unicode
အပိုင်း ၇၁ ရီပင်း၏သံသယရီမိသားစုတွင်။
"နင်က ရီဖန်ကို သွားတွေ့တာလား"
ရီဟောင်က ရီချူးရွှယ်ကို ကြည့်ကာမေးသည်။ ရီချူးရွှယ်က ခေါင်းညိတ်ကာ ပြော၏။
"ချီရှောက်ရုန်ရဲ့ လုပ်နိုင်စွမ်းအားက မြင့်မားတယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ချီမိသားစုဝင်ပဲလေ၊ သူ ရီမိသားစုက ကိစ္စတွေမှာ ဝင်မပါဘူးလို့ မျှော်လင့်ရတာပဲ"
သည်နေ့ ထျန်းလန်အကယ်ဒမီတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စက လူအများစု၏ ရယ်စရာပြက်လုံး ဖြစ်ခဲ့ရသည်။ သာမန်လူတွေကပင် သူမကို လက်ညှိုးထိုးကာ ပြောနေခဲ့သည့်အကြောင်းတွေကို ပြန်တွေးမိသည့်အခါ ရီချူးရွှယ် ရှက်ရွံ့ရ၏။
ချီရှောက်ရုန် ဒီကောင်စုတ်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ လုပ်နိုင်စွမ်းအား ရှိနေတာလဲ။
"ကလန်က အခု ဆူပူအုံကြွနေပြီ၊ မင်း ပြဿနာရှာတာကို ရပ်ပေးနိုင်မလား"
ရီဟောင်က မဲမှောင်နေသည့်မျက်နှာဖြင့် ပြောသည်။
ရီချူးရွှယ်၏မျက်နှာက မသာမယာဖြစ်သွားသည်။ သူမက မကျေမနပ်ပြော၏။
"အစ်ကိုကြီး အစ်ကိုကြီးရဲ့စကားကလည်း ကြည့်ပါအုံး၊ အဖေပြောတဲ့ စကားနဲ့တောင် တူနေပြီ"
ရီချူးရွှယ်က ထျန်းလန်အကယ်ဒမီဘက်က မှားယွင်းသည်ဟုသာ ခံစားမိလေပြီး ရီရွှမ်း သူမကို အာရုံစိုက်စေလိုသော်လည်း ရီရွှမ်းက သူမ၏အခြေအနေကြောင့် စိတ်ရှုပ်မှုကိုသာ ခံစားနေရသည်။ ရီချူးရွှယ်က ထိုကိစ္စကြောင့် ဝမ်းနည်းနေရပေ၏။
ရီဟောင်က ရီချူးရွှယ်ကို ကြည့်ကာ ပြောသည်။
"ဟူဖုန်းက အခု ချီရှောက်ရုန်ကို ရတနာတစ်ပါးလို ဆက်ဆံနေပြီ၊ ဟူဖုန်းက အဆင့်(၉) ဆရာသခင်တစ်ယောက်ပဲ၊ ရီမိသားစုက ဒီလိုအင်အားကြီးတဲ့ ရန်သူတစ်ယောက်ကို အလကားနေရင်း မင်းကြောင့်နဲ့ တိုက်ခိုက်ပေးမှာ မဟုတ်ဘူး"
ရီချူးရွှယ်က ရီဟောင်ကို ကြည့်ကာ ပြောသည်။
"အစ်ကိုကြီး ညီမက ဒါကို အစ်ကိုကြီးအတွက် လုပ်ခဲ့တာနော်၊ အစ်ကိုနှစ်မှာ ဖြစ်သွားတဲ့ကိစ္စက ရီဖန်နဲ့ ပတ်သက်နေတာ သေချာနေတာပဲ၊ လူတိုင်းက အစ်ကိုကြီးကို လက်ညှိုးထိုးနေမှာကို ဘာလို့လက်ခံနေရမှာလဲ"
ရီဟောင်၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူ ဘာမှမလုပ်ရသေးခင်မှာပင် ရီပင်းထံတွင် ပြဿနာက တက်သွားခဲ့ချေပြီ။ တစ်စုံတစ်ယောက်က သူ့ထက် ဦးစွာ လုပ်ပေးသွားခဲ့၏။
