်ပြီ ထင်တယ်”
ချီရှောက်ရုန် “…”
“စကားမစပ် သခင်လေး ရီဟောင် ပြန်သက်သာသွားပြီ”
ရီဖန်က ပြောသည်။
ချီရှောက်ရုန် ခေါင်းညိတ်လိုက်၏။
“တကယ်လား၊ ကောင်းတာပေါ့”
ရီဖန်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“ရီဟောင် ပြန်ကောင်းသွားပြီးတဲ့နောက်မှာ နတ်ဆိုးသမားတော်ကို သွားရှာပေမဲ့ နတ်ဆိုးသမားတော်က မရှိတော့ဘူး ကြားတော့ သူ..”
“ငါ့ကို ပြဿနာရှာမယ်လို့ ပြောချင်တာလား”
ချီရှောက်ရုန်က မေးသည်။
ရီဖန်က ပုခုံးတွန့်ပြ၏။
“ဖြစ်နိုင်ပါတယ်”
ချီရှောက်ရုန်က ရယ်လိုက်သည်။
“ဆိုတော့ရော ဘာဖြစ်လဲ၊ လာလည်းလာပေါ့၊ ငါက ကြောက်မတဲ့လား”
…
“အားဟောင် မင်း ယူလာတဲ့ ခရမ်းရွှေကတ်ကိုငါ စစ်ဆေးကြည့်ပြီးပြီ၊ ဒါက ခမည်းတော်ပိုင်တာ အမှန်ပဲ၊ ခမည်းတော်က နတ်ဆိုးသမားတော်ကို ပေးခဲ့တယ်၊ သူက မင်းကို ပြန်ပေးလို့လား၊ ဘာကိစ္စနဲ့ မင်းဆီမှာ ရှိနေရတာလဲ၊ နောက်ပြီး နတ်ဆိုးသမားတော်က ဒါကိုရပြီးတာနဲ့ ပျောက်ကွယ်သွားလို့ ခမည်းတော်က အရမ်းတွေ့ချင်နေတာ”
ထျန်းထန်းရင်က ပြောသည်။
“ကျားပေါက်လေး တစ်ခုခုဖြစ်လို့လား”
ထျန်းထန်းရင်က ခေါင်းခါ၏။
“မဟုတ်ဘူး၊ နတ်ဆိုးသမားတော်က မပျောက်သွားခင်မှာ ဆေးတွေ အလုံအလောက်ပေးခဲ့လို့ ပြဿနာတော့ မရှိဘူး၊ ဒါပေမဲ့ ကျားပေါက်လေးက သွားတိုက်ရတာကို သဘောကျနေတဲ့ပုံပဲ”
“သူ ဘယ်မှာလဲ ငါ မသိဘူး”
ကျွင်းဟောင်က ပြောသည်။
ထျန်းထန်းရင်က ကျွင်းဟောင်ကို ပဟေဠိဖြစ်သလို ကြည့်ပြီးပြော၏။
“မင်းကတောင် မသိဘူးလား”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ခရမ်းရွှေကတ်ကို ချီရှောက်ရုန်ဆီကနေ ရွှေပြားတစ်သောင်း အပိုပေးပြီး လဲခဲ့ရတာ၊ ချီရှောက်ရုန် ပြောတာတော့ ဒီရွှေကတ်ကို နတ်ဆိုးသမားတော်က ပေးခဲ့တာတဲ့လေ”
ထျန်းထန်းရင်က ပြောသည်။
“မင်းက ရွှေပြားတစ်သောင်းတောင် ထပ်ပိုပေးပြီး လဲခဲ့ရတယ်လား၊ မင်းကတော့ ချမ်းသာလိုက်တာ၊ ဒါပေမဲ့ မင်း အခုတော့ မွဲသွားပြီ မဟုတ်လား”
ကျွင်းဟောင် “…”
ထျန်းထန်းရင်က ကျွင်းဟောင်ကို စိုက်ကြည့်နေကာ ပြောသည်။
