အပိုင်း ၅၇
ကျွင်းဟောင်က မြို့တော်၏ပါရမီအကြီးဆုံးသော ပါရမီရှင်ခုနစ်ယောက်တွင် ထိပ်ဆုံးအဆင့် ဖြစ်ကာ မှော်ပညာနှင့် သိုင်းပညာတွင် ကျွမ်းကျင်ပြီး ထူးချွန်လှသည့် ပါရမီရှင်ဖြစ်သည်။ ကျွင်းဟောင်၏မိသားစုကလည်း ပညာတတ်မိသားစုဖြစ်ကာ သူ့ကို အသက်ငယ်ငယ်ရွယ်ရွယ်တွင် ကောင်းစွာသင်ကြားပေးနိုင်ခဲ့လေပြီး သူ၏ မှော်ပညာတွင်ဖြစ်စေ၊ အရှိန်အဝါတွင်ဖြစ်စေ အားလုံးက အဆင့် ၇ သို့ ရောက်ရှိနေခဲ့လေပြီ။ ထို့ကြောင့် ထိပ်ဆုံးအဆင့်ဖြစ်နေခြင်းဖြစ်၏။
ကျွင်းဟောင်ပြီးလျှင် ဒုတိယက မင်းသား(၂) ထျန်းထန်းဖုန်းဖြစ်သည်။ စတုတ္ထမင်းသားက တတိယဖြစ်ပြီး ချီမိသားစု၏ ချီရှောက်ခန်းက စတုတ္ထဖြစ်ကာ သူတို့က အဆင့်(၆) ဖြစ်ကြသည်။ ရီဟောင်၊ ရီပင်းနှင့် ရှန်းယွမ်တို့ကသာ အဆင့်(၅) ဖြစ်ကြ၏။
ဟူဖုန်းက ပြောပြနေရင်းမှ ချီရှောက်ရုန်က အသက်အလွန်မကြီးသေးသော်လည်း အဆင့်(၆) ရောက်နေသည့်အတွက် ကောင်းမွန်သည်ဟု သတ်မှတ်လိုက်သည်။
ချီရှောက်ရုန်က ပြုံးသည်။
“ဒါပေါ့ ကျွန်တော်က တော်တယ်လေ”
ဟူဖုန်း “…”
ဟူဖုန်းက ချီရောက်ရုန်ကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောသည်။
“မင်းက ငယ်ပါသေးတယ်၊ အရမ်းမောက်မာနေလို့ မရဘူး၊ မင်း အခု အဆင့်(၆)ကို ရောက်နေတာ မှန်ပေမဲ့ ဒီထက်ပိုပြီး စွမ်းအားကြီးတဲ့သူတွေက ရှိနေတုန်းပဲ၊ မင်းရဲ့စွမ်းအားအပြည့်ကို သုံးပြီး ငါ့ကို တိုက်ခိုက်လိုက်၊ ဒါမှ ဘယ်အဆင့်က မင်းနဲ့သင့်တော်သလဲဆိုတာကို ကြည့်လို့ရမှာ”
ချီရှောက်ရုန်က မျက်မှောင်ကြုတ်ကာ ခက်ခက်ခဲခဲပြောသည်။
“ကျောင်းအုပ် တကယ်ပဲ ကျွန်တော် အကောင်းဆုံး ကြိုးစားသင့်တာလား”
ဟူဖုန်းက ခေါင်းညိတ်သည်။
“ဒါပေါ့၊ စွမ်းအားအပြည့်နဲ့တိုက်ခိုက်လိုက်၊ ခြင်္သေ့က ယုန်ကို တိုက်ခိုက်သလိုပေါ့၊ တိုက်ခိုက်တဲ့အချိန်မှာ ရန်သူကို အမြဲတမ်း စွမ်းအားအပြည့်နဲ့ တိုက်ခိုက်”
“တကယ်လို့ ကျောင်းအုပ်ကို ဒဏ်ရာရအောင် လုပ်လိုက်မိရင်ရော”
ချီရှောက်ရုန်က ပြန်မေးသည်။
ဟူဖုန်းက နှာခေါင်းရှုံ့သည်။
“မစိုးရိမ်စမ်းပါနဲ့၊ ငါက ဒီလောက်မပျော့ဘူး”
ချီရှောက်ရုန် ပြုံးလိုက်သည်။ သူက ပြော၏။
“ဒီလိုဆိုလည်း ကျွန်တော် စိတ်သက်သာရာရပါပြီ”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်သည်။
“ဘာကို စိတ်သက်သာရာရတာလဲ”
ဟူဖုန်းက သူ၏စွမ်းအားကို အနည်းငယ်ဖိနှိပ်လိုက်သည်။ ချီရှောက်ရုန်က ဟူဖုန်း၏စွမ်းအာက အဆင့်(၆)အထိ ကျသွားကြောင်း မြင်ရသည့်အခါ နှုတ်ဆက်စကားပင် မပြောတော့လေဘဲ သူ၏ မှော်တုတ်တံကိုထုတ်ကာ တိုက်ခိုက်၏။