အပြင်ဘက်တွင် ထွက်နေသည့် ကောလဟာက တကယ့်အစစ်အမှန် လူသတ်သမားက သူဟု စွပ်စွဲနေသည့် အကြောင်းကိစ္စသာ ဖြစ်သည်။ ခြေလှမ်းသံကြားလိုက်ရသဖြင့် ရီချူးရွှယ်က နောက်လှည့်ကာ ကြည့်လိုက်သည်။
"အစ်ကိုနှစ် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ရီပင်းက ရီချူးရွှယ်ကို အေးစက်စွာ ကြည့်ပြီးနောက် ပြောသည်။
"ငါက ဒဏ်ရာရသွားတာမှန်တယ်၊ ဒါပေမဲ့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး၊ ဘာကိစ္စကြောင့် အိပ်ယာထဲမှာ တစ်ချိန်လုံး လဲနေရမှာလဲ၊ ချူးရွှယ် မင်းရဲ့အစ်ကိုနှစ်ကို အသုံးမကျတဲ့ကောင်လို ဆက်ဆံနေတာပဲ"
ရီဟောင်က ရီပင်း၏လေသံကြောင့် မနှစ်မြို့သလို ဖြစ်သွားသည်။ ရီပင်းက သူ့ကို ပြောလိုသော်လည်း တမင်သက်သက် ရွဲ့နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မိသားစုသို့ ပြန်လာပြီးကတည်းက သူ့ကို ထူးဆန်းစွာ ဆက်ဆံပြုမူနေခဲ့သည်။
ရီပင်းက ရီချူးရွှယ်ကို ကြည့်ကာ မေးသည်။
"ချူးရွှယ် ငါ့ကို လုပ်ကြံခဲ့တဲ့ အကောင်က ဘယ်သူလဲဆိုတာကို မင်းတွေ့လိုက်သလား"
"မေတွ့လိုက်ဘူး။ အဖေကတော့ အတည်မပြုရသေးဘူးလို့ ပြောတယ်၊ သူလည်း အခုဒီကိစ္စကို စုံစမ်းနေတုန်းပဲ"
ရီချူးရွှယ်က ပြောသည်။
ရီပင်းက နှာခေါင်းရှုံ့ကာ ပြော၏။
"အစ်ကိုကြီး ကျွန်တော့်ကို အဲဒီလို လုပ်ကြံသွားတဲ့သူက ရှာတွေ့ဖို့ မလွယ်ဘူးလို့ ထင်တယ်၊ အစ်ကိုကြီးရော ဘယ်လိုထင်လဲ"
ရီပင်း၏မျက်နှာက အေးစက်နေသည်။ ရီဟောင်ကို ကြည့်သည့်အကြည့်များထဲ ဒေါသများက ပြည့်နှက်နေ၏။
ရီဟောင်က ရီပင်းကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီးပြောသည်။
"မင်းက ဘာကို ဆိုလိုတာလဲ"
"ငါ ဘာကိုဆိုလိုတာလဲ ဟုတ်လား၊ အစ်ကိုကြီးက မသိဘူးလား"
ရီပင်းက မေးသည်။
ရီဟောင်က လက်သီးဆုပ်ကာ သူ၏နှလုံးသားထဲ ဒေါသတရားများ ပြည့်နှက်လာသည်။ ရီပင်းကို လုပ်ကြံခဲ့သူက သူ မဟုတ်ပေ။ သို့သော် ရီပင်းကမူ သူဟု ထင်နေပုံရသည်။
"ငါ မဟုတ်ဘူး"
"မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီးလို့လည်း မပြောမိပါဘူး၊ မိသားစုက အစ်ကိုကြီးလို့လဲ မထင်ထားဘူးလေ၊ မဟုတ်ရင် အဖေက ဒီအတိုင်း ဘယ်နေပါ့မလဲ"
ရီပင်းက အသံကို တိုးကာ ပြောသည်။ သူ၏မျက်ဝန်းထဲ အလင်းရောင်တွေ လက်နေ၏။
ရီပင်း၏နှလုံးသားက အေးစက်နေသည်။ သူ့အဖေ ရီရွှမ်းကို ဒီကိစ္စအကြောင်းကို ပြောပြီးသော်လည်း သူ့ဖခင်က လက်မခံခဲ့ပေ။ သူကသာ မှားယွင်းနေသည်ဟု ထင်နေ၏။