“နတ်ဆိုးသမားတော်က တကယ်ပဲ ချီရှောက်ရုန်ကို ပေးခဲ့တာဆိုရင် သူ့ရဲ့ အရင်ခင်ပွန်းလောင်းဖြစ်ခဲ့ဖူးတဲ့ မင်းနဲ့သူက ပြိုင်ဘက်တွေ ဖြစ်သွားမှာလား၊ မင်းတို့ရဲ့ အခုပတ်သက်ပုံက ရှုပ်ထွေးသွားပြီ မဟုတ်လား၊ မင်းကသာ အဲဒီအချိန်က စေ့စပ်ပွဲကို မဖျက်ခဲ့ဘူးဆိုရင် မင်း နှစ်ယောက်လုံးကို တစ်ပြိုင်တည်းရမှာနော် ဘယ်လောက် ကောင်းလိုက်သလဲ၊ အခုတော့ မင်း နောင်တရနေပြီ မဟုတ်လား”
ကျွင်းဟောင်က ထျန်းထန်းရင်ကို ဝမ်းနည်းစွာကြည့်သည်။ ထျန်းထန်းရင်က ကြောင်တောင်တောင် ပြုံးပြလိုက်၏။
“ငါ နောက်တာပါ၊ နောက်တာ”
ကျွင်းဟောင်က လက်သီးကို ဆုပ်ထားကာ ပြောသည်။
“နတ်ဆိုးသမားတော်ရဲ့ ဘာသတင်းမှ မရှိဘူးလား”
ထျန်းထန်းရင် ခေါင်းခါသည်။
“မရှိဘူးလေ၊ ငါ့မှာ ရှိနေမှတော့ မင်းကို မပြောဘဲနေပါ့မလား”
“သူ့ကြည့်ရတာ ငါ့ကို မုန်းနေတဲ့ပုံပဲ”
ထျန်းထန်းရင်က မသက်မသာပြောသည်။
“နတ်ဆိုးသမားတော်က မင်းကိုမုန်းတယ်၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ မင်းက ဒီလောက် ချောနေတာလေ၊ သူက အချောအလှလေးတွေ ကြိုက်တာ မဟုတ်လား”
“ငါလည်း မသိဘူး”
-----------
စာကြည့်တိုက်။
ချီရှောက်ရုန်က ဘေးတစ်ဖက်တွင် ရပ်နေလျက် စာအုပ်ကို ဖတ်နေသည်။ ကျွင်းလင်းက သူ၏ မျက်နှာချင်းဆိုင်တွင် ရှိနေ၏။
ချီရှောက်ရုန်က ကျွင်းလင်းကို ကြည့်ကာ မေးသည်။
“ဆရာမကျွင်းလင်းက ဘာလို့ ဒီကိုရောက်နေတာလဲ”
“ဆရာမစွန်းလင်းက နတ်ဆိုးသမားတော်ဆီက ဆေးကိုရတယ်လို့ပြောတယ်၊ သူက ဒီတစ်ကြိမ်မှာ ကံကောင်းသွားတာပဲ၊ ဒါကြောင့် ငါ့ကိုတောင် ကျေးဇူးတင်နေသေးတာ”
ကျွင်းလင်းက ချီရှောက်ရုန်ကို ကြည့်သည်။
“ကျောင်းသားချီက စာဖတ်တာ တော်တော်မြန်တာပဲ”
ချီရှောက်ရုန် ပြုံးလိုက်သည်။
“ဒီအတိုင်း လျှောက်ကြည့်နေရုံပါ”
ကျွင်းလင်းက ချီရှောက်ရုန်ကိုပြန်ကြည့်သည်။
“နတ်ဆိုးသမားတော်က နတ်ဆိုးသမားတော်ပါပဲ၊ သူ့ရဲ့ဆေးတစ်စုံကို သောက်လိုက်ရုံနဲ့ ဖူရုန်က ပြန်ကောင်းသွားပြီ”
ချီရှောက်ရုန် ကျွင်းလင်းကိုကြည့်သည်။
“အဲဒီကလေးမလေး ကံကောင်းလို့ဖြစ်မှာပါ”
“ကျောင်းသားချီ ရက်အနည်းငယ်ကြာရင် ကျောင်းပေါင်းတစ်ရာပြိုင်ပွဲ စတော့မယ်ဆိုတာကို သိလား”
ကျွင်းလင်းက ပြောသည်။
ချီရှောက်ရုန်က ကျွင်းလင်းကိုကြည့်သည်။
“အဲ့ဒါက ဘာလဲ”
“စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ပွဲပေါ့၊ ကျောင်းပေါင်းတစ်ရာက ဝင်ပြိုင်ကြမယ်၊ တစ်ကျောင်းချင်းစီတိုင်းက ကျောင်းသားဆယ်ယောက်ဆီကို ထည့်ပေးလိမ့်မယ်၊ လျှို့ဝှက်နယ်မြေထဲမှာ ရောင်စုံကျောက်တုံးတွေ ရှိတယ်၊ အရောင်အဆင့် အမျိုးမျိုးအလိုက် အမှတ်တွေက ကွာခြားတယ်”
“ပြိုင်ပွဲရဲ့အဆုံးမှာ အမှတ်အများဆုံးရတဲ့သူက အဆင့်အလိုက်စီသွားနိုင်လိမ့်မယ်၊ ဒါက အကယ်ဒမီရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်တယ်”
“ပွဲစီစဉ်ကျင်းပတဲ့သူတွေက ကျောင်းတိုင်းက လုပ်နိုင်စွမ်းရည်မြင့်မားတဲ့သူတွေ အသီးသီးကို ရွေးချယ်ပြီး နေရာ ဆယ်နေရာကို ပေးကြတယ်”
ချီရှောက်ရုန်က ကျွင်းလင်းကိုကြည့်ကာ တွေးတောကာ ပြောသည်။
“ဒါက အကယ်ဒမီတွေက ပါရမီကြီးတဲ့သူတွေအားလုံးကို ဆွဲဆောင်နိုင်မှာပဲ၊ ဒါက ဖြစ်သင့်ပါတယ်၊ သေချာပေါက် ရှန်းဟွမ်အကယ်ဒမီကပဲ နိုင်မှာပေါ့”
ကျွင်းလင်းက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ကျွင်းဟောင်လည်း အဲဒီမှာ ပါလိမ့်မယ်”
“အဲဒီတော့”
ချီရှောက်ရုန်က မသေချာစွာကြည့်သည်။
ကျွင်းလင်းက သက်ပြင်းချကာ ပြော၏။
“ရှန်းဟွမ်အကယ်ဒမီက ဒီနှစ်မှာ ပါရမီရှင်တွေအများကြီးကို ပိုင်ဆိုင်ထားတယ်၊ ရှန်းဟွမ်အကယ်ဒမီရဲ့ ကျောင်းအုပ် လုမင် အဲဒီအဖိုးကြီးက ဒီပြိုင်ပွဲကို စောင့်ဆိုင်းနေတာ ကြာလှပြီ၊ ဒီတစ်ကြိမ်မှာ အဆင့်သတ်မှတ်ချက်တွေ အားလုံးကိုတောင် သူတို့ကျောင်းကပဲ ရသွားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဒါဆိုရင် ကျောင်းအုပ်ကတော့ စိုးရိမ်နေတော့မှာပဲ”
“ဒါပေါ့ ကျောင်းအုပ်နဲ့လုမင်က နှစ်များစွာ တိုက်ခိုက်လာခဲ့ကြတာလေ၊ အခု ရှန်းကွမ်းအကယ်ဒမီက ဒီလိုအဆင့်အတန်းအထိ ပိုင်ဆိုင်နေပြီ၊ ဒီတော့ ကျောင်းအုပ်ကတော့ စိတ်ညစ်နေတော့မှာပဲ၊ ထျန်းလန်အကယ်ဒမီဆိုရင် အယောက်တစ်ရာထဲမှာ ထိပ်ဆုံးဆယ်နေရာကိုဝင်ဖို့တောင် မနည်းကြိုးစားနေရတာ၊ ဒီနှစ်မှာတော့ ဘယ်လိုအခြေအနေရှိမလဲ မသိနိုင်ဘူး၊ သခင်လေးချီကရော ပြိုင်ပွဲကို စိတ်မဝင်စားဘူးလား”
ချီရှောက်ရုန်က ကျွင်းလင်းကိုကြည့်ကာ ပြောသည်။
“ဆရာမ ကျွင်းလင်းက နောက်နေတာလား၊ ပြိုင်ပွဲက ပါရမီရှင်တွေအတွက်ပဲလေ၊ ကျွန်တော်က သာမန်ပဲ၊ ဘယ်ဖြစ်နိုင်ပါ့မလဲ”
