Part 58

5.9K 810 3
                                    

အပိုင်း ၅၈

ထျန်းလန်အကယ်ဒမီ။
“ဆရာမကျွင်းလင်း”
စွန်းလင်းက ကျွင်းလင်းကို လှမ်းခေါ်သည်။
ကျွင်းလင်းက စွန်းလင်းကို ကူညီကာ သူမ၏သမီးကို ကုသပေးကတည်းက သူတို့ အလွန်ရင်းနှီးသွားကြခြင်းဖြစ်သည်။
“ဆရာမကျွင်းလင်း ဆရာမ ကြားပြီးပြီလား၊ ချီရှောက်ရုန်က ကျွန်မတို့ကျောင်းက ကိုယ်စားပြုပြိုင်မယ့် သူတွေထဲက တစ်ယောက်အပါအဝင်တဲ့လေ”
စွန်းလင်းက လျှို့ဝှက်ဆန်းကြယ်စွာပြောသည်။
“ကြားပြီးပါပြီ”
ကျွင်းလင်းက ခေါင်းကိုငုံ့ထားသည်။ ချီရှောက်ရုန်၏ သည်သတင်းက ပျံ့နှံ့ပြီးဖြစ်လေပြီ။
“ကျောင်းအုပ် တကယ်ပဲ ဘာတွေတွေးနေတာလဲ၊ ကျွန်မတို့ကျောင်းသားတွေရဲ့ အရည်အသွေးက မပြည့်မီဘူးဆိုရင်တောင်မှ ချီရှောက်ရုန်ကို ဆွဲသွင်းဖို့ မလိုအပ်ပါဘူး”
စွန်းလင်းက ပြောသည်။
ကျွင်းလင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
“ကျောင်းအုပ်က ဉာဏ်ပညာအရမ်းရှိတာ သူ့မှာလည်း ကိုယ်ပိုင်အကြောင်းပြချက် ရှိမှာပါ”
စွန်းလင်းက ကျွင်းလင်းကို ကြည့်ကာ မေးသည်။
“ပြောရမယ်ဆိုရင် ကျောင်းအုပ် ချီရှောက်ရုန်ကို ဆွဲသွင်းတာက ကျွင်းဟောင်ကို စိတ်သောက ရောက်စေချင်လို့ များလား”
ကျွင်းလင်း “…”
“ဒီအတွက်ကြောင့်နဲ့ ချီရှောက်ရုန်ကို ဆွဲသွင်းရတယ်လို့ ကျောင်းအုပ်ကတော့ နေရာတစ်ရာစာကို တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရသေးတယ်”
ကျွင်းလင်း “…”
ချီမိသားစု။
“အစ်ကို(၂) ချီရှောက်ရုန်က သူတို့ကျောင်းကိုယ်စား ကိုယ်စားပြု ဝင်ပြိုင်ရမယ်ဆိုတာ ဟုတ်သလား”
ချီရှောက်ယွီက မေးသည်။
ချီရှောက်ရုန်ကို မိသားစုက ထုတ်ပယ်ပြီးနောက် ပထမဆုံးအကြိမ် သည်နာမည်ကို မိသားစုခန်းမထဲတွင် ပြန်ကြားရခြင်းဖြစ်သည်။
“ဒီအကြောင်းနဲ့ပတ်သက်ပြီး ကောလဟာလတွေကတော့ အများကြီး ပွနေတာပဲ၊ ငါ့အထင်တော့ မှန်လိမ့်မယ်၊ ချီရှောက်ရုန်က ရွှေပြားတစ်သိန်းတောင်ပေးပြီး ဒီနေရာအတွက် ဝယ်ခဲ့တာတဲ့”
ချီရှောက်ခန်းက ပြောပြသည်။
သခင်ချီက မျက်မှောင်ကြုတ်ကာ ပြော၏။
“ဒီကောင် ဒီပိုက်ဆံတွေ ဘယ်ကရသလဲ”
“နတ်ဆိုးသမားတော်က တော်ဝင်ကျားပေါက်လေးကို ကုသပေးခဲ့လို့ အရှင်မင်းကြီးက ရွှေပြားသုံးသိန်းပေးခဲ့တာလေ၊ ကျွင်းဟောင်က ရွှေပြားတစ်သောင်းထပ် အပိုပေးပြီး လဲလှယ်ခဲ့သေးတယ်၊ ဒီတော့ သူ့မှာ အားလုံးပေါင်း ရွှေပြားသုံးသိန်းတစ်သောင်း ရှိနေလိမ့်မယ်”
