unicode
အပိုင်း ၆၂
ရှန်းယွမ်အတုဟာ ခုနစ်ရက်ပင် မကြာသေးသည့်အချိန်တွင်ပင် ရှန်းဟွမ်အကယ်ဒမီမှ ကျောင်းသားလေးယောက်ကို အပြင်သို့ နှင်ထုတ်နိုင်ခဲ့သည်။ လုမင်၏မျက်နှာက မဲမှောင်နေ၏။ ဟူဖုန်း၏မျက်နှာအခြေအနေကမူ ကောင်းမွန်နေပေသည်။
ဟူဖုန်းနှင့်လုမင်တို့က အချိန်တိုင်း တိုက်ခိုက်နေကြသူများ ဖြစ်သည်။ သည်တစ်ကြိမ်တွင် လုမင်က ခေါင်းကို မြင့်မားစွာ မော့ထားကာ သူတို့အကယ်ဒမီကသာ ဆုတွေအားလုံးကို သိမ်းပိုက်ထားမည်ဟု ကြွေးကြော်ထားသူ ဖြစ်သည်။ ထို့ကြောင့် ဟူဖုန်းက ကြည့်မရဖြစ်နေခြင်း ဖြစ်သည်။ ရလဒ်က သည်လိုဖြစ်လာသည့်အခါ သူ ကျေနပ်နေတော့၏။
“ကျောင်းအုပ် ချီရှောက်ရုန်နဲ့ ချန်းမြန်တို့က ဒီလောက်အထိ လုပ်နိုင်အောင် ကျောင်းအုပ် စီစဉ်ထားတာ မဟုတ်လား”
လီဟုန်က မေးသည်။
ဟူဖုန်းက ခေါင်းကိုမော့ထား၏။
“ကျောင်းအုပ်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ၊ ဒီလောက်ပြီးပြည့်စုံတဲ့ အကြံအစည်ကို စီစဉ်ထားနိုင်တယ်”
လီဟုန်က လေးစားနေသည်။
ဟူဖုန်းက ခေါင်းကိုမော့ထားသေး၏။
“ဘာရယ်မဟုတ်ပါဘူး၊ မင်းရဲ့ကျောင်းအုပ်ကို ဘယ်သူလို့ ထင်နေတာလဲ”
အမှန်အတိုင်းဆိုရသော် ချီရှောက်ရုန်၏အကြံအစည်တွေကို သူ မသိထားပါပေ။
“လီဟုန် လီဟုန် ငါက ဘာလို့ ကျောင်းအုပ်ဖြစ်နေပြီး မင်းက ဒုကျောင်းအုပ် ဖြစ်နေလဲဆိုတာကို သိပြီမဟုတ်လား”
လီဟုန် “…”
ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့လက်သီးက ပိုမာလို့မဟုတ်ဘူးလား …။
ကျွင်းချန်က ရှန်းယွမ်ကို တံတောင်နှင့်တို့သည်။
“အစ်ကိုကြီးရှန်းယွမ် ဒီကျောင်းသားရဲ့ နောက်ခံကို သိလား”
ရှန်းယွမ်က မျက်မှောင်ကြုတ်သည်။
“မသိဘူး၊ သူက သာမန်ကျောင်းသားတစ်ယောက်ပါပဲ၊ ထျန်းလန်အကယ်ဒမီမှာတောင် ကျော်ကြားခဲ့တာ မဟုတ်ဘူး၊ ဒါက ဟူဖုန်းရဲ့ လျှို့ဝှက်ထားတဲ့ ကျွမ်းကျင်ပညာရှင်ဖြစ်လိမ့်မယ်”
ရှန်းယွမ်က အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားကာ စုံစမ်းထားခဲ့သည်။ မမျှော်လင့်ထားစွာပင် ယခုလို အခြေအနေကို ကြုံတွေ့ခဲ့ရ၏။
ကျွင်းချန်က ရှန်းယွမ်ကို ကြည့်ကာ မေးသည်။
“အစ်ကိုကြီးရှန်းယွမ် မစိုးရိမ်ပါနဲ့၊ ဒီမှာ လူအများကြီးရှိနေတာပဲ၊ သူတို့ကလည်း ကံဆိုးတာပါပဲ”
ရှန်းယွမ် “…”
ဒါက အကူအညီမဖြစ်ဘူးကွ ဟုတ်ပြီလား။
ထိုအချိန်အတောအတွင်းတွင် ရှန်းယွမ်အကယ်ဒမီမှ လူများစွာ နှင်ထုတ်ခံနေရလေပြီ။ သူတို့က သည်တစ်ကြိမ်တွင် ပြက်လုံးကြီး ဖြစ်လာမည်ဟု ခံစားနေမိ၏။
“ဟူဖုန်း ဒီအကောင်ကတော့ တကယ်ပဲ၊ သူက ဝှက်ဖဲတစ်ခုကိုတောင် ဖုံးကွယ်ထားနိုင်တယ်၊ ဒီလူအိုကြီးက တစ်ခုခုတော့တစ်ခုခုပဲ”
ကျွင်းချန်က ပြောသည်။
ရှန်းယွမ်က ဟူဖုန်းရှိရာဘက်သို့ ကြည့်လိုက်သည်။ ဟူဖုန်းက အလွန်ပျော်ရွှင်နေပုံရကာ အပြုံးကြီးကြီးကို ချိတ်ဆွဲထားပေ၏။ ထိုအပြုံးကြီးက သူ့မျက်နှာကို လက်သီးနှင့် ထိုးချင်လောက်ပေသည်။