ထိုအခါမှသာ ရီပင်း နားလည်လိုက်သည်။ ရီဟောင်က လက်ရှိတွင် ရီမိသားစုမှ မွေးရာပါပါရမီရှင် တစ်ယောက်ဖြစ်ကာ သူကမူ ဖခင်၏ စွန့်ပစ်ခံရပေလိမ့်မည်။
ရီချူးရွှယ်က မျက်မှောင်ကြုတ်နေသည်။ ရီချူးရွှယ်ကလည်း သည်ညီအစ်ကိုနှစ်ယောက် ကြားမှ ပြင်းအားကို သတိထားမိလာ၏။
"အစ်ကိုနှစ် ဘာတွေ ပြောနေတာလဲ၊ အစ်ကိုနှစ် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ရီဖန်နဲ့ပဲ ပတ်သက်နေတာ မဟုတ်ဘူးလား"
ရီပင်းက ရီချူးရွှယ်ကို ကြည့်ကာ ပြော၏။
"ချူးရွှယ် မင်းရဲ့အစ်ကိုကြီးရဲ့ အပြစ်ကင်းမှုတွေနဲ့ မင်းက အလိမ်ညာခံနေရပြီ"
သည်ကိစ္စကြောင့် ရီပင်းက ရီချူးရွှယ်အပေါ်ပင် စတင်မုန်းတီးလာသည်။
"မင်း ဒဏ်ရာရတာ ငါနဲ့ဘာမှ မပတ်သက်ဘူး"
ရီဟောင်ကလည်း ပြောသည်။
ရီပင်းက နှာခေါင်းရှုံ့ကာ ပြော၏။
"ငါက ကန်းနေလို့လား"
"မင်း ငါ့ကို မြင်လိုက်လို့လား"
"အစ်ကိုကြီးကတော့ တကယ့်ကို လိမ်ညာနေတုန်းပဲ"
"ငါကသာ မင်းကို ဒုက္ခပေးချင်တယ်လို့ မင်းထင်နေရင် ငါ ပြောသမျှအားလုံးက အလကားဖြစ်နေပြီပဲ"
"ထျန်းလန်အကယ်ဒမီက ရှန်းယွမ်ရဲ့ ပုံတူမျက်နှာကပ်ထားတဲ့ အဲဒီချန်မြန်ဆိုတဲ့ အကောင်ကရော လုပ်သွားတာ မဖြစ်နိုင်ဘူးလား၊ အဲဒီအကောင်ဆိုရင် ငါ့ကို ဒုက္ခရောက်အောင် လုပ်ပြီး အပြင်ကို ကန်ထုတ်သွားတာလေ"
ရီဟောင်က ပြောသည်။
ရီပင်းက ရီဟောင်ကို ကြည့်ကာ ပြော၏။
"ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက အခု ရီမိသားစုရဲ့ခေါင်းဆောင်လောင်း အနေအထား ရှိနေတာဆိုတော့ ဂုဏ်ယူပါတယ်"
ရီဟောင် "..."
ယန်မန်က အနားသို့ ကပ်လာရင်း ပြောသည်။
"သားငယ် ဘာတွေဖြစ်နေတာလဲ၊ ဘုန်းတော်ကြီး ကျိုးလျှို ပြောသွားတဲ့အတိုင်းဆိုရင် သားက အိပ်ယာထဲမှာ လဲနေသင့်တာလေ"
ရီပင်း၏မျက်ဝန်းထဲ အလင်းရောင်တွေ လက်လာကာ ပြော၏။
"ကျွန်တော် ဒီလိုအခြေအနေ ဖြစ်နေမှတော့ အနားယူတာ မယူတာက ဘာကွာတော့မှာလဲ"
ယန်မန် နာကျင်သွားသည်။ သူမ၏ သည်အမြွှာပူးသားနှစ်ယောက်က သူမ ဂုဏ်အယူရဆုံးသူများ ဖြစ်ကြကာ ရီမိသားစု၏ အုတ်မြစ်ကြီး ဖြစ်သည်။ သို့သော် ယခုအခါတွင် သည်ညီအစ်ကိုနှစ်ယောက်က ယခုကဲ့သို့ မတော်တဆကိစ္စများကြောင့် မတည့်ကြတော့ပေ။ ယန်မန်က သက်ပြင်းကိုချသည်။ သူမက တွေးတောလိုက်၏။
