unicode
အပိုင်း ၆၃
ချီရှောက်ရုန်က သစ်ပင်ပေါ်တွင် တက်ထိုင်နေသည်။ ကျောင်းသူကျောင်းသားများက ထိုနေရာသို့ ရောက်လာကြသည့်အခါ ချီရှောက်ရုန်ကို မြင်လိုက်ရသည်။ ချီရှောက်ရုန်က ပျားများစွာကို သတ်ဖြတ်ပြီး ရောင်စုံကျောက်တုံးများစွာကို ပိုင်ဆိုင်ခဲ့သည့် ပုံသဏ္ဌာန်မျိုးဖြင့် လက်ထဲတွင် အပြည့်ပွေ့ပိုက်ထားသည်။ ထိုအရာအားလုံးကို သစ်ကိုင်းပေါ်တွင် ပုံထားခြင်း ဖြစ်သည်။
ထိုအလင်းတွေကြောင့် အခြားသူတွေက သည်နေရာသို့ ရောက်လာခြင်းလည်း ဖြစ်သည်။
“ချီရှောက်ရုန်ပဲ”
“ဟေး သခင်လေးချီ သစ်ပင်ပေါ် ဘာတက်လုပ်နေတာလဲ”
“ငါ ဒီအကောင်တွေကို သတ်ပြီးတော့ ပြန်မဆင်းနိုင်တော့ဘူး”
ချီရှောက်ရုန်က ငိုမဲ့မဲ့ဖြင့် ပြောသည်။
လျှို့ဝှက်နယ်မြေအပြင်ဘက်မှ လူတွေကမူ ဆွံ့အသွားကြသည်။ ရှန်းယွမ်က ချီရှောက်ရုန်ကို ကြည့်ကာ ထိတ်လန့်သွား၏။
“ဒီကောင်က သရုပ်ဆောင်ကောင်းလိုက်တာ”
ရှန်းယွမ်က မနှစ်မြို့စွာ ပြောသည်။
“ရင်းဟွမ်ကျောင်းက လူတွေပဲ၊ သူတို့တော့ ဒုက္ခရောက်ပြီ”
ကျွင်းချန်ကလည်း ပြောသည်။ ရှန်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ချီရှောက်ရုန်၏ အသုံးမကျသည့် အမှိုက်ကောင်ဆိုသည့် နာမည်က ထင်ရှားလွန်းလှသဖြင့် သူနှင့်တွေ့သည့် မည်သူကမျှ သတိမထားတတ်ကြပေ။
လျှို့ဝှက်နယ်မြေထဲတွင်။
ထိုရင်းဟွမ်ကျောင်းမှလူတွေက ချီရှောက်ရုန်ကို ကြည့်ကာ ရယ်နေကြသည်။
“သခင်လေးချီ ငါတို့ကူပြီး မင်းကို အောက်ချပေးမယ်”
ထိုကျောင်းသားအားလုံးက သစ်ပင်အောက်သို့ ရောက်သွားသည့် အချိန်တွင်မူ ချီရှောက်ရုန်ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျရောက်သွားတော့သည်။ ထိုသို့ဖြင့် ချီရှောက်ရုန်က တုတ်တံကို ဝှေ့ရမ်းလိုက်ပြီး ထိုသူတွေအားလုံးကို အပြင်သို့ ပို့လွှတ်လိုက်၏။
အပြင်ဘက်သို့ ရောက်သွားသည့်အခါ ရင်းဟွမ်ကျောင်းတော်မှ ကျောင်းအုပ်က သူတို့အားလုံးကို လာခေါ်သွားသည်။ သူ၏မျက်နှာက မဲမှောင်နေ၏။
ချီရှောက်ရုန်၏နာမည်ဆိုးက ကျော်ကြားလှသည့်အတွက် မည်သူကမျှ သူနှင့်တွေ့သည်နှင့် သတိမထားတတ်ကြပေ။ ထို့ကြောင့် ထိုရက်အတောအတွင်းတွင် ကျောင်းသား(၇၀)ကျော်ခန့် အပြင်သို့ ရောက်နေခဲ့ကြလေပြီ။
