unicode.
အပိုင်း ၇၃ကျွင်းချန်က ကျွင်းဟောင်၏အနောက်မှ ထွက်လာကာ ပြော၏။
“အကြီးအကဲနတ်ဆိုးသမားတော် ကျွန်တော့် အစ်ကိုကြီးက ခန့်ညားချောမောပြီး ချီရှောက်ရုန်ထက် အများကြီးသာတယ်၊ ချီရှောက်ရုန်က ဘာတွေများကောင်းနေလို့လဲ၊ အဲဒီရက်စက်တဲ့ကောင်က ကျွန်တော့်အစ်ကိုကြီးထက် ဘယ်နေရာကများ သာနေလို့လဲ”
ချီရှောက်ရုန် “…”
ကျွင်းချန် ဒီကောင်ရဲ့ပါးစပ်က ဆိုးရွားတာပဲ။
“နတ်ဆိုးသမားတော် မတွေ့ရတာ ကြာပြီ၊ နတ်ဆိုးသမားတော် ဒီအတောအတွင်း ဘယ်တွေကိုများ ရောက်နေတာလဲ”
“စကားပြောရင်း လမ်းလျှောက်ရအောင်”
ကျွင်းချန်က နတ်ဆိုးသမားတော်ကို ကြည့်ပြီးပြောသည်။
“နတ်ဆိုးသမားတော် နှမြောစရာကောင်းတာက အစ်ကိုကြီးရဲ့ပြိုင်ဘက်ကို လွတ်သွားတာပဲ”
ချီရှောက်ရုန်က ပြုံးလိုက်ကာ ပြောသည်။
“ငါ သိပါတယ်၊ ငါလည်း မင်းအစ်ကိုကြီးကြောင့် ရွှေပြားသန်းကျော် ဆုံးရှုံးသွားတယ်လေ”
ကျွင်းချန်က ပြောသည်။
“ဘာလို့လဲ၊ ကျွန်တော့်အစ်ကိုကြီးကြောင့် ဘာလို့ ရွှေပြားသန်းကျော် ဆုံးရှုံးသွားရမှာလဲ”
“ငါက ရှောက်ရုန်ကို လောင်းဖို့အတွက်နဲ့ အများကြီး ချေးငှားလိုက်တာလေ၊ သူက ပိုက်ဆံအများကြီးနိုင်သွားတော့ အကယ်ဒမီကို မျက်နှာသာ ပေးတဲ့အနေနဲ့ သူက ငါ့ကို တစ်ဝက်ပေးပေမယ့် ထျန်းလန်အကယ်ဒမီက ပထမရတဲ့ဘက်က ရွှေပြားသန်းကျော် လောင်းခဲ့တာတင် မဟုတ်ဘူး၊ မင်းရဲ့အစ်ကိုကြီး ရွှေတစ်ပြားမှ မရဖို့အတွက်နဲ့ ရွှေပြားတစ်သိန်း လောင်းခဲ့သေးတယ်”
ချီရှောက်ရုန်က နောင်တအပြည့်ဖြင့် ပြောသည်။
ကျွင်းချန် “…”
ချီရှောက်ရုန်က လက်ဆန့်ထုတ်လိုက်ကာ ကျွင်းဟောင်၏ပါးကို ဆွဲညစ်ကာ ပြော၏။
“သခင်လေးကျွင်း မမျှော်လင့်ထားဘဲ သခင်လေးကျွင်းက ဒီလောက်ကြည့်ကောင်းပြီး လိမ်ညာတတ်သေးတယ်၊ ကြည့်ကောင်းတိုင်း အရာရာ မကောင်းဘူးဆိုတာ သေချာသွားတာပေါ့”
ကျွင်းချန် “…”
ရှန်းယွမ်က ထိုအပြုအမူကိုကြည့်ကာ နတ်ဆိုးသမားတော်အတွက် ချွေးစေးတွေပင် ပြန်လာသည်။ ကျွင်းဟောင်က သူ၏မျက်နှာကို အလွန်ဂရုစိုက်သူဖြစ်ကာ အခြားသူတွေ ထိတွေ့ခြင်းကို သဘောမကျပေ။ ရှန်းယွမ်က နတ်ဆိုးသမားတော်အတွက် စိတ်ပူသွား၏။ သို့သော် ကျွင်းဟောင်ကမူ မလှုပ်ရှားဘဲ ရှက်ရွံ့နေသည်။
“ကျွန်တော် စိတ်မကောင်းပါဘူး”
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က ပုခုံးတွန့်ပြသည်။