ဟူဖုန်းက အဆင်သင့် မဖြစ်သေးပေ။ ချီရှောက်ရုန်က တိုက်ကွက်ကို ထုတ်ဖော်လိုက်ချေပြီ။ ဒါက မှော်နက်စွမ်းအင် တိုက်ကွက်ဖြစ်သည်။သူ၏ အမှောင်ထု မှော်စွမ်းအားများ ပါ၀င်၏။
ဟူဖုန်းက မိမိုက်အောင် ဟန်ဆောင်မနေတော့လေဘဲ တိုက်ကွက်ကို ရင်ဆိုင်ရန် ခုန်ဝင်လာသည်။ ချီရှောက်ရုန်၏ စိတ်စွမ်းအားက သာမန်မဟုတ်ပေ။ သူ၏ လှုပ်ရှားမှုတွေအားလုံးက အလွန်အမင်း မြန်ဆန်ပေ၏။
ချီရှောက်ရုန်က ရပ်တန့်ခြင်းမရှိဘဲ ဂါထာများစွာကို ရွတ်ဆိုလိုက်ကာ ဟူဖုန်းထံသို့ ကျရောက်သွားစေသည်။ ဟူဖုန်း၏နှလုံးသားက တုန်လှုပ်သွားသည်။ သူက အနည်းငယ် နောင်တရနေသော်လည်း ဒါကို ထုတ်ပြ၍မဖြစ်ပေ။
ချီရှောက်ရုန်၏ တိုက်ကွက်တွေက ဆက်တိုက်ရောက်ရှိနေခဲ့ကာ ဟူဖုန်းက တစ်ကွက်ပြီးတစ်ကွက် တည်ငြိမ်အောင် မရှောင်နိုင်သေးခင်မှာပင် ဆက်တိုက် တိုက်ခိုက်ခံနေရပေသည်။
ရုတ်တရက် ဟူဖုန်းက လေစွမ်းအင်ဖြင့် ချီရှောက်ရုန်ထံ တိုက်ခိုက်လိုက်သည်။ ချီရှောက်ရုန်က လေအေးတွေကို ကြည့်ကာ အလန့်တကြား မဖြစ်သွားပေ။
ဟူဖုန်းက သူ၏အဆင့်ကို အဆင့်(၆)သို့ လျော့ချထားသည်။ သို့သော် သူ၏စွမ်းအင်အပေါ် သူ၏ကျွမ်းကျင်မှုက ချီရှောက်ရုန်ထက် အလွန်သာသည်။
သို့သော် စွမ်းအားချင်းနှိုင်းယှဉ်လျှင်မူ အရည်အသွေးက ကွာခြားသေးပေသည်။ အမှောင်ထုစွမ်းအားဟာ အလွန်ရှားပါးလေပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှကာ နတ်ဆိုးဆန်သည်ဟုလည်း သတ်မှတ်နိုင်သည်။ ရလဒ်အနေဖြင့် အမှောင်ထု မှော်ပညာရှင်တွေ၏ နာမည်က မကောင်းလှပေ။
ထိုစွမ်းအင်ဖြင့် စမ်းသပ်စစ်ဆေးသည့်နေရာတွေက နည်းပါးလှသောကြောင့် မည်သူမျှ ထိုကိစ္စမျိုးကို လုပ်ဆောင်လေ့ မရှိကြပါပေ။ ဟူဖုန်းလျှင်ပင် ပထမဆုံးအကြိမ် အမှောင်ထုမှော်စွမ်းအင်ရှိသူနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ သူတို့၏အဆင့်က တူညီနေသည့်တိုင်အောင် ချီရှောက်ရုန်၏ စိတ်စွမ်းအားက အလွန်ပြင်းထန်လွန်းလှသည့်အတွက် ဟူဖုန်းထက်ပင် မြန်ဆန်စွာ ဂါထာတွေကို ရွတ်ဆိုနိုင်ပေသည်။ ထို့ကြောင့် ဟူဖုန်းဘက်က အကျိုးမသာနိုင်ပေ။
ဟူဖုန်းက ချီရှောက်ရုန်ကို စောစောစီးစီး အနိုင်မပေးလိုသည့်အတွက် ဆက်တိုက်ပင် ရုန်းကန်ရင်ဆိုင်နေခဲ့သည်။ ထို့ကြောင့် သူ၏နှလုံးသားက ပါးစပ်မှပင် ထွက်တော့မတတ် ဖြစ်နေခဲ့၏။ သို့သော် မျက်နှာတွင် ထိုအခြေအနေကို ထုတ်ပြခြင်း မရှိပေ။
ဂါထာများ ဆက်တိုက် လွှတ်ထုတ်ပြီးနောက် ထိုဂါထာတိုင်းတွင် ပြင်းထန်သော စိတ်စွမ်းအားတွေကို ထည့်သွင်းထားရသည်။ ချီရှောက်ရုန်၏ မှော်တုတ်တံက ဆက်တိုက်ပင် အလင်းရောင်တွေဖြင့် လှည့်ပတ်နေခဲ့ကာ ဟူဖုန်းကို လွှမ်းခြုံထားသည်။ ဟူဖုန်းက အလွန်အံ့ဩနေ၏။