“ဒါပေါ့၊ ဒါပေမဲ့ ဘယ်သူ သိနိုင်မှာလဲ၊ ငါကတော့ ကျောင်းသားချီက ဒီပြိုင်ပွဲကို သွားမယ်ဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ်လို့ထင်တယ်”
“…”
“ဆရာမကျွင်းလင်း။ ဆရာမကျွင်းလင်းကို ကျွင်းဟောင်ရှာနေပါတယ်”
ကျောင်းသားတစ်ယောက်က အနားသို့လာကာ ပြောသည်။
ကျွင်းလင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ကျွင်းဟောင် ရောက်လာသည့်အတွက် အံ့ဩသွားပုံရ၏။ ကျွင်းလင်းက ချီရှောက်ရုန်ကို ကြည့်သည်။ ထို့နောက် ပြော၏။
“ကျောင်းသားချီ ငါ အရင်သွားရတော့မယ်၊ ပြိုင်ပွဲအကြောင်းကို ထည့်တွေးထားလိုက်ပါအုံး”
ချီရှောက်ရုန်က ထွက်သွားသည့်ကျွင်းလင်းကို စိုက်ကြည့်နေသည်။
…
“အားဟောင် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
ကျွင်းဟောင်က အရေးအပေါ်အခြေအနေ ဖြစ်နေပုံရသည်။
“အစ်မကျွင်းလင်း နတ်ဆိုးသမားတော်ရဲ့သတင်းကို ကြားသေးလား”
“နင်ဘယ်က ကြားလာတာလဲ၊ ငါလည်း သူ့ကိုရှာနေတာလေ”
ကျွင်းဟောင်က ကျွင်းလင်းကို စိုက်ကြည့်ကာ ပြောသည်။
“အစ်မကျွင်းလင်း အစ်မကျွင်းလင်းမှာ နတ်ဆိုးသမားတော်ရဲ့သတင်းရှိရင် ကျွန်တော့်ကို ဖုံးကွယ်ထားဖို့ မလိုပါဘူး၊ နတ်ဆိုးသမားတော် ပျောက်သွားပြီးတဲ့ နောက်မှာ သူ ဘာစီးပွားရေးကိစ္စကိုမှ ကိုင်တွယ်ခဲ့တာ မရှိဘူး၊ ဒါပေမဲ့ အစ်မနဲ့ ပတ်သက်ပြီး ကူညီခဲ့တာ ရှိတယ်လို့ ကြားရတယ်၊ အထူးသဖြင့် ဆရာမစွန်းလင်းရဲ့ကိစ္စပေါ့”
“ဒါက ချီရှောက်ရုန်ဆီကနေ တစ်ဆင့် ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ အခြေအနေကို သိရလို့ပါပဲ”
ကျွင်းဟောင်က ကျွင်းလင်းကို ကြည့်ကာ ပြောသည်။
“ကျွန်တော် မကြာခဏ နတ်ဆိုးသမားတော်ရဲ့ ခြံဝန်းအပြင်ဘက်မှာ သွားနေခဲ့ပြီး စာများစွာ ပေးပို့ခဲ့ပေမဲ့ တစ်ခါမှ ပြန်စာရမလာခဲ့ဘူး၊ သူက ဘာလို့ အစ်မကျွင်းလင်းရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ စာကိုပဲ ဂရုစိုက်တာလဲ”
“ဘာလို့လဲဆိုတော့ နတ်ဆိုးသမားတော်က ကြင်နာတတ်လို့လေ၊ ငါက စွန်းလင်းနဲ့ပတ်သက်တဲ့ ရောဂါအခြေအနေကို ရေးထားလို့ ကူညီခဲ့တာ ဖြစ်မှာပေါ့”
ကျွင်းဟောင်က သက်ပြင်းချကာ ပြောသည်။
“ဒီလိုကိုး”
ကျွင်းလင်းက ကျွင်းဟောင်ကို ကြည့်ပြီးပြောသည်။
“အားဟောင် မင်းနဲ့ချီရှောက်ရုန်ရဲ့ ဆက်ဆံရေးက ဘယ်လို အခြေအနေရှိလဲ”
