unicode
အပိုင်း ၇၄“အကြီးအကဲ နတ်ဆိုးသမားတော်”
ထန်းထျန်းရင်က ကျားပေါက်လေးကို ကိုင်လျက်ဝင်ရောက်လာသည်။
ကျားပေါက်လေးက ချီရှောက်ရုန်ကိုမြင်သည်နှင့် သနားစဖွယ်လေးအော်သည်။ ချီရှောက်ရုန်က အနားသို့ကပ်သွားကာ ကျားပေါက်လေးကို ဖမ်းချီလိုက်၏။ ကျားပေါက်လေးက ချီရှောက်ရုန်၏လက်မောင်းထဲတွင် ငြိမ်သတ်စွာဖြင့် နေနေခဲ့ပေသည်။
“အကြီးအကဲနတ်ဆိုးသမားတော် မတွေ့ရတာ ကြာပြီ”
ထန်းထျန်းရင်က ပြောသည်။
ချီရှောက်ရုန်က ထန်းထျန်းရင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“စတုတ္ထမင်းသား မတွေ့ရတာ ကြာပြီ၊ စတုတ္ထမင်းသားကတော့ ပိုပိုပြီး ခန့်ညားလာတုန်းပဲ”
“နတ်ဆိုးသမားတော်က စကားပြော ကောင်းလိုက်တာ၊ ကျားပေါက်လေးကလည်း နတ်ဆိုးသမားတော်ကို အရမ်းလွမ်းနေတာ”
ချီရှောက်ရုန်က ခြောက်ကပ်စွာ ပြုံးလိုက်သည်။
“ဒီကလေးကတော့ အလေးချိန်ပိုလာသလိုပဲ”
“ဒီလိုဆိုမှ အကြီးအကဲရဲ့မိတ်ဆွေ ချီရှောက်ရုန်က တစ်ခုခုတော့ တစ်ခုခုပဲနော်၊ သူက တိုက်ပွဲမှာ ဒီလောက်အထိ လုပ်နိုင်မယ်လို့တောင် မထင်ထားဘူး”
ထန်းထျန်းရင်က ပြောသည်။
“စတုတ္ထမင်းသားက ချီးကျူးလွန်းနေပါပြီ၊ တကယ်လို့ စတုတ္ထမင်းသားကသာ ပြိုင်ပွဲဝင်ခဲ့မယ်ဆိုရင် ထျန်းလန်အကယ်ဒမီက ပထမနေရာကို ရချင်မှရမှာပေါ့၊ ချီရှောက်ရုန်ကလည်း ရှုံးပြီး အပြင်ကို ထွက်သွားရတာလည်း ဖြစ်နိုင်တာပဲ၊ ဒီလိုဆိုရင် ငါလည်း ဝေစုရတော့မှာ မဟုတ်ဘူး”
ချီရှောက်ရုန်က ကျေးဇူးတင်သည့်အမူအရာဖြင့်ပြောသည်။
ထန်းထျန်းရင်က ဖျားနာနေသည့်မြင်းတွေကို ကြည့်ကာ ပြော၏။
“အကြီးအကဲနတ်ဆိုးသမားတော်၊ ဒီမြင်းတွေကို ကယ်လို့ရသေးလား”
ချီရှောက်ရုန်၏အကြည့်တွေက ကျဉ်းမြောင်းသွားသည်။
“ဒါကတော့ ငါ့ရဲ့ဆေးတွေ အဆင်သင့်ဖြစ်တဲ့အချိန်အထိ စောင့်ရမယ်၊ ဒီလိုအခြေအနေမျိုးမှာတော့ အသေအချာ မပြောနိုင်သေးဘူး”
“တကယ်တော့ ကျွန်တော့်မှာ ပြောစရာရှိနေတာပါ၊ နတ်ဆိုးသမားတော်ဆီကနေ အကူအညီ တောင်းရတော့မယ် ထင်တယ်”
ထန်းထျန်းရင်က ခေါင်းကိုငုံ့ကာ ရှက်ရွံ့စွာပြောသည်။
ချီရှောက်ရုန်က ထန်းထျန်းရင်၏မျက်နှာကို ကြည့်ပြီးနောက် ပုခုံးပင့်လိုက်သည်။
“တကယ်လား ဘာကိစ္စလဲ”
“ကျွန်တော် ကျောင်းပေါင်းတစ်ရာပြိုင်ပွဲကို သွားမကြည့်ခဲ့ရပေမယ့် နောက်တော့ ပြိုင်ပွဲရဲ့မှတ်တမ်းကို ပြန်ကြည့်ခဲ့ရပါတယ်၊ ဒါကြောင့် ကျွန်တော် ချီမိသားစုက ချီရှောက်ရုန်ကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ်”