ချီရှောက်ခန်းက ပြောသည်။
ချီရှောက်ယွီက မျက်လုံးပြူးသွားသည်။
“သေစမ်း၊ နတ်ဆိုးသမားတော် ဘာတွေများ တွေးနေတာလဲ”
ချီရှောက်ရုန်က အသုံးမကျသည့်အကောင် ဖြစ်သည်။ နတ်ဆိုးသမားတော်က ထိုမျှအထိ ပစားမပေးသင့်သည့် အကောင်ဖြစ်၏။ ထို့အပြင် ကျွင်းဟောင်ကိစ္စနှင့် ပတ်သက်ပြီး သည်အခြေအနေက အလွန်ဆိုးရွားနေခဲ့လေသည်။
ချီရှောက်ခန်းက ခေါင်းကိုခါသည်။
“ငါ ဘယ်သိမှာလဲ၊ ကြည့်ရတာ ချီရှောက်ရုန်နဲ့ နတ်ဆိုးသမားတော်က အရမ်းရင်းနှီးတဲ့ပုံပဲ”
ချီရှောက်ယွီက ခေါင်းကိုငုံ့ကာ အံကိုကြိတ်ထားကာ ပြောသည်။
“အစ်ကို(၂)၊ အစ်ကို(၂) အဲဒီလျှို့ဝှက်နယ်မြေမှာ ချီရှောက်ရုန်နဲ့တွေ့လို့ကတော့ သူ့ကို ချက်ချင်းကန်ထုတ်ပစ်နော်၊ ဒီကောင်ကို မိသားစုက ထုတ်ပယ်ပြီးရင်တောင်မှ မိသားစုကို အရှက်ရအောင် ထပ်လုပ်ခွင့်ပြုလို့ မဖြစ်ဘူး”
ချီရှောက်ခန်းက ခေါင်းညိတ်သည်။
“ငါ လုပ်လိုက်မယ်”
ချီရှောက်ယွီက ချီရှောက်ခန်း၏စကားကို ကြားသည့်အခါ ခံစားချက် ကောင်းသွားသည်။ ချီရှောက်ယွီက မင်ယာအကယ်ဒမီမှ ကိုယ်စားပြုဖြစ်သင့်သော်လည်း သူမက အရွေးမခံခဲ့ရပေ။ သို့သော် ချီရှောက်ရုန်သာ အရွေးခံခဲ့ရသည်။ ထို့ကြောင့် မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။
ထိုစကားတွေကို ကြားလိုက်သည့်အခါ သခင်ချီကလည်း စိတ်ချမ်းသာသွားသည်။

ရီမိသားစု။
“အစ်ကိုကြီး သက်သာလာပြီလား”
ရီချူးရွှယ်က သတိထားကာ ပြောသည်။
ရီဟောင်က ရီချူးရွှယ်ကို ခပ်တင်းတင်းကြည့်ကာ ပြော၏။
“ငါ အဆင်ပြေတယ်”
ရီဟောင်က အိပ်ယာပေါ်တွင် အချိန်အတော်ကြာ လှဲနေခဲ့ရသည်။ သူ၏စိတ်အခြေအနေ မကောင်းသလို ရီချူးရွှယ်လည်း အလားတူပင်ဖြစ်သည်။ ရီချူးရွှယ်က ရီဟောင် သက်သာလာပြီးနောက် သူမအပေါ် ဆက်ဆံပုံက ကွဲပြားသွားကြောင်း ခံစားမိပေသည်။
ရီဟောင်က ဒဏ်ရာတွေမှ သက်သာလာသော်လည်း သူ၏မျက်နှာတွင် အစင်းရာတွေက ရှိနေသေးပေသည်။ ဒါက မသိသာသည့်တိုင်အောင် ရုပ်ရည်ကို အလွန်ပစားပေးသည့် ရီဟောင်အတွက် အလွန်ဆိုးရွားပေ၏။
“အစ်ကိုကြီး ညီမကြားတာတော့ ချီရှောက်ရုန်ကလည်း ဒီပွဲမှာ ဝင်ပါမှာတဲ့၊ အစ်ကိုကြီးသာ ချီရှောက်ရုန်နဲ့ တွေ့ခဲ့မယ်ဆိုရင် ရှက်မနေဘဲနဲ့ သေချာကိုင်တွယ်လိုက်နော်”