ဟူဖုန်းက သူ၏လက်တွေကိုပွတ်ကာ အော်ရယ်နေသည်။ များစွာသောအကယ်ဒမီမှ ကျောင်းအုပ်အားလုံးက သူ့ကို စူးစိုက်ကြည့်နေကြရင်း ရိုက်သတ်ချင်နေပုံရသည်။
လီဟုန်က ဟူဖုန်းကို ပြောသည်။
“ကျောင်းအုပ် ချီရှောက်ရုန်က တကယ် သတ္တိရှိတာပဲ”
ချီရှောက်ရုန်က လုပ်နိုင်စွမ်း ပြင်းထန်လွန်းလှပေသည်။ လူတိုင်းကို ဒေါသထွက်အောင် လုပ်နိုင်၏။ ဒါက ထူးခြားသည့်ပါရမီ ဖြစ်ရပေမည်။
ဟူဖုန်းက လက်ကာပြသည်။
“ဒါပေါ့ အဲဒီကောင်တွေက အလကားသက်သက် မနာလိုဖြစ်နေတာ၊ အခြားသူတွေကို အာရုံမထားနဲ့”
လီဟုန်က သက်ပြင်းချသည်။
“ကံဆိုးတာက ရှန်းဟွမ်အကယ်ဒမီမှာ ကျွင်းဟောင်ရှိနေသေးတယ်”
ဟူဖုန်းလည်း တိတ်သွားသည်။ ကျွင်းဟောင်က သူ စိုးရိမ်သည့်အရာကြီးဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲတွင် ကျွင်းဟောင်က အဆင့်(၅) မှော်သားရဲဆယ်ကောင် အဝိုင်းခံထားရသည်။ ထိုထဲတွင် အဆင့်(၆) သုံးကောင်လည်း ပါနေ၏။
ကျွင်းဟောင်က မှော်သားရဲပညာရှင် ဖြစ်သည့်အလျောက် ထိုနေရာထဲသို့ ရောက်လာသည်နှင့် သားရဲအားလုံးကို ထိန်းချုပ်ကာ ရောင်စုံကျောက်တုံးများရှိရာနေရာကို ရှာဖွေနိုင်ခဲ့သည်။ ထို့ကြောင့် တစ်ယောက်တည်းအားဖြင့် လူအယောက်ရာကျော် ရှာဖွေနိုင်သည့်ပမာဏထက် ကျော်လွန်သည့်ပမာဏကို ရရှိနေခဲ့ချေပြီ။
လီဟုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြောသည်။
“ကျွင်းဟောင် အဲဒီကလေးက မှော်သားရဲတွေရဲ့ အကူအညီနဲ့ဆိုရင် ဘယ်သူကမှ သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
ဟူဖုန်းက ခေါင်းကုတ်သည်။
“ကြည့်ကြရအောင်”
သူကိုယ်တိုင်လည်း ချီရှောက်ရုန်က ကျွင်းဟောင်ကို နိုင်မည်ဟု မထင်ထားပါပေ။ ဒါက အန္တရာယ်ကြီးမားလွန်းနေ၏။ ကျွင်းဟောင်၏ လုပ်နိုင်စွမ်းကို သူတို့အားလုံး ထင်ရှားစွာ နားလည်ထားကြသဖြင့် မယုံကြည်ကြခြင်းလည်းဖြစ်သည်။
လျှို့ဝှက်နယ်မြေ၏အပြင်ဘက်တွင် လူအုပ်က သည်ဖြစ်ရပ်ကို ကြည့်နေရင်း ပေါက်ကွဲနေကြပေသည်။