အခုအချိန် ငါ အပြင်ကို ထွက်သွားတဲ့အချိန်မှာ လူတွေဘယ်လောက်များများက ငါ့ကို လှောင်ရယ်နေကြမလဲ။
ယန်မန်က ရီပင်းနှင့်ရီဟောင်တို့ကို စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သက်ပြင်းချသည်။ သူတို့ကြားရှိ လေထုအခြေအနေကိုလည်း သူမ နားလည်နေပေ၏။
ရီချူးရွှယ်က ယန်မန်နှင့်အတူ အပြင်သို့ လိုက်ထွက်သွားကာ ပြောသည်။
"အမေအစ်ကိုကြီးနဲ့ အစ်ကိုနှစ်တို့က ဘာတွေဖြစ်နေတာလဲ"
ယန်မန်က ခေါင်းကိုငုံ့ကာ ဘာစကားမှ မပြောလေဘဲ သက်ပြင်းကို ချလိုက်သည်။ ရီရွှမ်းက ရှင်းအောင်လုပ်ခဲ့ပြီးချေပြီ။ ရီဟောင်၏ဒဏ်ရာက အကင်းမပျောက်သေးသည့်အတွက် ရီပင်းနှင့်ယှဉ်လျှင် သူကသာ အလေးအသာဆုံး ဖြစ်နေပေသည်။ မည်သို့ပင်ဆိုစေ သူမတွင် ရီဟောင်သာ ကျန်တော့၏။ ထိုရီဟောင်တွင် မည်သည့်အရာမျှ ထပ်ဖြစ်၍ မရတော့ပေ။
ထို့အပြင် ရီပင်း၏ ဒဏ်ရာကို ရီဟောင် လုပ်မလုပ်ကလည်း မရှင်းလင်းသေးပေ။ ထိုသို့လုပ်လျှင်ပင် သူမအနေဖြင့် မေ့ပျောက်ထားရန် လိုအပ်ပေ၏။
"ဘာမှ မဟုတ်ပါဘူး"
"အမေ သမီး ဒီနေ့ ရီဖန်ဆီကို သွားတွေ့သေးတယ်၊ ဒါပေမဲ့ ချီရှောက်ရုန် အဲဒီအကောင်က ဝင်တားတယ်လေ၊ အမေ ဒီအတွက် ကလဲ့စားချေပေးရမယ်နော်"
ရီချူးရွှယ်က ပြောသည်။
ယန်မန်က ရီချူးရွှယ်၏မျက်ဝန်းတွေကိုကြည့်ကာ အကြည့်တွေက အေးစက်သွားပြီး ပြောသည်။
"ချူးရွှယ် တစ်ချိန်လောက်လေးများ ပြဿနာမရှာဘဲ နေပေးလို့မရဘူးလား"
ရီချူးရွှယ်က ခေါင်းကို ငုံ့လိုက်သည်။ သူမ၏ဖခင်မှစပြီး တစ်မိသားစုလုံးက သူမကို ထိုကဲ့သို့ ဆက်ဆံလာသည်။
.......
ရီဖန် အိမ်သို့ ပြန်ရောက်လာသည်။
မူရွှယ်လန်က အပြင်သို့ ထွက်လာကာ ပြော၏။
"နင် ပြန်လာပြီလား"
ရီဖန်က မူရွှယ်လန်ကို ကြည့်ကာ ပြောသည်။
"မင်းတို့ အခုအချိန်အထိ ဒီနေရာကနေ မပြောင်းသေးဘူးလား"
ရှန်းယွန်က ရီဖန်ကို ကြည့်ကာပြော၏။
"နင် မျိုးမစစ်ကောင် ငါ့ရဲ့သခင်မလေးက ဒီနေရာမှာ နေနေတာကိုက နင့်ကိုမျက်နှာသာ ပေးတာ ဖြစ်နေပြီ၊ ဒါကို နင်က ဘာကိစ္စကြောင့် မောင်းထုတ်နေရတာလဲ"
ရီဖန်က ရှန်းယွန်ကို ကြည့်ကာ ပြောသည်။
"ဒီလိုမျိုး မျက်နှာသာ ပေးတဲ့အတွက်တော့ ကျေးဇူးအများကြီးတင်ပါတယ်၊ ကျေးဇူးပဲ၊ ဒါပေမဲ့ မလိုအပ်ဘူး"
မူရွှယ်လန်က ရီဖန်ကို ကြည့်ကာ ပြောသည်။
"ရီဖန် ရီပင်း တစ်ခုခုဖြစ်သွားတယ်၊ နင် ဒါကို သိလား"
"မိန်းကလေးမူကသာ မပြောရင် ငါ သိမှာ မဟုတ်ဘူး"
ရီဖန်က ပြောသည်။
မူရွှယ်လန် "..."