ရီချူးရွှယ်က ပြောသည်။
ရီဟောင်က စိတ်မရှည်သလိုပြော၏။
“စိတ်ပူမနေစမ်းပါနဲ့၊ ငါ သိပါတယ်”
ရီချူးရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ရီဟောင်ကိုကြည့်ပြီး ဆက်မပြောရဲတော့ပေ။
ရီဟောင်က သူ့လက်ကိုကြည့်ကာ ခန္ဓာကိုယ်မှစွမ်အားတွေကို စစ်ဆေးကြည့်နေသည်။ သည်အချိန် အတောအတွင်းတွင် နောက်ကျသွားမှုကြောင့် ယခင်က ရီပင်းထက် ကြောနေခဲ့သည့်သူက ယခုအခါတွင် ရီပင်း၏ထက် နောက်ကျသွားခဲ့ချေပြီ။ ရီဟောင်နှင့်ရီပင်းတို့က ဆက်ဆံရေးကောင်းသည်ဟု ထင်ရသည့်တိုင်အောင် သူတို့ကြားတွင်လည်း ကတောက်ကဆ ရှိနေသေးပေသည်။
ရီပင်းက အခန်းထဲသို့ဝင်လာကာ ပြောသည်။
“အစ်ကိုကြီး သက်သာလာပြီလား၊ တကယ်လို့ အဆင်မပြေရင် ပြောလို့ရတယ်နော်၊ ကျွန်တော်တို့ကျောင်းနဲ့ အခြားကျောင်းတွေက ဒီလောက် ကွာခြားချက်ရှိတာ အစ်ကိုကြီး မပါရင်လည်း အဆင်ပြေပါတယ်”
ရီဟောင်က ရီပင်းကိုကြည့်ကာ ပြုံးလိုက်၏။
“ငါလည်း တော်တော်ပျင်းနေတာကွ၊ ဒီပွဲက အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်လေ”
ရီပင်း၏ ကြင်နာသည့်စကားများအရ အဓိပ္ပါယ်ကောက်မည်ဆိုလျှင် သူ မပါလည်း အဆင်ပြေသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
ယန်မန်က အထဲသို့ ဝင်လာကာ ပြောသည်။
“ကလေးတွေအားလုံး ဒီကိုရောက်နေတာပဲ”
ယန်မန်က ရီဟောင်ကို ကြည့်ပြီးပြောသည်။
“ပထမသားလေး သက်သာပြီလား”
“ဟုတ်ကဲ့အမေ ကျွန်တော် သက်သာပါပြီ”
ရီဟောင်က ပြောသည်။
ယန်မန်၏မျက်ဝန်းထဲ စိတ်သက်သာရာရသည့်အလင်းရောင်တွေ လက်လာကာ ပြောသည်။
“ကောင်းတယ် ကောင်းတယ်၊ အနည်းဆုံးတော့ အမေစိတ်အေးတာပေါ့”
ရီဟောင်က ပြောသည်။
“ဒါပေါ့ ကျွန်တော်က ရီဖန်လို ဆိုးတဲ့အကောင်မှ မဟုတ်တာ”
“အဲဒီရီဖန်ဆိုတဲ့ အကောင်ကတော့ သွားပါစေ သွားပါစေ”
ယန်မန်က ပြောသည်။
“သူက မူရွှယ်လန်နဲ့ ကွာရှင်းလိုက်လို့ ရှက်နေတာ ဖြစ်မှာပါ”
ရီချူရွှယ်က ပြောသည်။

ရှန်းမိသားစု။
ရှန်းမန်ဝူက ရှန်းယွမ်၏ဘေးတွင် ထိုင်နေကာ ပြောသည်။
“ရှန်းယွမ် ဒီပွဲမှာ ရှန်းဟွမ်အကယ်ဒမီက သေချာပေါက် နိုင်မှာ မဟုတ်လား”
ရှန်းယွမ်က သူ၏ မှော်ပစ္စည်းတွေကို ချထားရင်းပြောသည်။
