part 126

5.1K 617 8
                                    

Unicode

အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၁၂၆

အင်ပါယာထန်းက ချီရှောက်ရုန်၏ပုခုံးကို ပုတ်ကာ ပြောသည်။
“မင်းက တတ်နိုင်ပါတယ်၊ မင်းမှ မလုပ်ရင် ဘယ်သူလုပ်နိုင်မှာလဲ။”

ချီရှောက်ရုန် “…”
ချီရှောက်ရုန်က ခေါင်းကိုခါကာ တွေးလိုက်၏။
အင်ပါယာက ငါ့ကို မျက်နှာသာ ပေးနေတာပဲ။

အင်ပါယာက ကျွင်းဟောင်၏ မျက်နှာကို ကြည့်ကာ ပြောသည်။
“အားဟောင် ဘာဖြစ်လို့လဲ၊ ဘာလဲ ချီရှောက်ရုန်ကို ဘွဲ့တိုးပေးလိုက်တာကို မနာလိုဖြစ်လို့လား။”

ကျွင်းဟောင်က ခေါင်းခါကာ ချီရှောက်ရုန်၏ လက်ကို ဆုပ်ကိုင်ပြီးပြော၏။
“အရှင်မင်းကြီးက နောက်နေပြန်ပါပြီ၊ ကျွန်တော်က ရှောက်ရုန်ရဲ့ကိုယ်စား ကျေးဇူးတင်ချင်တာပါ။”

အင်ပါယာက ပြုံးသည်။
“မစိုးရိမ်ပါနဲ့အားဟောင် ဒီနေ့က နေ့အမြတ်ကြီးပဲ၊ ငါ မင်းကိုလည်း မမေ့ပါဘူး၊ ယူလာခဲ့ကြ။”

၂ မီတာခန့်ရှည်သည့် အနီရောင်အလုံးကို သယ်ဆောင်လာသည်။ ထိုအလုံးက ထူထဲသိပ်သည်းလွန်းလှကာ လင်းလက်တောက်ပနေသည်။ ထိုအရာမှ ဖျော့တော့သည့် အရှိန်အဝါများစွာက ထွက်နေ၏။

“ဒါက သွေးအမြူတေပဲ၊ ပင်လယ်မျိုးနွယ်ရဲ့ရတနာပေါ့၊ ငါ ဒါကိုရဖို့ ပြဿနာတောင် တက်သွားလိုက်သေးတယ်၊ ဒါပေမယ့် ဒါကို မင်းအတွက် ပေးလိုက်ပြီ၊ ဒါကို ဂုဏ်ယူတဲ့အနေနဲ့ ချီးမြှင့်တယ်လို့ပဲ သဘောထားလိုက်ပါ။”

ကျွင်းဟောင်က ပြောသည်။
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

“မင်း သဘောကျရင် ပြီးတာပါပဲ။”
အင်ပါယာက ကြည်သာစွာပြုံးနေသည်။

အင်ပါယာက ရီဖန်ကို တစ်ချက်ကြည့်ပြီးနောက် ပုခုံးကိုပုတ်ကာပြော၏။
“ရီမိသားစုက ကလေးကလည်း တကယ့်ပါရမီရှင်ပဲ။”

ရီဖန်က မျက်မှောင်ကြုတ်ကာ အင်ပါယာကို ဦးညွှတ်ကာ ပြော၏။
“အရှင်မင်းကြီးက နောက်နေတာပဲ၊ ကျွန်တော့်ကို ရီမိသားစုက ကန်ထုတ်လိုက်ပြီလေ၊ ကျွန်တော်က ရီမိသားစုက အဖွဲ့ဝင်လို့မပြောရဲပါဘူး။”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now