part 82

5.6K 830 3
                                    

unicode
အမှိုက်ကောင်ပြန်ရှင်လာပြီ

အပိုင်း ၈၂
ရီဖန်က တောက်ပစွာပြုံးကာ ပြောလိုက်၏။
“ခင်ဗျားက ငါ့ကို လာသတ်မှတော့ ငါကလည်း ပြန်သတ်ပေးရမှာပေါ့၊ မစိုးရိမ်ပါနဲ့ ခင်ဗျားနောက်ကနေ ယန်မန်နဲ့ အခြားကူညီသူတွေ သိပ်မကြာခင်မှာ ရောက်လာကြမှာပါ။ ဒီတော့ ခင်ဗျားကို အဖော်ပြုပေးမယ့်သူတွေ ရှိနေမှာဖြစ်လို့ အဲဒီဘက်မှာ အရင်ဆုံး စောင့်ဆိုင်းနေလိုက်ပါ”
ရီဖန်၏နှုတ်ခမ်းတွေက ကော့တက်သွားကာ နတ်ဆိုးဆန်သည့် အပြုံးတစ်ခုက ထွက်ပေါ်လာသည်။ မျက်လုံးတစ်လုံးက အနီရောင်ဖြစ်ပြီး အခြားတစ်ဖက်ကအပြာ ဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
တုဖုန်း၏ခန္ဓာကိုယ် တစ်ခုလုံးက အေးခဲသွားကာ အပြင်ဖက်တွင် မီးတွေက လောင်ကျွမ်းနေသော်လည်း အတွင်းပိုင်းက အေးခဲနေသည်။ သိပ်မကြာခင်မှာပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
တုဖုန်းကို ရှင်းလင်းပြီးနောက်တွင် ရီဖန်က ဝိညာဉ်မြွေကို ထုတ်လွှတ်လိုက်သည်။ သိပ်မကြာခင်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရ၏။
ရီဖန် တံခါးသွားဖွင့်ပေးသည့်အခါ မေးလိုက်သည်။
“ဒုကျောင်းအုပ် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
လီဟုန်က ရီဖန်၏အဆောင်ကို တစ်ချက်ကြည့်ကာပြောသည်။
“ဒီနေရာမှာ မှော်စွမ်းအင်လှုပ်ရှားမှုတွေ ခံစားမိလိုက်လို့ မင်းပဲ ပြဿနာတက်နေလားလို့ လာကြည့်တာလေ”
“သြော် ဟုတ်ပါတယ် အဆင်ပြေပါတယ်”
“အခုတလော အကယ်ဒမီထဲမှာ မြွေတွေ အရမ်းတွေ့နေရတယ်၊ မင်း သတိထားအုံး”
“ဟုတ်ကဲ့ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် ဒုကျောင်းအုပ်၊ ကျွန်တော် သတိထားပါ့မယ်”
ရီဖန်က တံခါးပိတ်ပြီး ခေါင်းပြန်လှည့်လိုက်သည့်အချိန်တွင် ရီဖန်၏လက်ကောက်ဝတ်ထဲမှ မြွေငယ်လေးက ထွက်သွားသည်။ ရီဖန်က အေးစက်စွာ ပြုံးနေ၏။ တုဖုန်းကို အစဖျောက်ပြီးပြီဖြစ်သည်။ ယန်မန်က သံသယရှိလျှင်ပင် မည်သည့်နည်းနဲ့မျှ သဲလွန်စကိုရှာတွေ့လိမ့်မည်မဟုတ်ပေ။
….....
ရီမိသားစု
“အမေ ဘာဖြစ်လို့လဲ”
ရီချူးရွှယ်က မေးသည်။
ယန်မန်က နှာခေါင်းမဲ့ကာပြောသည်။
“ငါလည်း မသိပါဘူး”