“ဒါပေါ့၊ အခြားသူတွေကို မကြည့်နဲ့ ကျွင်းဟောင်ကိုပဲ ကြည့်အုံး၊ သူပါနေမှတော့ ဘယ်သူက သူ့ကိုနိုင်တော့မှာလဲ၊ နောက်ပြီး သူကပဲ အဆင့်(၇) အခြားသူတွေအားလုံးက အဆင့်(၅) ဝန်းကျင်တွေပဲလေ”
ရှန်းမန်ဝူက မျက်မှောင်ကြုတ်သည်။
“ဒါပေမဲ့ ငါ ခံစားချက်မကောင်းဘူး”
ရှန်းယွမ်က ရှန်းမန်ဝူကို ကြည့်ကာ မေးသည်။
“အစ်မဝူ ဘာများဖြစ်လို့လဲ”
ရှန်းမန်ဝူက မျက်မှောင်ကြုတ်ကာ ပြော၏။
“ငါသိထားတဲ့အတိုင်းဆိုရင် ဒီနေ့လောင်းကစား လုပ်တဲ့ အခြေအနေမှာ ထျန်းလန်အကယ်ဒမီကို လောင်းကြေးအမြင့်ဆုံးနဲ့ လောင်းထားကြတယ်၊ အထူးသဖြင့် ပထမနေရာပဲ”
ရှန်းယွမ်က ခေါင်းကိုမော့ကာ ရှန်းမန်ဝူကို ကြည့်သည်။
“အစ်မက ဘယ်လိုသိလဲ”
ရှန်းမန်ဝူက ပြုံးသည်။
“ဘယ်လိုသိရမှာလဲ၊ ဒီကျောင်းပေါင်းတစ်ရာပွဲက ကိစ္စကြီးပဲဥစ္စာ၊ နင့်အစ်မနဲ့ ငါက ပျော်စရာသွားရှာတာပေါ့”
စင်စစ် ဒုတိယမင်းသားကြောင့်ဖြစ်သည်။ ဒုတိယမင်းသားက ဒီကိစ္စကိုသိသဖြင့် သူမသည်လည်း သိရခြင်းဖြစ်သည်။
“ထျန်းလန်အကယ်ဒမီကို ပထမနေရာမှာ လောင်းထားတယ်၊ ထျန်းလန်အကယ်ဒမီက ဒီပြိုင်ပွဲမှာ ပါတယ်ဆိုပေမဲ့ သူတို့ဆီမှာ ကျွမ်းကျင်ပညာရှင်တွေမှ မရှိတာ၊ ဘယ်လိုဖြစ်ပြီး ပထမရမှာလဲ”
ရှန်းယွမ်က စိတ်ရှုပ်ထွေးစွာပြောသည်။
ရှန်းမန်ဝူလည်း မျက်ဝန်းကို မှေးကျဉ်းကာ ပြောသည်။
“ထျန်းလန်အကယ်ဒမီကသာ ပထမနေရာကို တကယ်ရမယ်ဆိုရင် အဲဒီသူကတော့ ပိုက်ဆံအများကြီး ရသွားမှာပဲ”
“ဒါပေမဲ့ ထျန်းလန်အကယ်ဒမီက ဘာမှမဟုတ်တာ၊ ဒီပိုက်ဆံက အလကားဖြစ်သွားမှာပဲ”
ရှန်းယွမ်က ခေါင်းခါသည်။
ရှန်းမန်ဝူလည်း ခေါင်းကို ညိတ်လိုက်၏။
“အစ်မလည်း ဒီလိုပဲ ထင်တယ်”
“ဘယ်လိုအရူးကများ လာပြီး လောင်းကြေးထပ်တာလဲ၊ ကျောင်းအုပ်ဟူဖုန်းတော့ မဟုတ်ပါဘူးနော်”
ရှန်းမန်ဝူက ခေါင်းကိုခါသည်။
“မဖြစ်နိုင်ဘူး၊ သူက အရမ်းဆင်းရဲတာ”
ရှန်းယွမ် “…”

ထျန်းလန်အကယ်ဒမီ။
ချီရှောက်ရုန်နှင့်ဟူဖုန်းတို့က အခန်းထဲတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ဟူဖုန်းက မြေပုံကိုထုတ်ကာ ချီရှောက်ရုန်ကိုရှင်းပြသည်။
“ဒီပြိုင်ပွဲကို ဖီးနစ်ချိုင့်ဝှမ်းလို့ခေါ်တဲ့နေရာမှာ ကျင်းပမှာပဲ၊ အဲဒီနေရာမှာ နေရာတွေအများကြီး ခွဲထားတယ်၊ နေရာ ခုနစ်နေရာလုံး တစ်နေရာချင်းဆီတိုင်းက ခုနစ်ရောင်ခြယ်ကျောက်တုံးကို ရောင်စုံကွဲပြားတဲ့ ပုံပန်းသွင်ပြင်တွေနဲ့ ရှိနေလိမ့်မယ်၊ နက်ရှိုင်းတဲ့အပိုင်းကို သွားလေလေ အန္တရာယ်က မြင့်လေလေပဲ၊ ဒါပေမဲ့ အဲဒီနေရာမှာ ရှိတဲ့ ရောင်စုံကျောက်တုံးတွေရဲ့ပမာဏက များလေလေပဲ၊ ရောင်စုံကျောက်တုံးတွေရဲ့ အမှတ်တွေကတော့ အတူတူပဲ”