လျှို့ဝှက်နယ်မြေထဲတွင် ချီရှောက်ရုန်က နယ်မြေ နံပါတ်(၅)သို့ သွားနေသည်။ များစွာသော ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံခဲ့ကာ မည်သူကမျှ အဆင့်(၇)သို့ မရောက်နေခဲ့ကြပေ။ အများစုက အဆင့်(၅)များ ဖြစ်ကြကာ အဆင့်(၆) တစ်ယောက်၊ နှစ်ယောက်သာ ရှိကြပေ၏။ နံပါတ်(၅) နယ်မြေတွင်ဆိုလျှင် သူတို့၏ လုပ်ဆောင်နိုင်စွမ်းအားကို ကောင်းကောင်းပြသနိုင်မည့်နေရာဟု သတ်မှတ်နိုင်ပေသည်။
ချီရှောက်ရုန်က သူ့မြင်ကွင်းသို့ ဝင်လာသည့် ပျားများစွာကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုပျားကြီးများ၏ အရှေ့တွင်ပင် အလွန် မြင့်မားလှသည့် သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရ၏။ ချီရှောက်ရုန်က ဒါတွေကို ကြည့်ရင်း သူ၏မျက်နှာက တောက်ပသွားသည်။
ချီရှောက်ရုန်က မှော်တုတ်တံကို လွှဲရမ်းလိုက်ပြီးနောက် ထိုပျားတွေအားလုံးကို အပြတ်ရှင်းလိုက်တော့၏။ ချီရှောက်ရုန်က ဒါတွေအားလုံးကို ရှင်းလင်းပြီးနောက် ထိုသစ်ပင်၏အောက်တွင် ထောင်ချောက်ကို ဆင်သည်။
လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင်ရှိနေသည့် ကျွင်းချန်က ရှန်းယွမ်ကို ကြည့်ကာ မေးသည်။
“အစ်ကိုကြီးရှန်းယွမ် ချီရှောက်ရုန်က ဘာတွေလုပ်နေတာလဲ”
ရှန်းယွမ်က ခေါင်းခါကာ ပြောသည်။
“ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ ဒီကောင်လုပ်နေတာက ကောင်းတာတော့ မဖြစ်နိုင်ဘူး”
“အစ်ကိုကြီးရှန်းယွမ် ချီရှောက်ရုန်က ဒီလောက်တော်နေရင် ကျွန်တော့်အစ်ကိုကြီး အဆင်ပြေပါ့မလား”
ကျွင်းချန်က စိတ်ပူလာသည်။
ရှန်းယွမ်က ခေါင်းခါကာ ပြော၏။
“အဆင်ပြေမှာပါ”
ရုတ်တရက် ရှန်းယွမ် တုံ့ဆိုင်းသွားသည်။ ချီရှောက်ရုန်က ကျွင်းဟောင်ကို ကိုင်တွယ်ရန် ပြင်ဆင်ထားပြီးပြီဟု ဆိုထားသဖြင့် တစ်ခုခုတော့ တစ်ခုခု ဖြစ်နေပေလိမ့်မည်။
ကျွင်းချန်၏ နှုတ်ခမ်းတွေက ကော့တက်သွား၏။
“အစ်ကိုကြီးရှန်းယွမ် ချီရှောက်ရုန်က ကျွန်တော်အစ်ကိုကို ကိုင်တွယ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ ဟုတ်နေနိုင်လောက်လား”
ကျွင်းချန် ကို့ရို့ကားယား ပြုံးနေသည်။
“မသေချာဘူး”
“လက်ကောက်”
ရှန်းယွမ်၏ မျက်ခုံးတွေက ပင့်တက်သွားသည်။
ကျွင်းချန်က ရှန်းယွမ်ကို ကြည့်ကာ မေး၏။
“အစ်ကိုကြီး ဘာတွေပြောနေတာလဲ”
ရှန်းယွမ် ခေါင်းခါလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး”
ရှန်းယွမ်က ခေါင်းကိုငုံ့ထားကာ တွေးတောနေသည်။ ထိုလက်ကောက်တွင် တစ်ခုခုတော့ တစ်ခုခု ဖြစ်နေလောက်ပေ၏။ သို့သော် သူ ကျွင်းဟောင်ကို သတိပေး၍ မရတော့ပေ။
ကျွင်းချန်က ရှန်းယွမ်ကို ကြည့်သည်။
“အစ်ကိုကြီးရှန်း တစ်ခုခုဖြစ်လို့လား”
ရှန်းယွမ် ခေါင်းခါလိုက်သည်။
…
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...