unicode
အမှိုက်ကောင်ပြန်ရှင်လာပြီအပိုင်း ၈၇
ချီရှောက်ရုန်က ချီဟန်ကို အဆောင်လက်ဖွဲ့တွေနှင့် ဆက်တိုက် ပစ်ပေါက်ပြီးနောက်တွင် သူ မောပန်းသွားသည်။ သူ ရပ်တန့်လိုက်ရ၏။
“ဒုကျောင်းအုပ် စတုတ္ထသခင်လေး မှော်စွမ်းအင်တွေ ကုန်ဆုံးသွားပြီထင်တယ်”
လီဟုန်က မျက်လုံးလှန်လိုက်သည်။
“အင်းပေါ့ နောက်ဆုံးတော့ ကုန်ဆုံးသွားပြီပေါ့။ ချီရှောက်ရုန် မဟုတ်ဘဲ အခြားတစ်ယောက်သာဆိုရင် လွန်ခဲ့တဲ့ နှစ် ၈၀၀ လောက်ကတည်းက ချီစွမ်းအင်တွေ ကုန်နေလောက်ပြီ”
ချီယွမ်၏ မျက်နှာက မဲမှောင်နေသည်။ သူက ဆက်တိုက် အရိုက်ခံနေရသဖြင့် မသာမယာ ဖြစ်နေ၏။ ချီရှောက်ရုန်၏ မှော်စွမ်းအင်တွေ ကုန်ဆုံးသွားကြောင်း သိလိုက်ရသည်နှင့် သူက နောက်ဆုံးတွင် အခြေအနေ ပြန်ကောင်းလာသည်။ သူက မတ်မတ်ထရပ်လာ၏။
“စတုတ္ထသခင်လေးချီ၊ ဒါက အိမ်တော်ကို ပြန်တဲ့ ခရီးလေးတစ်ခုပါပဲ၊ ဘာလို့ ဒီလောက်အထိ ကျားအသိုက်ထဲကို သွားရမှာလိုမျိုး လုပ်နေရတာလဲ”
ချီယွမ်က မေးလိုက်သည်။
ချီရှောက်ရုန်က နှာခေါင်းရှုံ့သည်။
“ခင်ဗျားက ဘယ်သူလဲ၊ ဒီသခင်လေးက ခင်ဗျား အလွယ်တကူ ဖိတ်ခေါ်လို့ရမယ့် သူမျိုးလား”
ချီယွမ်က အေးစက်စွာရယ်သည်။
“ဟမ့် မင်းက ဒီလောက်အထိ မိုက်ရိုင်းနေမယ်လို့ မထင်ထားဘူး၊ စတုတ္ထသခင်လေး ချီမိသားစုက မင်းကို သင်ခန်းစာပေးရတော့မယ်ထင်တယ်”
ချီရှောက်ရုန်က နှာခေါင်းရှုံ့ပြန်သည်။
“အရူး မင်းကိုယ်မင်း ဘာထင်နေတာလဲ”
ချီရှောက်ရုန်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတွေ ထွက်လာသည်။ ချီရှောက်ရုန်က လက်ကိုမြှောက်လိုက်ပြီး တစ်နေရာသို့ ညွှန်လိုက်သည့်အခါ အလင်းယူနီကွန်လေးက ချီရှောက်ရုန်၏ အိတ်ထဲမှ ထွက်လာ၏။ ထိုအလင်းယူနီကွန်လေး ထွက်ပေါ်လာခြင်းက လူတိုင်းကို အသက်ရှူအောင့်လိုက်မိစေသည်။
ပြောရမည်ဆိုလျှင် ထိုအကောင်လေးက သူ၏သခင်အတိုင်း တစ်ကိုယ်လုံးကို သလင်းသံချပ်ကာနှင့် ဖုံးလွှမ်းနေကာ ရွှေရောင်တလက်လက် တောက်ပနေ၏။ နားရွက်တွင် ကြီးမားလွန်းလှသည့် ဖဲပြားလေးတွေ ချည်ထားပေးသေးကာ ခေါင်းထိပ်တွင်လည်း ကြီးမားလှသည့် အနီရောင်ပန်းပွင့်ကြီးကို ပန်ဆင်ထားသေးသည်။ ထိုအနီရောင်ပန်းကြီးက အဆင့်မြင့်သွေးရွှေဖြင့် လုပ်ထားခြင်းဖြစ်ကာ အလွန်အဖိုးတန်သည်။ ထိုယူနီကွန်တစ်ကိုယ်လုံးက ရွှေတွင်းကြီးနှင့်ပင် တူနေသေးပေ၏။