“မှော်သားရဲတွေကို သတ်လို့လည်းရတယ်၊ သူတို့ရဲ့အမြူတေတွေနဲ့ အမှတ်ကို လဲလှယ်လို့ရတယ်”
“ဒီပြိုင်ပွဲရဲ့စီစဉ်ကြီးကြပ်သူတွေအားလုံး နေရာရွှေ့ပြောင်းအဆောင်တွေ ထည့်ပေးထားတယ်၊ အန္တရာယ်ရှိတယ်လို့ထင်ရင် အဆောင်ကို ထုတ်သုံးနိုင်တယ်၊ ဒါပေမဲ့ အဆောင်ထုတ်သုံးပြီး အပြင်ရောက်သွားပြီဆိုတာနဲ့ အဲဒီလူရှာထားတဲ့ အမှတ်တွေအားလုံးက ပျောက်ကွယ်သွားမှာဖြစ်တယ်၊ ဒါကြောင့် အဲဒီအဆောင်ကို သတိထားပြီး သုံးရမယ်”

ဟူဖုန်းက ဆက်တိုက် ရှင်းပြနေသည်။ ချီရှောက်ရုန်က မေးစေ့ကိုပွတ်ကာ ပြော၏။
“ကျောင်းအုပ် ဒီထဲမှာ လူသတ်လို့ရလား”
ဟူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူက အလန့်တကြားဖြင့် ချီရှောက်ရုန်ကို ကြည့်၏။ ချီရှောက်ရုန်က စိတ်သဘောထားပြည့်ဝကာ ဉာဏ်ပညာမြင့်မားပြီး လုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်သည်။ သူ၏ပါရမီကလည်း ကောင်း၏။ မည်သည့်အတွက်ကြောင့် ချီမိသားစုက သူ့ကို နှင်ထုတ်လိုက်ကြောင်း သူမသိပေ။
“လျှို့ဝှက်နယ်မြေထဲရဲ့ နောက်ဆုံးအပိုင်းမှာတော့ လူသတ်ခွင့်ပြုထားတယ်၊ ဒါပေမဲ့ စောင့်ကြည့်ကိရိယာတွေ တပ်ဆင်ထားလို့ အလွန်အကျွံ မလုပ်တာက အကောင်းဆုံးပဲ”
ချီရှောက်ရုန်က မျက်မှောင်ကြုတ်သည်။
“ဒီတော့ နေရာတိုင်းမှာ ရှိနေတာတော့ မဟုတ်ဘူးမလား”
“နက်ရှိုင်းတဲ့အပိုင်းတွေမှာ သားရဲကြီးတွေ ရှိနေတယ်ဆိုတာကို သိတယ်မဟုတ်လား၊ သားရဲကြီးတွေကြောင့် အချို့ကင်မရာတွေက ပျက်စီးသွားတာတော့ ပုံမှန်ပဲ”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“အဲဒီလိုကိုး”
ဟူဖုန်းက ချီရှောက်ရုန်ကို သတိအနေအထားနှင့်ကြည့်သည်။
“မင်း ဘာတွေကြံနေတာလဲ”
ချီရှောက်ရုန်က ခေါင်းခါသည်။
“မကြံပါဘူး၊ ကျွန်တော်က ဘာတွေကြံနေလို့လဲ၊ ကျောင်းအုပ်လည်း သိရဲ့သာနဲ့၊ ကျွန်တော်က အပြစ်ကင်းစင်ပြီး စိတ်ဓာတ်ကောင်းမွန်တဲ့ လူကောင်းလေးလေ”
ဟူဖုန်း “…”
ဟူဖုန်းက ချောင်းဟန့်သည်။
“မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ကျွင်းဟောင်ကလွဲပြီး ဘယ်သူကမှ မင်းရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ သူနဲ့မတွေ့အောင် ရှောင်သင့်တယ်”