“အစ်မကျွင်းလင်း ဘာလို့ မေးတာလဲ”
“ဒီအတိုင်း မေးကြည့်တာပါ”
“ကျွန်တော် သူ့ကို မကြိုက်ဘူး”
ကျွင်းလင်းက ကျွင်းဟောင်ကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့စွာပြောသည်။
“အားဟောင် မင်းစေ့စပ်ပွဲကို ဖျက်ခဲ့ပြီးပြီ၊ မင်းအရင် မှားခဲ့တာပဲ၊ ချီရှောက်ရုန်နဲ့ပတ်သက်ပြီး အခြေအနေ ပြန်ကောင်းအောင် ကြိုးစားသင့်တယ် မဟုတ်ဘူးလား”
ကျွင်းဟောင်က ကျွင်းလင်းကို မယုံနိုင်သလိုကြည့်ပြီးပြောသည်။
“အစ်မကျွင်းလင်း ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုဖြစ်ပြီး ဒါတွေ လာပြောနေတာလဲ”
“ဒီအတိုင်းပဲ ပြောတာပါ”
ကျွင်းဟောင် “…”
ကျွင်းလင်းက ကျွင်းဟောင်ကို ကြည့်ပြီးပြောသည်။
“အားဟောင် မင်းသိလား၊ နတ်ဆိုးသမားတော်က ချီရှောက်ရုန်ကို ကြိုက်တယ်၊ မင်းက နတ်ဆိုးသမားတော်ရဲ့ မျက်နှာသာပေးမှုကို လိုချင်တယ်ဆိုရင် ချီရှောက်ရုန်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်တာက အကောင်းဆုံးပဲ”
ကျွင်းဟောင်က ကျွင်းလင်းကို တစ်ခဏခန့် စိုက်ကြည့်ပြီးပြောသည်။
“အစ်မကျွင်းလင်း လာနောက်နေတာပဲဖြစ်မယ်”
ကျွင်းလင်းက ပြုံးသည်။
“ငါ နောက်နေတာပါ”
ကျွင်းဟောင် သက်ပြင်းချလိုက်သည်။
“ကျွန်တော် လန့်လို့သေတော့မယ်၊ အစ်မကျွင်းလင်း နောက်ဆို ဒီလိုမျိုးတွေ မနောက်ပါနဲ့”
ကျွင်းလင်း “…”
သူက ထရပ်ကာ ပြောသည်။
“အစ်မကျွင်းလင်း ကိစ္စမရှိတော့ဘူးဆိုတော့ ကျွန်တော် သွားတော့မယ်”
ကျွင်းလင်းက လက်ကာပြလိုက်သည်။
“သွား သွား”
ကျွင်းဟောင်၏ ကျောပြင်ကို စိုက်ကြည့်နေသည့် ကျွင်းလင်း၏ အမူအရာတွေက ပြောင်းလဲနေသည်။ သူမက သက်ပြင်းချလိုက်၏။ သူမ ထရပ်ရန် ပြင်လိုက်သည့်အချိန်တွင်ပင် အဝေးမှရောက်လာသည့် စွန်းလင်းက ပုခုံးကို ဖိချကာ တားသည်။
“ဆရာမကျွင်း ဆရာမရဲ့ဝမ်းကွဲက တော်တော်လေးကို ခန့်ညားတာပဲနော်”
ကျွင်းလင်းက ရယ်လိုက်သည်။
“ခန့်ညားတော့ရော ဘာအသုံးဝင်မှာလဲ၊ သူ့မှာ ဝက်ခေါင်းပဲရှိတာ”
“…”
“ဆရာမကျွင်းလင်း၊ ဆရာမကျွင်းလင်း ဘာတွေပြောနေတာလဲ”
စွန်းလင်းက နားမလည်သလိုမေးသည်။
“ဘာရယ်မဟုတ်ပါဘူး”
ကျွင်းလင်း ခေါင်းခါလိုက်သည်။
စွန်းလင်း “…”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...