ထိုယူနီကွန်ထွက်ပေါ်လာခြင်းက လူအုပ်ကို မှင်တက်သွားစေသည်။ အထူးသဖြင့် ထိုယူနီကွန်၏ အဝတ်အစားကြောင့် အားလုံး ကြောင်သွားကြခြင်း ဖြစ်သည်။
“ပန်းငယ်လေး သူ့ကို ပြေးကိုက်တော့”
ချီရှောက်ရုန်က ချီယွမ်ကို လက်ညှိုးညွှန်ကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အသံဖြင့် အော်လိုက်သည်။
ယူနီကွန်လေးက အော်ဟစ်ပြီးသည့်နောက် ချီယွမ်ထံသို့ ပြေးဝင်သွားသည်။ ချီယွမ် အလန့်တကြား ဖြစ်သွား၏။
ချီယွမ်က ခပ်မြန်မြန်ပင် နောက်ဆုတ်ကာ နွယ်နံရံတွေဖြင့် တားဆီးထားလိုက်သည်။ ထိုယူနီကွန်လေးက အထပ်ထပ်ကာရံနေသည့် နွယ်နံရံများကို ၁၈ ထပ်ခန့်အထိ ဖျက်ဆီးပစ်လိုက်သည်။ ၁၉ ထပ်ရောက်သည်နှင့် ရပ်တန့်သွား၏။ ထိုအကောင်လေးက နံရံကို ဝင်တိုက်သည်။ သူ့နားရွက်တွင်ရှိသည့် ဖဲပြားလေးတွေကပင် လေတွင်လွင့်နေကာ သနားစဖွယ် ကောင်းနေသည်။
ယူနီကွန်လေးက နောက်ဆုံးနံရံကို ကြိမ်ဖန်များစွာ ဝင်တိုက်ပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာမျိုးဖြင့် ချီရှောက်ရုန်ထံသို့ ပြန်ပြေးလာသည်။
“ဒုကျောင်းအုပ် ကျွန်တော် ထင်တာ မှားနေတာများလား၊ ချီရှောက်ရုန်ရဲ့ ခန္ဓာကိုယ်ထဲမှာ အလင်းမှော်စွမ်းအင်တွေကို ခံစားမိနေတယ်”
လီဟုန်၏အနားတွင်ရှိသည့် ဆရာတစ်ယောက်က မျက်လုံးပြူးကျယ်စွာဖြင့် ပြောသည်။
လီဟုန်ကလည်း မျက်မှောင်ကြုတ်နေ၏။
“မင်းမှန်တယ်၊ ငါလည်း ခံစားမိတယ်၊ မမျှော်လင့်ထားဘဲ လုံးဝ မမျှော်လင့်ထားမိဘဲ ချီရှောက်ရုန်က ဒီစွမ်းအင်ကို တစ်ချိန်လုံး ဖုံးကွယ်ထားနိုင်ခဲ့တာပဲ”
ချီရှောက်ရုန်ကို ယခုအကန့်အသတ်အထိ ဖိအားပေးလိုက်သဖြင့်သာ ချီရှောက်ရုန်က ယခုကဲ့သို့ ထုတ်ပြလာရခြင်း ဖြစ်လောက်ပေသည်။
ချီရှောက်ရုန်က ယူနီကွန်လေးကို တစ်ချက်ကန်လိုက်သည်။
“ကောင်စုတ်လေး အသုံးမကျတဲ့အမှိုက်၊ မင်းက စားဖို့ပဲ သိတယ်”
ယူနီကွန်လေးက မကျေမနပ် အော်ဟစ်သည်။
ချီရှောက်ဖူက ချီရှောက်ရုန်၏မျက်ဝန်းတွေကို ကြည့်သည့်အခါ ခံစားချက်တွေ မကောင်းတော့ပေ။