ရှန်းယွန်က ခါးသီးသည့်လေသံဖြင့် ပြောသည်။
"ရီဖန် နင် ဘာလို့ ဒီလောက်အထိ ခေါင်းမာနေတာလဲ၊ နင် ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် နင့်ရဲ့အခွင့်အရေးတွေ အားလုံးက ပျောက်သွားမှာပဲ၊ အမှန်အတိုင်းပြောရရင် ရီပင်းက အခု အရှုံးသမား ဖြစ်သွားပြီ၊ ရီဟောင်က ဒါကိုလုပ်ခဲ့တဲ့သူ ဖြစ်နိုင်တယ်၊ ရီဟောင်က ကျေးဇူးမသိတတ်တဲ့အကောင်ပဲ၊ ဒီလိုလူမျိုးတွေကို ကိုင်တွယ်ဖို့က ခက်ခဲတယ်"
ရီဖန်က ရှန်းယွန်ကို ကြည့်ကာ မျက်လုံးတွေ မှေးကျဉ်းသွားပြီးပြောသည်။
"ငါ့ကို ရီမိသားစုက နှင်ထုတ်ပြီးပြီ၊ ရီမိသားစုရဲ့ကိစ္စက ငါနဲ့ မသက်ဆိုင်တော့ဘူး"
မူရွှယ်လန်က ရီဖန်ကို ကြည့်ကာပြောသည်။
"ရီဖန် နင် တကယ်ပဲ ဒီလိုလုပ်ဖို့ ဆန္ဒရှိတာလား"
ရီဖန်က ပြုံးလိုက်သည်။
"ဒါပေါ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများ ဝမ်းနည်းစရာရှိလို့လဲ"
ရှန်းယွန်က ရီဖန်၏ထွက်သွားသည့်ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
"သခင်မလေး ရီဖန်က ရှုံးနိမ့်သွားပြီ၊ သူ့ကို ဘယ်နည်းနဲ့မှ တက်ကြွအောင် လုပ်လို့ မရတော့ဘူး"
မူရွှယ်လန်က အသက်ပြင်းပြင်းရှူကာ ပြောသည်။
"ချီမိသားစုရဲ့ချီရှောက်ရုန်က ဒီလောက်အထိ စွမ်းအားကြီးနေမယ်လို့ ငါ မထင်ထားတာ အမှန်ပဲ"
ရှန်းယွန်ကလည်း မျက်မှောင်ကြုတ်သည်။
"ချီမိသားစုက အဲဒီကောင်က အတုအယောင်ဆိုရင် ဒီရီဖန်ကတော့ အစစ်အမှန် အမှိုက်ကောင်ပဲ"
မူရွှယ်လန်က ရီဖန်၏ကျောပြင်ကို ကြည့်ကာ ပြောသည်။
"ရီပင်းရဲ့ဒဏ်ရာတွေက တကယ်ထူးဆန်းတယ်၊ ငါ့အထင်.. ထားလိုက်ပါတော့ ဖြစ်မှမဖြစ်နိုင်တာ"
ရှန်းယွန်က ပြောသည်။
"ရီပင်းသခင်လေးကတော့ သွားပါပြီ"
ရီဖန်က အခန်းထဲဝင်သွားသည်။ သူ၏မျက်ဝန်းထဲ အေးစက်သည့်အလင်းတွေ လက်နေ၏။ ရီမိသားစု၏တိုက်ပွဲတွင် မူရွှယ်လန်က သူ့ကို ဝင်ပါစေလိုနေသည်။ ထိုအမျိုးသမီး၏ စိတ်ထဲတွင် မည်သည့်အရာများ ရှိနေကြောင်း မသိနိုင်ပေ။ ထိုအမျိုးသမီးက စမ်းသပ်နေသည်လား၊ သူမကိုယ်တိုင်အတွက် လုပ်နေသည်လား မသေချာပေ။
........