ဟူဖုန်းက အချိန်အတန်ကြာမှ အရှုံးကို လက်ခံမလိုဟန် ဟန်ဆောင်ပြလိုက်ရသည်။ ချီရှောက်ရုန်၏ ဂါထာတွေက ဖြည်းညင်းစွာဖြင့် နှေးကွေးသွားကြောင်း မြင်ရသည့်အခါ သူ စိတ်သက်သာရာရသွား၏။
“ ဒီလောက်ကောင်းကောင်း မတိုက်ခိုက်ရတာတောင်ကြာခဲ့ပြီပဲ၊ ချီရှောက်ရုန် မင်းမှာ စိတ်စွမ်းအားတွေအများကြီး ကျန်ရှိသေးတယ်ဆိုရင်တောင်မှ ဒီလိုနည်းလမ်းနဲ့ဆက်တိုက် တိုက်ခိုက်နေဖို့ မဖြစ်နိုင်ဘူး”
ဟူဖုန်းက လှုပ်ရှားရန်ပြင်လိုက်သည့်အချိန်တွင်ပင် ချီရှောက်ရုန်က သိုလှောင်လက်စွပ်ထဲမှ စာလိပ်အချို့ကို ထုတ်လိုက်ကာ ဟူဖုန်းကို ပစ်ပေါက်လိုက်သည်။ ထိုစာလိပ်က ထွက်ပေါ်လာသည်နှင့် ဟူဖုန်း ထုတ်ဖော်သည့် ဂါထာအားလုံးကို နှောင့်ယှက်ခံလိုက်ရသည်။
ချီရှောက်ရုန်က ဟူဖုန်းကို ဖုန်လုံးတွေ ဝန်းရံနေခြင်းအား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ကျောင်းအုပ် အဆင်ပြေရဲ့လား”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်သည်။ သူက ပြော၏။
“အဆင်ပြေတယ်၊ မင်းရဲ့ကြီးကြပ်သူက အဆင့်(၉)ကို ရောက်နေပြီ၊ ဒီလောက်လွယ်လွယ် မရှုံးနိုင်ပါဘူး”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ကျွန်တော်လည်း ထင်ပါတယ်၊ ကျွန်တော်က အခု မှော်စွမ်းအင်တွေ ခြောက်ကပ်သွားပြီ၊ ကျွန်တော် အရမ်းထိတ်လန့်နေလွန်းလို့ မလှုပ်ရှားနိုင်တော့ဘူး၊ ဒါကြောင့် သတိလက်လွတ်နဲ့ စာလိပ်ကို ထုတ်လိုက်မိတာပါ၊ စိတ်ထဲမထားဘူး မဟုတ်လား”
“ဒါပေါ့ မထားပါဘူး၊ အဖြူအနက်သားရဲက အမဲလိုက်လို့ကောင်းတဲ့သတ္တဝါတွေပဲ၊ သူတို့က သားကောင်တွေကို ဖမ်းမိတာနဲ့ အနိုင်ရသွားရောပဲ၊ ဒါပေမဲ့ မှော်စာလိပ်တွေနဲ့ဆိုရင် အလွယ်တကူ မဖြုန်းတီးတာက အကောင်းဆုံးပဲ မင်း တတ်စွမ်းသမျှ သိမ်းထားတာ ပိုကောင်းမယ်”
ဟူဖုန်းက ပြောသည်။
ချီရှောက်ရုန်က ဟူဖုန်းကို ကြည့်ကာ စိတ်မဝင်စားသလို ပြောသည်။
“ကိစ္စမရှိပါဘူး၊ ကျွန်တော့်မှာ အများကြီးရှိတယ်”
ဟူဖုန်း ချောင်းဟန့်လိုက်သည်။
“ငါ မေ့သွားလို့ပါ၊ မင်းက တော်တော် ချမ်းသာတာပဲ”
ချီရှောက်ရုန်က ပြောသည်။
“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်”
“…”
ချီရှောက်ရုန်က သူ၏ခြံဝန်းထဲ ပြန်ရောက်လာသည့်အခါ ချီဟန်က ကြိုဆိုသည်။
“သခင်လေး ဘာလို့ နောက်ကျနေတာလဲ”
“ဟူဖုန်း မျိုးမစစ်အိုကြီးက ငါ့ကို အဆင့်(၆)စွမ်းအားနဲ့တိုက်ခိုက်မယ်ဆိုပြီး သူ့စကားသူ မတည်ဘဲ အဆင့်(၇) စွမ်းအားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လေ”