“စတုတ္ထညီငယ်က ကြောက်ဖို့ကောင်းလိုက်တာ”
ချီရှောက်ရုန်၏ မျက်လုံးများက ပြောင်းလဲနေသည်။ သူ၏မျက်ဝန်းတစ်ဖက်က အနက်ရောင်ဖြစ်ပြီး အခြားတစ်ဖက်က အဖြူရောင်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် မှော်စွမ်းအင်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်ယှက်နေ၏။
အလင်းနှင့်အမှောင်ဖြစ်ကာ အဖြူနှင့်အနက်အလင်းတွေက လိမ်ယှက်နေသေည်။ ထိုစွမ်းအင်နှစ်ခုလုံးက အချင်းချင်း တွန်းကန်နေကြသော်လည်း ချီယွမ်၏ခန္ဓာကိုယ်ထံသို့ အချင်းချင်းတွန်းကန် လိမ်ယှက်လျက် တိုးဝင်သွားခဲ့ကာ ပေါက်ကွဲသွားခဲ့၏။စွမ်းအားတွေက အလွန်တရာပြင်းထန်လွန်းလှကာ ချီယွမ်က ထိုစွမ်းအင်တွေကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။
အကယ်ဒမီတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သည်အကယ်ဒမီတွင် ရှိသမျှလူတိုင်းကလည်း ချီယွမ်က ထိုသို့ ချီရှောက်ရုန်၏ ကန်ထုတ်ခံရမှုကြောင့် လွင့်ထွက်သွားမှန်း သိလိုက်ကြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြ၏။
ချီယွမ်က သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ မြေသို့ လဲကျသွား၏။
“ငါ့ရဲ့ ထျန်းလန်အကယ်ဒမီကို လာပြီး ဘယ်အကောင်က ပြဿနာရှာတာလဲ၊ အခုချက်ချင်း ထွက်လာစမ်း”
ဟူဖုန်း၏အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဟူဖုန်း၏အသံကို ကြားလိုက်သည့်အခါ ချီယွမ်က မြေပြင်တွင်လဲနေရာမှ နောက်ထပ် သွေးတစ်လုတ် အန်လိုက်ရသည်။ ဟူဖုန်းက အကယ်ဒမီထဲသို့ အပြေးအလွှား ရောက်လာသည့်အချိန်တွင် ချီယွမ်က မြေပြင်တွင် အရိုက်ခံထားရကြောင်း မြင်ရသည်။ တစ်ဖက်ကောင်က သေလုနီးပါးဖြစ်နေ၏။
“တပည့်လေး အဆင်ပြေရဲ့လား”
ဟူဖုန်းက ချီရှောက်ရုန်အနားသို့ ရောက်လာကာ ပြောသည်။
ချီရှောက်ရုန်က အသက်မနည်းရှူနေရချိန် ဖြစ်သည်။ သူ၏မျက်ဝန်းက အရောင်နှစ်မျိုးဖြစ်နေကာ ဆိုးရွားသည့် ခံစားချက်ကို ဖော်ပြနေခဲ့၏။ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်း လှပေသည်။