“မလိုပါဘူး”
ရှန်းယွမ်က ကျွင်းဟောင်နှင့် ချီရှောက်ရုန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောသည်။
“နတ်ဆိုးသမားတော် မြင်းတွေကို အရင်ကြည့်ရအောင်”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သွားစို့”
ချီရှောက်ရုန်က ဖျားနာနေသည့် မြင်းကို ကြည့်ကာ ပြောသည်။
“ဒီမြင်းတွေအားလုံး တစ်ပြိုင်တည်း ဖျားသွားကြတာလား”
“တစ်ပြိုင်တည်းတော့ မဟုတ်ပါဘူး၊ အကောင်ရေအနည်းငယ်လောက် အရင်ဖျားပြီးတာနဲ့ သိပ်မကြာခင် အခြားကောင်တွေပါ ဖျားတာပဲ”
“ဒီမြင်းဇောင်းကို စောင့်တဲ့ အကြီးအကဲကို ခေါ်လိုက်ရအောင်၊ မြင်းတစ်ကောင် ဖျားပြီဆိုတာနဲ့ အဲ့ဒီမြင်းကို အရင်ဆုံးခွဲထားရမယ်ဆိုတာ သိထားရမယ်လေ၊ မဟုတ်ရင် အခုလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး”
ရှန်းယွမ်က ကို့ရို့ကားယားဖြစ်စွာဖြင့် ပြောသည်။
“အခုမှ စစ်ဆေးဖို့ကတော့ နောက်ကျသွားပြီ၊ အဲ့ဒီအကြီးအကဲက ဒီကိစ္စကြောင့် ခေါင်းဖြတ်ခံရဖို့ များနေပြီ”
ရှန်းယွမ်က သူ၏စကားကို ရပ်ထားသည်။ ထို့အပြင် ထိုအကြီးအကဲကလည်း သူ၏ဦးလေးတစ်ယောက် ဖြစ်သည့်အတွက် တစ်ဖက်သူအတွက် သူ ကာကွယ်ပေးရန် လိုအပ်သေးသည်။
ထိုလူအိုကြီးက လူရွေးချယ်ရာတွင် တော်သော်လည်း မြင်းဇောင်းကို ထိန်းချုပ်နိုင်စွမ်းက မရှိပေ။ ထို့ကြောင့် ဒီလိုမတော်တဆမှုဖြစ်သည်နှင့် တစ်ဖက်သူက ကိစ္စကြီးဟု တွေးထင်ထားခဲ့ခြင်းမရှိပေ။ ထိုသို့ဖြင့် ယခုအခြေအနေသို့ ရောက်လာရခြင်းဖြစ်သည်။
ထိုလူအိုကြီး သေဆုံးသွားလျှင် အဆင်ပြေသော်လည်း သည်မြင်းတွေ၏အခြေအနေကမူ မကောင်းနိုင်တော့ပေ။ သည်ကိစ္စတွေအားလုံးက ရှန်းယွမ်တို့၏မိသားစုပေါ်သို့ ပုံကျလာ၏။
ချီရှောက်ရုန် “…”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော် ဒီကိစ္စကို ဘယ်လိုထင်ပါသလဲ”
ချီရှောက်ရုန်၏မျက်လုံးတွေက မှေးကျဉ်းသွားကာ ပြောသည်။
“မသေချာဘူး၊ အရင်ဆုံး ဆေးတော့ တိုက်ကြည့်ရမယ်”
ကျွင်းဟောင်က ခေါင်းညိတ်သည်။
“နတ်ဆိုးသမားတော် ဒီကိစ္စအတွက် အများကြီး စိုးရိမ်မနေပါနဲ့၊ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်လည်း ထားလိုက်ပါ၊ ရှန်းမိသားစုက တစ်ယောက်ယောက်က ကိုင်တွယ်လိမ့်မယ်၊ ဒါက အကြီးအကဲနဲ့ မသက်ဆိုင်ပါဘူး”
ရှန်းယွမ် “…”