ချီရှောက်ရုန်က ဟူဖုန်းကိုကြည့်သည်။
“ကျောင်းအုပ်က ကျွန်တော့်ကို ယုံကြည်မှု နည်းနေတာပဲ”
ဟူဖုန်းက ကို့ရို့ကားယားပြုံးသည်။
“မင်းက အရမ်းတော်ပါတယ်၊ ဒါပေမဲ့ ကျွင်းဟောင်ကလည်း ညံ့တာတော့ မဟုတ်ဘူး”
ချီရှောက်ရုန်က ဟူဖုန်းကို ကြည့်ကာ ပြောသည်။
“ကျောင်းအုပ် ကျွန်တော် သိထားတဲ့အတိုင်းဆိုရင် လျှို့ဝှက်နယ်မြေကို လူတွေဝင်တဲ့အခါ တသီးတခြားစီ ရောက်သွားလိမ့်မယ်၊ ဒါပေမဲ့ ကျောင်းအသီးသီးက သူတို့လူတွေနဲ့ပေါင်းဖို့ ကြိုးစားလိမ့်မယ်၊ ကျွင်းဟောင်က အရမ်းစွမ်းအားကြီးတော့ သူ့နောက်မှာ ဘယ်သူမှ ရှိမယ်မထင်ဘူး”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“မင်းက ကျွင်းဟောင်နဲ့ တိုက်ခိုက်ချင်တာလား”
“အို့ ကျွန်တော် ပြောမိလို့လား”
ချီရှောက်ရုန်က ခေါင်းခါသည်။ ဟူဖုန်းကို အပြစ်ကင်းသလို ကြည့်နေ၏။
ဟူဖုန်း “…”
“ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေရဲ့စာရင်းပဲ၊ ဒါက ရှန်းဟွမ်အကယ်ဒမီဘက်ကပဲ၊ ရော့ ကြည့်ကြည့်လိုက်”
ဟူဖုန်းက လက်ကိုဆန့်ကာ ချီရှောက်ရုန်ကို စာရင်းကိုပေးသည်။
ချီရှောက်ရုန်က စာရင်းကိုကြည့်ပြီးနောက် မျက်လုံးတွေ မှေးကျဉ်းသွားသည်။
“ထျန်းထန်းဖုန်းနဲ့ ထျန်းထန်းရင်တို့က ပြိုင်ပွဲမှာ မပါဘူးလား၊ သူတို့က နံပါတ်(၂)နဲ့ နံပါတ်(၃) တွေလေ”
“တော်ဝင်မိသားစုတွေရဲ့အဆင့်အတန်းက မြင့်မားတော့ ယှဉ်ပြိုင်သူတွေက သူတို့ကို ထိခိုက်အောင် မလုပ်ရဲကြဘူး၊ ဒါကြောင့် ဒီတစ်ကြိမ်မှာ သူတို့အားလုံးကို ဖယ်ထုတ်ထားတာပဲ”
ချီရှောက်ရုန်က သံသယဝင်သွားသည်။
“မင်းသား(၂) နဲ့ မင်းသား(၄) တို့က ဒီလောက် လုပ်နိုင်စွမ်းအားမြင့်တာ၊ ကျောင်းအုပ်က ဘာမှ မပြောဘူးလား”
ဟူဖုန်းက နှာခေါင်းရှုံ့သည်။
“ဟမ့် အဲဒီလုမင်ဆိုတဲ့အကောင်က သူ့ကိုယ်သူ စိတ်ကြီးဝင်နေတာလေ၊ သူတို့ကျောင်းက ကျောင်းအားလုံးထက် သာနေတယ်၊ သေချာပေါက်နိုင်မယ်ဆိုပြီး စိတ်ကြီးဝင်နေတာပေါ့”
ချီရှောက်ရုန်၏ မျက်နှာက အေးစက်သွားသည်။
“ဟမ့် ပြိုင်ဘက်နှစ်ယောက် လျော့တာကောင်းတယ်”
ဟူဖုန်း “…”
ကျောင်းပေါင်းတစ်ရာတိုက်ပွဲနေ့က ရောက်ရှိလာခဲ့ပေသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now