ချီရှောက်ရုန်၏မျက်လုံးတွေက ပြူးကျယ်သွားသည်။ သူက ပြော၏။
“စိတ်မရှိပါနဲ့ စတုတ္ထမင်းသား အခု ဘာပြောလိုက်တာလဲ”
ထန်းထျန်းရင်ကလည်း ရှက်ရွံ့စွာဖြင့် ထပ်ပြောသည်။
“ကျွန်တော် ချီရှောက်ရုန်ကို သဘောကျလို့ပါ”
ချီရှောက်ရုန် “…”
ဘေးတွင်တိတ်ဆိတ်နေသည့် ချီဟန်က စိတ်ဝင်စားသည့်အမူအရာမျိုးဖြင့် ထန်းထျန်းရင်ကို ကြည့်လိုက်သည်။ သူက စနောက်ချင်သည့်အမူအရာမျိုးပင် ပေါ်နေသေးပေသည်။ သို့သော် ထန်းထျန်းရင်က ဒါကို သတိမထားမိပေ။
“စတုတ္ထမင်းသား အမှတ်များ မှားနေတာလား”
ထန်းထျန်းရင်က ချီရှောက်ရုန်ကိုကြည့်ကာ အလေးအနက်ပြောသည်။
“ချီရှောက်ရုန်က တကယ်ကို လေးစားဖို့ကောင်းတဲ့ သူမျိုးပါ၊ ဒီလိုလူမျိုးကို သဘောမကျစရာ အကြောင်းကို မရှိဘူးလေ”
ချီရှောက်ရုန် “…”
ကျွင်းချန်က လက်ညှိုးလေးထိုးကာ ထန်းထျန်းရင်ကိုကြည့်ပြီး မျက်လုံးပြူးစွာဖြင့် ပြောသည်။
“မင်း မင်း မင်း မင်း စတုတ္ထမင်းသား၊ စတုတ္ထမင်းသားက တကယ်ပဲ ပြင်းထန်တဲ့ ခံစားနိုင်စွမ်းအားရှိတာပဲ၊ ချီရှောက်ရုန်က တကယ်ကို ရက်စက် …”
ချီရှောက်ရုန်က ကျွင်းချန်ကို တစ်ချက်ကြည့်ကာ ပြော၏။
“သခင်လေးချန်က ဘာကိုဆိုလိုချင်တာလဲ၊ ရှောက်ရုန် လုပ်လိုက်တဲ့ကိစ္စကြောင့် မဟုတ်လား၊ အဲဒီအချိန်တုန်းက သခင်လေးချန်ကတောင်မှ အော်ဟစ်ပြီး အားပေးနေခဲ့သလားလို့”
ကျွင်းချန် “…”
ထန်းထျန်းရင်က ကျွင်းချန်ကို ကြည့်ကာ ပြောသည်။
“အားချန် လူတိုင်းမှာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ် ရှိတယ်လေ”
ထန်းထျန်းရင်၏အကြည့်တွေက ချီရှောက်ရုန်ထံသို့ ပြန်ရောက်သွားကာ မေးလိုက်၏။
“အကြီးအကဲ နတ်ဆိုးသမားတော်၊ အကြီးအကဲနတ်ဆိုးသမားတော်များ …”
“မရဘူး”
ချီရှောက်ရုန်က တန်းအော်သည်။ သူက ပြင်းထန်စွာဖြင့် ခေါင်းကိုခါ၏။
ထန်းထျန်းရင် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလို့လဲ”
“ချီရှောက်ရုန်မှာ သဘောကျတဲ့သူ ရှိပြီးသား”
သူက ပြောလိုက်သည်။
“အို ဘယ်သူလဲ”
“ငါလေ”
ထန်းထျန်းရင်က ချီရှောက်ရုန်ကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော်နဲ့ မျှမျှတတ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ပါတယ်”
