part99

5.8K 776 3
                                    

unicode
အပိုင်း ၉၉
ထျန်းလန်အကယ်ဒမီ။
ချီဟန်က လေလံစာရင်းကို ချီရှောက်ရုန်ကို ပြကာ ပြောသည်။
“သခင်လေး အားလုံးပေါင်း အမျိုးတစ်ရာရှိပါတယ်၊ မူတင်းရွှယ်ကတော့ နံပါတ် ၇၂ မှာပါ”
“သစ်သားဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူကိုတောင်မှ ၇၂ နေရာကို ထည့်ထားတယ်၊ အဲ့ဒီက လူတွေက ငါ့လူတွေကို အထင်သေးတာပဲ”
ချီရှောက်ရုန်က မပျော်မရွှင် ပြောသည်။
ချီဟန်က ပုခုံးတွန့်လိုက်၏။
“ဒါက မူတင်းရွှယ်ရဲ့ မျက်နှာကြောင့်ပါ”
ချီရှောက်ရုန် ခေါင်းညိတ်သည်။
“တင်းရွှယ်က သူ့ရဲ့မျက်နှာနဲ့ ပိုက်ဆံအကုန်သက်သာအောင် လုပ်ပေးမယ်လို့ မထင်ထားဘူး”
“ရီဖန်က အပျက်အစီးမြစ် ကြေးစားစစ်သားတွေ အားလုံးကို အဆိပ်ခတ်လိုက်တယ်”
ချီဟန်က ပြောသည်။
“ဘယ်အချိန်က ဖြစ်သွားတာလဲ”
“ဒီနေ့ပါပဲ”
“ဒီကောင်ကတော့ ပျင်းတယ်ထင်ရပေမယ့် သူ ပြဿနာတတ်တဲ့အချိန်မှာ လျင်လျင်မြန်မြန် ရူးသွပ်သွားပြီး လုပ်ဆောင်နိုင်စွမ်းရှိတယ်”
ချီရှောက်ရုန်က ခေါင်းကို ခါနေသည်။
ချီဟန်ကလည်း ခေါင်းညိတ်၏။
“ဟုတ်တယ်၊ သူက မြန်မြန်လုပ်နိုင်တယ်၊ ဒါပေမဲ့ သူတော့ အခု စောင့်ကြည့်ခံရတော့မှာပဲ”
“အဆင်ပြေပါတယ်၊ သူ့ရဲ့နောက်ခံ ပေါ်ထွက်သွားရင်တောင်မှ ရီမိသားစုက ဘာမှ မလုပ်နိုင်ပါဘူး၊ ရီမိသားစုက အခုဒုက္ခ ရောက်နေတာပဲလေ၊ သူတို့က ဉာဏ်ရှိရင် ရီဖန်ကိုတောင် ပံ့ပိုးပေးရအုံးမယ်”
ချီဟန်က ပုခုံးတွန့်သည်။
“ကျွန်တော်လည်း မျှော်လင့်မိတာပဲ၊ ဒါပေမဲ့ ရီမိသားစုက အဲ့လိုလုပ်မယ် မထင်ဘူး”
ရီမိသားစု …။
“ဒါက ဘာလဲ ငါ ကြည့်ပါရစေ”
ရီချူးရွှယ်က အိမ်တော်ထိန်း၏ လက်ထဲတွင်ရှိသည့် ဖိတ်ကြားစာကို ကြည့်၏။
“သခင်မလေး ဒါက ကောင်းကင်တိမ်လေလံအိမ်က ဖိတ်ကြားစာပါ၊ ကျွန်တော် ဒါကို သခင်ကြီးဆီကို သွားပေးဖို့ လိုအပ်နေပါတယ်၊ သခင်မလေး သခင်မလေး မဖတ်သင့်ဘူး၊ ဒီထဲမှာ ပါတဲ့ပစ္စည်းတွေအားလုံးက ဈေးမပေါဘူးဆိုတော့ သခင်မလေး တတ်နိုင်မှာ မဟုတ်ပါဘူး”
အိမ်တော်ထိန်းက ပြောသည်။
ရီချူးရွှယ် ဒေါသထွက်သွားသည်။
“နင် နင် ဘယ်လိုတောင် ငါ့ကို ပြောရဲတာလဲ”
“သခင်မလေး ဘာကိစ္စမှမရှိတော့ရင် ကျွန်တော့်ကို သွားခွင့်ပြုပါအုံး”
အိမ်တော်ထိန်းက ရီချူးရွှယ်ကို တစ်ချက် ကြည့်ပြီးသည်နှင့် ထွက်သွားသည်။