ချီရှောက်ရုန်က မကျေမနပ်ပြောသည်။
ချီဟန်က ချီရှောက်ရုန်ကို ကြည့်ပြီးပြော၏။
“သခင်လေးက ကျောင်းအုပ်ကို အနိုင်မရခဲ့ဘူးလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“အစကတော့ ငါ သူ့ကို ကောင်းကောင်းသင်ခန်းစာပေးနိုင်ခဲ့တာပဲ၊ နောက်ပိုင်းကတော့ မမျှော်လင့်ထားမိဘူးလေ”
ကံဆိုးစွာပင် ဟူဖုန်းက သူ၏စွမ်းအားက လက်ရှိအဆင့်နှင့်ဆိုလျှင် ချီရှောက်ရုန်ကို မဖိနှိပ်နိုင်ကြောင်း သိလာသည်နှင့် သူ၏စွမ်းအားကို မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ချီဟန်က ချီရှောက်ရုန်ကို ကြည့်ပြီးပြောသည်။
“သခင်လေးကလည်း …”
ချီရှောက်ရုန်က ချီဟန်ကို ကြည့်သည်။
“ငါကလည်း… ဘာဖြစ်လဲ”
“ဒီအဖိုးကြီးက ရွှေပြားတွေ အများကြီးတောင် လက်ခံထားတာ၊ သူက ငါ့ရဲ့စိတ်နည်းနည်းကိုတော့ ပိုင်ဆိုင်တာက ပုံမှန်ပါပဲ”
ချီဟန် “…”
ချီရှောက်ရုန်က ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ အလင်းစွမ်းအားတွေက ထွက်ပေါ်လာလေပြီး သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာတိုင်းကို ကုသလိုက်သည်။
“သခင်လေး သခင်လေးက အမှောင်ထုမှော်စွမ်းအားကိုပဲ ထုတ်ဖော်ထားမှာလား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဒါပေါ့”
“အလင်းစွမ်းအားကို သုံးတာက နတ်ဆိုးသမားတော်လေ၊ အမှောင်စွမ်းအားကို သုံးတာက ချီရှောက်ရုန်၊ ဒီနှစ်ယောက်က တစ်ယောက်တည်း အဖြစ်မြင်လို့ ဘယ်ရပါ့မလဲ”
ချီရှောက်ရုန်က အလင်းနှင့်အမှောင်နတ်စွမ်းအင်ကို လေ့ကျင့်ကာ သူ၏ မှော်စွမ်းအင်နှစ်ခု ပေါင်းစပ်သည့်ဖြစ်စဉ်က သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပျက်လာခဲ့သည်။ ဒါက ယင်နှင့်ယန်ကို ပေါင်းစပ်နေသကဲ့သို့ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် အားနှစ်ခုက လှည့်ပတ်နေကြ၏။
“သခင်လေး မနက်ဖြန် အနားယူမှာလား”
“မယူဘူး၊ ကျောင်းအုပ်က မနက်ဖြန် သတင်းပို့ဖို့ ပြောလိုက်တယ်၊ လေ့ကျင့်တာက တိုတောင်းတယ်ဆိုပေမဲ့ ဒီသုံးရက်တာအတွင်း လေ့ကျင့်ပြီးမှ နောက်နှစ်ရက်ကို ပျင်းနေလို့ဘယ်ဖြစ်ပါ့မလဲ”
“…”
“ဘာပဲဖြစ်ဖြစ် အဆင့်(၉)တစ်ယောက်ရဲ့ လေ့ကျင့်ပေးတာကို ခံရတာကလည်း ရှားပါးတဲ့ အခွင့်အရေးပါပဲ”
ချီဟန်ကပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ဟူဖုန်းက စိတ်ရှုပ်ဖို့ကောင်းပေမဲ့ သူက တကယ်ကောင်းတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပါ”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...