ချီရှောက်ရုန် “…”
ချီရှောက်ရုန် ကျိန်ဆဲချင်သွားသည်။
“ငါက ရိုင်းချင်ရိုင်းမယ်၊ ဒါပေမဲ့ တည့်တိုးပဲ ပြောတတ်တယ်၊ ငါ့အထင်တော့ စတုတ္ထမင်းသား နောက်ဆုတ်သင့်တယ်”
ထန်းထျန်းရင်က အထင်တသေး ဆက်ပြောပြန်သည်။
“မတိုက်ခိုက်ပဲရတာက ကျွန်တော်တို့ တော်ဝင်မျိုးနွယ်တွေရဲ့ အစဉ်အလာမှ မဟုတ်တာ၊ ကျွန်တော်တို့ တော်ဝင်မျိုးနွယ်တွေရဲ့ အစဉ်အလာက တောင်ကို လိုချင်ရင် အဲဒီတောင်က ကျားကို အပြတ်ရှင်းပစ်တာမျိုးပဲ၊ ဒီတော့ အကြီးအကဲနတ်ဆိုးသမားတော်က အခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ်”
ချီရှောက်ရုန် “…”
ချီဟန်က ခေါင်းကိုငုံ့ထားသည်။ သူ မရယ်မိအောင် မနည်းထိန်းနေရ၏။
….....
“အကြီးအကဲနတ်ဆိုသမားတော် ကျွန်တော်နဲ့ ခဏလောက်လိုက်ခဲ့လို့ ရမလား”
ကျွင်းဟောင်က အနားသို့ရောက်လာသည်။
ထန်းထျန်းရင်နှင့် ချီရှောက်ရုန်တို့၏ စကားဝိုင်းကို ဖြတ်ပစ်လိုက်၏။
ချီရှောက်ရုန်က ကျွင်းဟောင်၏ ဆွဲခေါ်သွားခြင်းကို ခံရသည်။
ကျွင်းဟောင်က အလေးအနက်ပြောလာ၏။
“အကြီးအကဲနတ်ဆိုး သမားတော် ကျွန်တော် အကြီးအကဲကို ပေးစရာရှိတယ်”
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်သည်။ သူက ပျင်းရိစွာဖြင့် မေး၏။
“ဘာလဲ”
ကျွင်းဟောင်က လက်တစ်ဖက် ရမ်းလိုက်သည့်အခါ နှင်းလိုဖြူဖွေးသည့် သားရဲကောင်လေးတစ်ကောင် ထွက်လာပေသည်။ ထိုအကောင်လေး၏တစ်ကိုယ်လုံးက ဖြူဖွေးနေကာ ခေါင်းအထက်တွင် ဦးချိုလေးတစ်ခုက ရှိနေသေးသည်။ လှပလှသည့် တောင်ပံများလည်းပါကာ အလွန်အမင်း ချစ်မြတ်နိုးဖွယ်ကောင်းလွန်းလှပေသည်။ သူတော်စင်ဆန်ပြီး အထက်တန်းကျသည့် အရှိန်အဝါတွေကလည်း ထွက်ပေါ်နေသေး၏။
ကျွင်းဟောင်က ထိုသားရဲလေးကို ထုတ်ပြီးနောက် ချီရှောက်ရုန် ထိုအကောင်လေးကို ချစ်မြတ်နိုးသွားတော့သည်။
“ကောင်းလိုက်တဲ့ သားရဲပဲ”
“ဒါက အလင်းယူနီကွန်လေ၊ ဒီလိုသားရဲမျိုးကို ရှာတွေ့ဖို့က ခက်တယ်၊ ကျွန်တော်က ကံကောင်းစွာနဲ့ လျှို့ဝှက်နယ်မြေထဲမှာ ရှာတွေ့ခဲ့တာပဲ”
ချီရှောက်ရုန် ကြောင်သွားသည်။ ကျွင်းဟောင်က လျှို့ဝှက်နယ်မြေထဲကနေ သားရဲကို ရှာတွေ့ခဲ့လိမ့်မည်ဟု မထင်ထားမိပေ။