ရီဖန်က အိမ်ထဲဝင်လာသည့်အချိန်တွင် တစ်အိမ်လုံး ဖုန်တွေ ဖုံးလွှမ်းနေကြောင်း မြင်လိုက်ရသည်။ သူ၏အကြည့်တွေက ခါးသက်သွား၏။ သူ သည်နေရာသို့ ပြန်လာခဲသည်။ ထိုမူရွှယ်လန် ပျင်းရိသည့်မိန်းမက အမြဲတစေ ပျင်းရိနေခဲ့ကာ အိမ်ကိုပင် သန့်ရှင်းရေး လုပ်ရကောင်းမှန်း မသိပေ။
"ဘယ်သူလဲ"
ရီဖန်က အော်သည်။
ရီရွှမ်းက ထောင့်တစ်နေရာမှ ထွက်လာကာ ပြော၏။
"မင်း ပြန်လာပြီလား"
"အရာရှိရီက ဘာကိစ္စကြောင့်များ ဒီကိုရောက်လာတာပါလဲ"
ရီဖန်က ခနဲ့လိုက်သည်။
"ရီပင်းရဲ့ကိစ္စက မင်းနဲ့ဆိုင်လား"
ရီရွှမ်းက မေးသည်။
ရီဖန် အော်ရယ်လိုက်သည်။
"အရာရှိရီကတော့ နောက်နေပြန်ပါပြီ၊ ရီပင်းရဲ့မတော်တဆမှုက ကျွန်တော်နဲ့ ဘယ်လိုများ သက်ဆိုင်ပါ့မလဲ၊ ဒီကိစ္စက ရီပင်း သေတာဖြစ်စေ၊ မသေတာဖြစ်စေ အရာရှိရီအနေနဲ့ အစစ်အမှန်လူသတ်သမားကိုပဲသွားပြီး အပြစ်ပေးသင့်ပါတယ်"
ရီရွှမ်း၏အကြည့်တွေက ကျဉ်းမြောင်းသွားသည်။
"ရီပင်းရဲ့ကိစ္စက ရီဟောင်နဲ့ မသက်ဆိုင်တာ သေချာတယ်၊ ဒါကြောင့် မင်းပေါက်ကရတွေ လျှောက်မပြောနေဖို့ မျှော်လင့်တယ်"
"ဒါကလည်း ငါနဲ့မဆိုင်ဘူး"
ရီဖန်က ပြောသည်။
"ရီပင်း ဒုက္ခရောက်နေတော့ မင်းပျော်နေတယ် မဟုတ်လား"
ရီဖန်က ပြုံးသည်။
"ဒါပေါ့၊ အရမ်းပျော်တာပေါ့၊ ယန်မန်ကလည်း ပျော်နေမှာပဲ၊ သူမက လူတွေကို အမှိုက်လို့ခေါ်ရတာကို သဘောကျတာ မဟုတ်လား၊ ရီပင်းကလည်း အမှိုက်ဖြစ်သွားပြီ၊ ဟမ့် တစ်ချိန်လုံး သူမက သူ့ကို အမှိုက်လို့ ခေါ်နေသင့်တယ်နော်၊ ဒီအမျိုးသမီးက သေချာပေါက် ပျော်နေလောက်ပါတယ်"
"ပါးစပ်ပိတ်စမ်း အသုံးမကျတဲ့သားမိုက်၊ မင်းရဲ့အမေရင်းကိုသတ်ပြီး မိထွေးကို မရိုမသေပြုနေတာပဲ"
ရီရွှမ်းက အော်သည်။
ရီဖန် ခေါင်းကို ငုံ့ထားလိုက်သည်။ သူ၏အကြည့်တွေက ခက်ထန်လာ၏။
ရီရွှမ်းက ရီဖန်ကိုကြည့်ကာ ပြောသည်။
"ရီပင်း သေသွားရင်တောင်မှ မင်းမှာ ဘာအတွေးမှ ရှိမနေရင်ကောင်းမယ်၊ မင်းရဲ့အစ်ကိုနှစ်က သေရင်တောင်မှ မင်းမှာ အစ်ကိုကြီးတစ်ယောက်လုံး ရှိနေသေးတယ်၊ မင်းအလှည့်ရောက်လာမှာ မဟုတ်ဘူး"
ရီဖန်က ပြုံးသည်။
"အရာရှိရီရယ် ဘာလို့များ သတိလာပေးနေရတာလဲ၊ ရီမိသားစုရဲ့ကိစ္စက ကျွန်တော်မျိုးနဲ့ ဘာများ သက်ဆိုင်နေလို့လဲ"
ရီရွှမ်းက ရီဖန်ကို ကြည့်သည်။ သူက ပြောသည်။
"မင်း သိရင်ကောင်းတယ်"
ရီရွှမ်းက ရီဖန်ကို သတိပေးသည့် အကြည့်မျိုးဖြင့် ကြည့်ပြီး ထွက်သွားသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...