ရီချူးရွှယ်က အိမ်တော်ထိန်း၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးက ဒေါသများဖြင့် တောက်လောင်လာသည်။ သူမက ငယ်ငယ်ကတည်းက အလေးစားခံရကာ ဝိုင်းအလိုလိုက်ခံထားရသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးကို မကိုင်တွယ်နိုင်တော့ပေ။
ရီချူးရွှယ်က သူမ၏အိမ်တော်ကို ဒေါသထွက်လျက် ပြန်ရောက်လာသည်။ ယခင်ကဆိုလျှင် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမကို အလွန်ချစ်မြတ်နိုးကြသည့် အစ်ကိုများထံသို့သွားကာ ပြောမိလောက်သော်လည်း ယခုအခါတွင်မူ ထိုအစ်ကိုများ အားလုံးက တစ်ယောက်က လူရယ်စရာပြက်လုံး ဖြစ်လာလေပြီး အခြားတစ်ယောက်ကမူ လောင်ကစားတွေ လုပ်ရင်း အရက်သောက်သူ ဖြစ်သွားခဲ့ကြချေပြီ။
“ချူးရွှယ် ဘာဖြစ်တာလဲ”
ယန်မန်က ထွက်လာကာ မေးသည်။
“အမေ မိသားစုက လူတွေက သမီးကို အထင်သေးနေကြတယ်”
ယန်မန်ကလည်း ထိုကိစ္စကြောင့် မပျော်မရွှင် ဖြစ်နေသည်။ သို့သော် သူမကလည်း မတတ်နိုင်ပေ။
“အမေ အမေ သိနေတာလား၊ ကောင်းကင်တိမ်လေလံပွဲက စတင်တော့မယ်လေ”
ရီချူးရွှယ်က ပြောသည်။
ယန်မန်က ခေါင်းညိတ်၏။
“အင်း”
လေလံပွဲဖြစ်သဖြင့် ရတနာများစွာကိုသာ တင်သွင်းပေလိမ့်မည်။ အခြားနှစ်တွေသာဆိုလျှင် ယန်မန်က အခြားသော သခင်မတွေနှင့်အတူ ပေါင်းကာ သွားလောက်သော်လည်း ယခုမူ သူမ၏စိတ်အခြေအနေက ကောင်းမနေတော့ပေ။
“အမေ အဲဒီမှာ နှင်းစက်ပန်းကိုလည်း လေလံတင်လိမ့်မယ်၊ သမီး အဲ့ဒါကို လိုချင်တယ်”
ရီချူးရွှယ်က ပြောသည်။
ယန်မန် နှုတ်ခမ်းကိုမဲ့သည်။ နှင်းစက်ပန်းဆိုသည်မှာ အလွန်အဖိုးတန်သည့် ဆေးဖြစ်ကာ မျက်နှာကိုသာ ဆေးကြောလိုက်မည်ဆိုလျှင် သလင်းကဲ့သို့ ကြည်လင်တောက်ပသွားသည့် အသားအရေကို ပိုင်ဆိုင်ကာ နှစ်များစွာ နုပျိုသွားစေပေလိမ့်မည်။
“လာစမ်းပါ၊ မဆူစမ်းပါနဲ့၊ လေလံအိမ်မှာ အာဏာကြီးတဲ့သူတွေ အများကြီးပဲ၊ နင်သာ လေလံအိမ်ကို ဝင်သွားရင် သူတို့ကို နိုင်မှာ မဟုတ်ဘူး”
ယန်မန်က ပြောသည်။
ရီပင်းနှင့်ရီဟောင်ကို ကယ်ဆယ်ရန်အတွက် သူမ ငွေကုန်ကြေးကျခံကာ အလင်းဘုန်းတော်ကြီးများစွာကို ပင့်ဖိတ်ထားခဲ့ရသည်။ ယခုအခါတွင် မည်သူမျှ မသက်သာလာသည့်အပြင် သူမ၏ပိုက်ဆံတွေကသာ ဆုံးရှုံးသွားခဲ့ရပေသည်။
“အမေ အမေက အစ်ကိုတို့နှစ်ယောက်လုံး ပျက်စီးသွားတော့ သူတို့အပေါ်မှာတောင် ပိုက်ဆံတွေ ဆက်သုံးပေးနေသေးတယ်၊ ဒါပေမဲ့ သမီးကိုကျတော့ ဘာလို့ နည်းနည်းပါးပါး မထောက်ပံ့ပေးတာလဲ”
ရီချူးရွှယ်က ဒေါသတကြီးပြောသည်။
ယန်မန်က ရီချူးရွှယ်၏ပါးကို ရိုက်ကာ ပြော၏။