“အလင်းယူနီကွန်တွေက အလင်းမှော်ပညာရှင်တွေအတွက်ပဲ သင့်တော်တယ်၊ တကယ်လို့ အကြီးအကဲကသာ ဒီသားရဲနဲ့ စာချုပ်ချုပ်ဆိုလိုက်မယ်ဆိုရင် အနာဂတ်မှာ အလင်းမှော်စွမ်းအင်တွေကို လေ့ကျင့်တဲ့အခါ ပိုပြီးချောမွေ့သွားမှာပဲ၊ နောက်ပြီး အကြီးအကဲရဲ့ အလင်းစွမ်းအင်ကို ဒီသားရဲကလည်း အသုံးပြုနိုင်လိမ့်မယ်”
ကျွင်းဟောင်က ပြောသည်။
ဘေးဘက်တွင် ခိုးပြီး လိုက်နားထောင်နေသည့် ရှန်းယွမ်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“ဒါက ကိစ္စကြီးပဲ”
အလင်းယူနီကွန်တွေဟာ အလင်းဘုန်းတော်ကြီးတွေအတွက် အလွန်ကောင်းမွန်သည့် လက်တွဲဖော်တွေဖြစ်ကြသည်။ ယူနီကွန်တွေက အလွန်အမင်း ရှားပါးလွန်းလှကာ မတည်ရှိလုနီးပါးဖြစ်နေသည့်အတွက် ကျွင်းဟောင်တွင်သာ တစ်ကောင်ရှိကြောင်း သိသွားကြမည်ဆိုလျှင် ယွမ်ပြည်နယ်တစ်ခုလုံးကို လှုပ်ခါသွားလိမ့်မည်။
ကျွင်းဟောင်က ထိုသားရဲကို ထုတ်လိုက်နိုင်ခြင်းကပင် အင်ပါယာမြို့တော်တွင် ရှိသည့် အလင်းဘုန်းတော်ကြီးတွေအားလုံးကို တောင်းပန်ခယရန် လုံလောက်နေချေပြီ။
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“မင်းတကယ်ပဲ ငါ့ကို ပေးဖို့ သေချာရဲ့လား”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“သေချာပါတယ်၊ အကြီးအကဲ ကလွဲပြီး ဘယ်သူကမှ ဒါနဲ့မသင့်လျော်ပါဘူး”
“ဒါက ဈေးကြီးလွန်းတယ်၊ ငါ မတတ်နိုင်ဘူး”
ချီရှောက်ရုန် မျက်မှောင်ကြုတ်နေ၏။ ကျွင်းဟောင်နှင့် သူ၏ဆက်ဆံရေးက ရှုပ်ထွေးသည်။ ချီရှောက်ရုန်က တစ်ဖက်သူထံတွင် ကျေးဇူးကြွေး မတင်ချင်ပေ။
“မကြီးပါဘူး”
“ကျွင်းဟောင် ဒီအတွက် နောင်တရလိမ့်မယ်”
ချီရှောက်ရုန်၏အကြည့်တွေက အေးစက်နေသည်။
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြုံးလိုက်၏။
“ဘယ်လိုမျိုးလဲ”
ကျွင်းဟောင်က ချီရှောက်ရုန်၏လက်ကို ဖမ်းဆွဲကာ ယူနီကွန်ကို လက်ထဲသို့ ဖျတ်ခနဲထည့်ပေးလိုက်သည်။ ချီရှောက်ရုန်က ငြင်းဆန်ရန်ကြံသည့် အချိန်တွင်ပင် ခေါင်းအထက်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ့လက်ခုံအား ကျွင်းဟောင်က ဖမ်းကိုင်လိုက်ကာ စာချုပ်ကို အပြီးသတ်ပေးလိုက်၏။