“ဘာတွေဖြစ်နေတာလဲ”
ကျွင်းချန်က မေးသည်။ သူက စိတ်လှုပ်ရှားသွားပုံရ၏။
ရှန်းယွမ်က လျှို့ဝှက်နယ်မြေကိုကြည့်ကာ မျက်ဝန်းတွေ တောက်ပသွား သည်။
“ကြည့်ရတာ ချီမိသားစုက ခွေးနှစ်ကောင်က ကိုက်ကြတော့မယ်၊ ဟား ဟား”
အနားတွင်ရှိနေသည့် ချီရှောက်ဖူက ရှန်းယွမ်ကို ကြည့်ကာ ပြောသည်။
“သခင်လေးရှန်း ဘာပြောလိုက်တာ”
ရှန်းယွမ်က ခေါင်းခါသည်။
“ဘာရယ်မဟုတ်ပါဘူး”
…
ကျွင်းချန်က ချီရှောက်ဖူ၏ အင်္ကျီကို ဆွဲရမ်းကာ ပြောသည်။
“သခင်လေးဖူ မင်းရဲ့အစ်ကို(၂) နဲ့ ညီ(၄) တို့က အချင်းချင်း တွေ့ကြပြီဆိုတော့ ဘာဖြစ်လာမယ်လို့ထင်လဲ၊ ဘယ်သူနိုင်မယ်လို့ထင်လဲ”
ချီရှောက်ဖူက ခေါင်းခါကာ ပြောသည်။
“ငါ မသိဘူး”
“ဒါဆိုရင် ဘယ်သူက နိုင်သင့်တယ်လို့ထင်လဲ”
ကျွင်းချန်က ဆက်မေးသည်။
ချီရှောက်ဖူက ခေါင်းခါကာ ဆက်ပြော၏။
“ဒါလည်း ငါ မသိဘူး”
ချီရှောက်ခန်းက သူ အမြဲတစေ လေးစားရသည့် အစ်ကိုကြီးဖြစ်ကာ ချီရောက်ရုန်ကမူ သူ့ထက်ငယ်ရွယ်ကာ နိမ့်ကျသဖြင့် သူက ကာကွယ်ပေးရမည့်သူဟု သတ်မှတ်ထားသူဖြစ်သည်။ ယနေ့အဖြစ်အပျက်က သူ၏အမြင်အားလုံးကို ပြောင်းပြန်ဖြစ်သွားစေ၏။
“ချီရှောက်ရုန်က ချီရှောက်ခန်းကို ကိုင်တွယ်တော့မယ်”
လီဟုန်က ပြောသည်။
ချီရှောက်ရုန်နှင့်ချီရှောက်ခန်းတို့က ချီမိသားစုမှ အသုံးမကျသည့်သူနှင့် မိသားစုမှ မွေးရာပါပါရမီရှင် ဖြစ်ကြသည်။ သူတို့ ရင်ဆိုင်သည့်အခါ စိတ်ဝင်စားဖွယ် ကောင်း၏။
“ကျွင်းဟောင်က လွဲပြီး အခြားဘယ်သူကမှ ချီရှောက်ရုန်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
ဟူဖုန်းက ပြောသည်။
“ဒီမြို့တော်ရဲ့ ပါရမီရှင် ခုနစ်ယောက်ထဲက လူအချို့ ကျန်နေသေးတယ်”
လီဟုန်က ပြောသည်။
“ကျန်နေသေးတယ် ဟုတ်လား၊ ကျန်နေတော့ရော ဘာဖြစ်လဲ၊ သူတို့က ချီရှောက်ရုန်ကို ယှဉ်နိုင်မှာတဲ့လား၊ ရှန်းယွမ်ကိုပဲ ကြည့်စမ်းပါ”
ဟူဖုန်းက ပြောသည်။
လီဟုန် “…”
ရှန်းယွမ်ဆိုလျှင် ပထမနေ့ကတည်းက ကန်ထုတ်ခံရခြင်း ဖြစ်သည်။ အခြားသူတွေလည်း ချီရှောက်ရုန်နှင့် တွေ့သမျှအားလုံး ကန်ထုတ်ခံရသည်သာ ဖြစ်၏။
ချီရှောက်ရုန်က သစ်ပင်ပေါ်တွင်ရပ်နေသည်။