သို့ရာတွင် ထိုအလင်းနှင့်အမှောင်စွမ်းအင်တွေက ချီရှောက်ရုန်၏ ခန္ဓာကိုယ်ကို လိမ်ယှက်ကာ လွှမ်းခြုံထားသည့် အချိန်တွင်မူ ထူးဆန်းသည့် ကိုယ်ရောင်ကိုယ်ဝါက တောက်ပလာသည်။ ဟူဖုန်းက ချီရှောက်ရုန်ကို ထိတ်လန့်တကြား ကြည့်မိသွား၏။ သူ၏ခေါင်းပင် ပေါက်ကွဲမတတ် ဖြစ်သွားတော့ပေသည်။
ဟူဖုန်း လုံးဝ မထင်ထားမိသည်မှာ ကျွင်းလင်း သူ့ကို တစ်ခါမေးခဲ့ဖူးသည့် အလင်းနှင့်အမှောင်စွမ်းအားက ခန္ဓာကိုယ်တစ်ခုတည်းတွင် တည်ရှိနိုင်မည်လောဆိုသည့် စကားက အမှန်တကယ်ဖြစ်နေခဲ့သည်။ ချီရှောက်ရုန်က အမှန်ပင် အလင်းနှင့်အမှောင် စွမ်းအင်ကို လေ့ကျင့်နိုင်ခဲ့၏။
ချီရှောက်ရုန်က ဟူဖုန်းရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ဟူဖုန်းက တစ်ယောက်တည်း ပြန်ရောက်လာခြင်း မဟုတ်ပေ။ ဟူဖုန်း၏အနောက်တွင် ရွှမ်းဟွမ်အကယ်ဒမီမှ လုမင်အပြင် ကျွင်းဟောင်ပါ ရှိနေသည်။
ကျွင်းဟောင်က မျက်လုံးအပြူးသားဖြင့် ချီရှောက်ရုန်ကို မယုံကြည်နိုင်သလို ကြည့်နေသည်။
တိုက်ခိုက်ထားရသဖြင့် ချီရှောက်ရုန်၏ စည်းထားသည့် ဆံပင်က ပြေလျော့သွားကာ အနက်ရောင်ဆံပင်တွေက သူ၏ပုခုံးပေါ် ဖြာကျနေသည်။ အလင်းနှင့်အမှောင်စွမ်းအင်တွေက ချီရှောက်ရုန်ကို လိမ်ယှက်လျက် ရှိနေခဲ့ကာ ချီရှောက်ရုန်က မှင်တက်ဖွယ်ကောင်းလွန်းလှသည့် မှော်ဆန်သော အလှတရားတစ်ခုအလား ဖြစ်တည်နေ၏။ မှင်တက်ဖွယ်ကောင်းလွန်းလှအောင် လှလွန်းလှပေသည်။
ကျွင်းဟောင်ခမျာ ချီရှောက်ရုန်ကို အံ့အားတကြီး ကြည့်နေမိသည်။
ချီရှောက်ရုန် မျက်မှောင်ကြုတ်လိုက်သည်။ သူက အကြည့်ကို ချက်ချင်း ရှောင်လိုက်၏။
ယူနီကွန်လေးက ကျွင်းဟောင်ကို မြင်သည်နှင့် နားရွက်လေးကို တဖျတ်ဖျတ်ခါကာ တောက်ပစွာ ပြေးသွားရန် ကြံစည်လိုက်သော်လည်း ချီရှောက်ရုန်က သူ့ကို ကန်ကြောက်ကာ တားဆီးလိုက်ရ၏။
“ဆရာ အကယ်ဒမီကို ပြဿနာလာရှာတဲ့သူကို ကောင်းကောင်း ကိုင်တွယ်လိုက်ပါ၊ ကျွန်တော် သူ့ကို ရိုက်နှက်ပြီးသွားပြီ”
ချီရှောက်ရုန်က ပြောလိုက်သည်။
ဟူဖုန်းက ပြုံးလိုက်သည်။
“တပည့် မင်းက အရမ်းတော်တာပဲ”
“မဆိုးပါဘူး”
ချီရှောက်ရုန်က နှိမ့်ချစွာပြောသည်။
“ဆရာ ကျွန်တော် သွားတော့မယ်”
ချီရှောက်ရုန်က လှည့်ထွက်ကာ ပြောလိုက်သည်။
“အိုး ကောင်းပြီလေ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...