ချီရှောက်ရုန်နှင့်ယူနီကွန်တို့က အလင်းရောင်တွေ လက်သွားပြီးနောက် သခင်နှင့်သားရဲစာချုပ်ချုပ်ဆိုခြင်းက ပြီးဆုံးသွားသည်။ ချီရှောက်ရုန်၏ နဖူးအလယ်တွင် သင်္ကေတပေါ်လာကာ ထူးခြားသည့်ဆက်သွယ်မှုတစ်ခု ရရှိသွားသည်။သူနှင့် ယူနီကွန်တို့က ဆက်သွယ်ပြီးပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုသို့စာချုပ်ချုပ်ဆိုခြင်းက ပြီးဆုံးသွားသည့်အခါ ယူနီကွန်က ချီရှောက်ရုန်ကို ပို၍ ချစ်မြတ်နိုးသည့် အရိပ်အယောင် ပြလာကာ ချီရှောက်ရုန်ကို သူ၏ခေါင်းလေးဖြင့် ပွတ်သပ်နေတော့ပေသည်။
ချီရှောက်ရုန်က ယူနီကွန်ကို ကြည့်သည်။ သူ၏မျက်ဝန်းထဲ စိတ်ရှုပ်ထွေးသည့် အလင်းရောင်တွေ လင်းလက်လာ၏။
“ကျွင်းဟောင် စာချုပ်ချုပ်ဆိုတာက ပြီးသွားပြီဆိုတော့ မင်း နောက်မှ နောင်တရလည်း အသုံးမဝင်တော့ဘူး”
ချီရှောက်ရုန်က ခေါင်းကိုငုံ့ကာ အေးစက်စွာ ပြောသည်။
ကျွင်းဟောင်က မကျေမနပ်ပြောသည်။
“ဒါက အကြီးအကဲအတွက် သီးသန့်ယူလာခဲ့တာပဲ၊ အကြီးအကဲအပိုင်ပေါ့”
“ကျွင်းဟောင် လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရတယ်၊ အနာဂါတ်မှာ နောင်တမရဖို့ မျှော်လင့်တာပဲ၊ အဲဒီအချိန်မှာ ငါက သနားနေမှာ မဟုတ်ဘူး”
“ကျွန်တော် လုပ်တာကို ကျွန်တော် သိပါတယ်၊ အဲ့ဒီအတွက် နောင်တမရပါဘူး”
ကျွင်းဟောင်က တည်ငြိမ်စွာပြောသည်။
ချီရှောက်ရုန်က ပြုံးလိုက်သည်။
“ငါလည်း အဲဒီလိုဖြစ်ဖို့ မျှော်လင့်တယ်”
ချီရှောက်ရုန်၏ မသက်မသာဖြစ်နေသည့် အမူအရာကိုမြင်ရသည့်အခါ ချီဟန်က အရှေ့သို့ထွက်လာကာ မေး၏။
“သခင်လေး သခင်လေး တစ်ခုခုများ ဖြစ်လို့လား”
ချီရှောက်ရုန် ခေါင်းခါလိုက်သည်။
“မဖြစ်ပါဘူး”
ချီရှောက်ရုန်က မြင်းတွေကို စစ်ဆေးကြည့်ပြီးနောက် ချီဟန်နှင့်အတူ ပြန်လာသည်။
ကျွင်းဟောင်နှင့်ကျွင်းချန်တို့ကလည်း ကျွင်းမိသားစုသို့ ပြန်သွားသည်။
“အစ်ကိုကြီး အစ်ကိုကြီး ဘယ်အချိန်က ယူနီကွန်ကို ရလာတာလဲ၊ ကျွန်တော်တောင် မကြားမိပါလား”
ကျွင်းချန်က စိတ်ရှုပ်ထွေးစွာ ပြောလာသည်။
ကျွင်းဟောင်က သက်ပြင်းချကာ ပြော၏။
“မင်းအတွက်မှ မဟုတ်တာ၊ ဘာလို့ ပြောရမှာလဲ”
ကျွင်းချန် “…”
“အဲဒီလိုဆိုမှ ဒီနေ့နတ်ဆိုးသမားတော်က..”
ကျွင်းချန်က ကျွင်းဟောင်ကို ကြည့်သည်။ သူက ပဟေဠိဖြစ်စွာပြုံး၏။
“အဲဒီလိုဆိုမှဆိုတာ ဘာကိုပြောတာလဲ၊ နတ်ဆိုးသမားတော်က ဘာဖြစ်လို့လဲ၊”
ကျွင်းဟောင်က ခေါင်းကိုငုံ့သွားသည်။
"အခုလေးတင် နတ်ဆိုးသမားတော်နဲ့ ငါနဲ့ကြားမှာ ထူးခြားတဲ့ဆက်သွယ်မှုတစ်ခု ရှိသလို ခံစားလိုက်ရတယ်"
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...