ချီရှောက်ခန်းက အပေါ်သို့ မော့ကြည့်ကာ ပြော၏။
“မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”
“ကျွန်တော့်ကို အနက်ရောင်လင်းတကြီးက ဒီနေရာမှာ ဖမ်းထားတာ၊ ကျွန်တော့်ကို စားမလို့ထင်ပါတယ်”
ချီရှောက်ရုန်က မျက်နှာကိုမဲ့ကာ ပြောသည်။
ချီရှောက်ခန်းက ချီရှောက်ရုန်ကို ကြည့်၏။
“တကယ်လား”
“တကယ်ပေါ့ အစ်ကို(၂)ရဲ့ ကျွန်တော့်ကို အောက်ကို ချပေးပါလား”
ချီရှောက်ရုန်က ပြောသည်။
“ရတာပေါ့”
ချီရှောက်ခန်းက မီးဂါထာတစ်ပုဒ်ကို ရွတ်လိုက်ကာ ချီရှောက်ရုန်၏ ခြေထောက်ကို ပစ်သည်။ ချီရောက်ရုန်က ချက်ချင်းပင် ရှောင်လိုက်၏။ အမှောင်ထုစွမ်းအားတွေက လေထဲတွင် ပျံ့နှံ့သွားသည်။
“အစ်ကို(၂)ကတော့ တကယ်ဉာဏ်ပြေးတာပဲ”
“ကျောင်းသားရာကျော်ရှိတာက အကုန်လုံး အပြင်ကိုရောက်သွားကြပြီး မင်းကတော့ ဒီမှာ ကျန်နေတယ် ဆိုကတည်းက ထူးဆန်းနေတာပဲလေ၊ မဟုတ်ဘူးလား”
ချီရှောက်ခန်းကလည်း ပြောသည်။
ချီရှောက်ရုန်၏ နှုတ်ခမ်းတွေက ကော့ညွှတ်သွားသည်။
“ရှန်းဟွမ်အကယ်ဒမီက ကျောင်းသားတွေကို ကျွန်တော် ကန်ထုတ်ထားတယ်ဆိုတာကို အစ်ကို(၂) ကြားထားပြီးပြီမှန်း ကျွန်တော် သိနေပါတယ်လေ၊ ဘာပဲဖြစ်ဖြစ် ညီအစ်ကိုအချင်းချင်း ပြန်တွေ့ရတာဆိုတော့ အချင်းချင်း ကြင်နာမှုကို ပြသရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား”
ချီရှောက်ခန်းက ပြောသည်။
“ဒါပေါ့ ငါတို့က ညီအစ်ကိုတွေပဲ၊ ညီအစ်ကိုအချင်းချင်း ချစ်ချစ်ခင်ခင် နေကြရမှာပေါ့”
ချီရှောက်ရုန်က တောက်ပစွာပြုံးနေကာ ပြောသည်။
“အစ်ကို(၂) အစ်ကို(၂)က ကျွန်တော့်ကိုဆို အရမ်းကြင်နာတာပဲ၊ ကျွန်တော်က အရမ်းတွယ်ကပ်တတ်တဲ့ ညီငယ်လေး မဟုတ်ပေမဲ့ အစ်ကို(၂)ကို ကောင်းကောင်းကြီး ကူညီပေးမှာပါ၊ အစ်ကို(၂) ရှန်းယွမ်နဲ့အတူ အဖော်ပြုဖို့ အပြင်ကို ထွက်သွားရင်ရော ဘယ်လိုလဲ”
ချီရှောက်ခန်းက ချီရှောက်ရုန်ကို ကြည့်ပြီးပြုံးသည်။
“ငါ့ညီရယ် မင်းက ငါ့ကို အပြင်ပို့ပေးမှတော့ ဒီလိုလုပ်နိုင်စွမ်းရှိမရှိ ကြည့်ကြရအောင်လား”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...