“နင်ကတော့ ဒီလိုအခြေအနေမျိုးမှာတောင် ဒီအကြောင်းတွေကိုပဲ တွေးနေနိုင်သေးတယ်၊ အစ်ကိုကြီးတွေအားလုံးက ဒီလိုဖြစ်နေတာတောင် ပျော်ပါးဖို့ပဲ တွေးနေတုန်းပဲလား၊ နင့်အဖေက အခုကလန်ခေါင်းဆောင်နေရာကိုတောင် ဆုံးရှုံးသွားရပြီလေ”
ရီချူးရွှယ်က ယန်မန်ကို ဒေါသတကြီး ကြည့်ပြီးနောက် ထွက်သွားသည်။
------
ထျန်းလန်အကယ်ဒမီတွင်။
ချီရှောက်ရုန်က လှေကားပေါ်မှ ဆင်းလာသည့်အခါ ကျွင်းဟောင်ကို မြင်လိုက်ရသည်။
“မင်း ဘာလုပ်နေတာလဲ”
“မင်း လေလံအိမ်ကို သွားမှာ မဟုတ်လား၊ ငါ့မှာ ရထားလုံး ပါတယ်၊ ငါ မင်းကို ခေါ်သွားပေးမယ်”
ချီရှောက်ရုန်က ရပ်တန့်ပြီးနောက် ကျွင်းဟောင်ကို ကြည့်သည်။ တစ်ခဏကြာမှသာ သူက ပြောလိုက်၏။
“ဒါဆိုလည်း ကျေးဇူးအများကြီးတင်ပါတယ်၊ သခင်လေးကျွင်း”
ချီရှောက်ရုန်က သည်နေ့ မြေခွေးသားမွှေးများပါသည့် အပေါ်ဝတ်ကို ဝတ်ဆင်ထားကာ သူ၏ ပြိုင်ဘက်ကင်းအောင်လှသည့် အလှမျိုးနှင့်ဆိုလျှင် အလွန်အမင်း ကြည့်ကောင်းနေသည်။
ကျွင်းဟောင်ကပင် ငေးကြည့်မိသွား၏။
“သခင်လေးကျွင်း ဘာဖြစ်တာလဲ”
ချီရှောက်ရုန်က မေးလာသည်။
ကျွင်းဟောင်က ခေါင်းခါကာ ပြော၏။
“ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်း ဒီအတိုင်း မင်းက အရမ်းလှနေလို့”
ချီရှောက်ရုန်က ခေါင်းကိုမော့သည်။
“ငါ ပြောခဲ့ဖူးသားပဲ၊ ငါက ရှားမှရှားတဲ့ အလှလေးလေ၊ ဘာလဲ အခု သခင်လေးကျွင်းက ဒါကို လက်ခံသွားပြီလား”
ကျွင်းဟောင်က ခေါင်းညိတ်၏။
“အင်း၊ ငါ လက်ခံတယ်”
ချီရှောက်ရုန်”…”
ချီရှောက်ရုန် ကျွင်းဟောင်၏ ရထားလုံးထဲသို့ ဝင်လိုက်သည့်အခါ အထဲတွင် လူတစ်ယောက်ရှိနေကြောင်း မြင်လိုက်ရသည်။
“အားချန်လည်း ရှိနေတာကိုး”
ချီရှောက်ရုန်က ကျွင်းချန်ကို နှုတ်ဆက်လိုက်သည်။
ကျွင်းချန်က သတိထားကာ ခေါင်းညိတ်၏။
“ဟုတ်ကဲ့”
ရထားလုံးက ခမ်းနားလွန်းလှကာ လူ ငါးယောက်၊ ခြောက်ယောက်ဝင်ထိုင်လျှင်ပင် ပြဿနာမရှိပေ။ သို့သော် ကျွင်းချန်က ထောင့်နားတွင်သာ ကုပ်နေပေ၏။
“ငါကြားတာတော့ ငါက အရမ်းဒေါသကြီးတယ်ဆိုတဲ့ သတင်းကို မင်းက လိုက်ဖြန့်နေခဲ့တာဆို”
ချီရှောက်ရုန်က ပြုံးကာ မေးလိုက်သည်။
ကျွင်းချန် ”… ဒါ ဒါ ဒါ နားလည်မှု လွဲတာပါ သခင်လေးချီ၊ သခင်လေးချီက ဒေါသမကြီးပါဘူး၊ သခင်လေးချီက အရမ်းကို ညင်သာသိမ်မွေ့ ခန့်ညားချောမောတာပါ”
ချီရှောက်ရုန်က နှာခေါင်းရှုံ့ကာ ရယ်သည်။
“ဟမ့် ဟာသပဲ”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now