ကျွင်းဟောင် မင်း ဘယ်လိုများ ပြောလိုက်တာလဲ။
ကျွင်းချန်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော်၊ ဖြေရှင်းချက်တစ်ခုရပြီဆိုရင် အဆင်ပြေမှာပါ၊ အလင်းဘုန်းတော်ကြီးတွေတောင် မလုပ်နိုင်တာကို အကြီးအကဲက လုပ်နိုင်တာပဲလေ”
“ငါတို့ စမ်းကြည့်ရုံပဲရှိမယ်၊ အခြေအနေက မသေချာဘူး”
မည်သို့ပင်ဆိုစေ မှော်သားရဲတွေက သာမန်သားရဲတွေ မဟုတ်သည့်အတွက် အခြေအနေတိုင်းက တူညီနေမည် မဟုတ်ပေ။
ရှန်းယွမ်က နတ်ဆိုးသမားတော်၏ ပျင်းရိနေသည့် အပြုအမူကို ကြည့်ကာ မသက်မသာပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော်၊ စစ်မြင်းတွေက စောင့်နိုင်တော့မယ် မထင်ဘူး၊ ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“မစိုးရိမ်ပါနဲ့ ပိုက်ဆံရှင်းမယ့် အချိန်ကျရင်သာ အချိန်မကြာစေနဲ့၊ ဒီလိုဆိုရင် ပိုမြန်မှာပဲ”
ရှန်းယွမ် “…”
ကျွင်းချန်က ချီရှောက်ရုန်အနားသို့ ကပ်လာကာ ပြောသည်။
“အကြီးအကဲနတ်ဆိုးသမားတော်၊ ချီရှောက်ရုန်က တကယ်လွန်တယ်၊ ဒေါသလည်း ကြီးတယ်၊ ဘာလို့ သူ့ကို ဒီလောက်အထိ သဘောကျတာလဲ”
ရှန်းယွမ်က ကျွင်းချန်ကို ကြည့်သည်။ ထို့နောက် ကျွင်းချန်ကို ကန်ထုတ်ချင်သွား၏။ သူ၏မြင်းတွေ၏ကိစ္စကသာ ပို၍ အရေးကြီးပေသည်။ သို့သော် တစ်ဖက်ကိစ္စကိုသာ ထိုအကောင်က ဆက်တိုက်ပြောနေခဲ့၏။
“ငါလည်း ဒေါသကြီးတာပဲ”
ကျွင်းချန်က မျက်တောင် တဖျတ်ဖျတ် ခတ်သည်။
“အကြီးအကဲနတ်ဆိုးသမားတော်က နောက်နေတာပဲ၊ အကြီးအကဲက ဒီလောက် လူကြီးလူကောင်းဆန်တာလေ”
“ငါက လူကြီးလူကောင်းဆန်တယ် ဟုတ်လား”
“အင်းလေ”
ချီရှောက်ရုန်က ပြောသည်။
“ငါ့ကို တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် ဒီလိုပြောတာကို ကြားဖူးတာပဲ၊ ငါ မင်းကို သဘောကျတယ် သခင်လေးကျွင်းရေ၊ မင်းလို အပြစ်ကင်းစင်ပြီး ချိုမြိန်နေတဲ့ ပါးစပ်ကို ပိုင်ဆိုင်ထားတဲ့သူမျိုးကို ဒီတစ်လောကလုံးမှာ ရှာတွေ့ဖို့ လွယ်မယ်မထင်ဘူး”
ကျွင်းချန် “…”
ကျွင်းဟောင်က မျက်မှောင်ကြုတ်သည်။
“အကြီးအကဲနတ်ဆိုးသမားတော် ဒီလောက်အထိ ပြောဖို့ မလိုပါဘူး၊ ပြီးတော့ အကြီးအကဲရဲ့ဟာသတွေကလည်း အဆင့်မြင့်လာသလိုပဲ၊ အားချန်ကို နားလည်မှု မလွဲပါစေနဲ့”
ချီရှောက်ရုန် “…”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...