“အမေအမေ ဦးလေးတုဖုန်းကို ဘယ်ကို လွှတ်လိုက်တာလဲ၊ သူ့ကို မမြင်ရတာကြာပြီ”
ရီချူးရွှယ်က မေး၏။ ယန်မန်က ခေါင်းကိုငုံ့ထား၏။ သူမ တုဖုန်းကို ရီဖန်ကို စုံစမ်းရန် လွှတ်လိုက်ခြင်း ဖြစ်သော်လည်း မနေ့က ပြန်မလာခဲ့ပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်မှာ သေချာလောက်ပေ၏။
“ငါ သူ့ကို တာဝန်တစ်ခု လုပ်ခိုင်းလိုက်တာ”
“ဒီလိုကိုး”
ယန်မန်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားသည်။ တုဖုန်း ပြန်မရောက်လာသည့်အတွက် သူမ၏စိုးရိမ်စိတ်က မြင့်တက်လာခဲ့၏။
“သခင်မ”
ရုတ်တရက် အနက်ရောင် အလင်းတစ်ခုက ပြတင်းပေါက်မှ ဝင်လာသည်။ ယန်မန်က ခေါင်းညိတ်ပြလိုက်၏။
“အခြေအနေ ဘယ်လိုရှိလဲ”
“ထျန်းလန်အကယ်ဒမီမှာ အရာအားလုံး အဆင်ပြေနေတာပါ၊ ဘာမှထူးထူးခြားခြား ဖြစ်တာမတွေ့ရပါဘူး”
ထိုသူက ပြောသည်။
ယန်မန်၏ခေါင်းက ပြန်ငုံ့သွားသည်။
ဒါမှမဟုတ်ထျန်းလန် အကယ်ဒမီက ဆရာတစ်ယောက်ယောက်က တုဖုန်းကို တွေ့သွားပြီးလက်စဖျောက်လိုက်တာများလား။
ရီချူးရွှယ်က ယန်မန်၏အကြည့်ကို ကြည့်ကာ သူမ၏ခံစားချက်က မကောင်းတော့ပေ။ သူမသည်လည်း ခေါင်းငုံ့ထားလိုက်သည်။ ရီပင်း မတော်တဆမှု ဖြစ်ပြီးကတည်းက သူမ၏အိမ်တွင် နေထိုင်ရသည့်အဆင့်တန်းက များစွာ လျော့ကျခဲ့ရကာ ယခုကဲ့သို့အခြေအနေတွင် ဝင်မပါသင့်ကြောင်း နားလည်နေပေသည်။
ယန်မန်၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွားကာ သူမက တွေးလိုက်၏။
တုဖုန်းကို ရှာမတွေ့တော့ဘူးဆိုတော့ ရီဖန်က ပြဿနာရှိနေတာသေချာပြီ။
…......
ထျန်းလန်အကယ်ဒမီ....
“ဆရာ”
ဟူဖုန်းက ချီရှောက်ရုန်ကိုမြင်သည့်အခါ ချက်ချင်းပင်ပြုံးလိုက်သည်။
“တပည့်လေး ဘာကိစ္စနဲ့ ဒီဆရာကို ရှာတာလဲ”
ချီရှောက်ရုန်က ဟူဖုန်းကို ကြည့်ကာ လက်အိတ်ကို ချွတ်ပြလိုက်သည်။ ထိုအခါ ချီရှောက်ရုန်၏လက်တွင်ရှိသည့် အမှတ်အသားကို မြင်ကာ မျက်လုံးတွေ ပြူးကျယ်သွားကာပြော၏။
“ဒီအမှတ်အသားကို ဘယ်လိုဖြစ်ပြီး မင်း ရထားတာလဲ”
“ကျွန်တော် လျှို့ဝှက်နယ်မြေထဲမှာ ကျွင်းဟောင်နဲ့ တိုက်ခိုက်တုန်းကပါ”
ဟူဖုန်းက မျက်မှောင်ကို ကျုံ့ကာပြောသည်။
“ငါ သိခဲ့သင့်တာ၊တကယ်တော့ ကျွင်းဟောင်ရဲ့ အဝတ်ကို ချွတ်ဖို့က ဒီလောက်ထိ မလွယ်နိုင်ဘူး”
ချီရှောက်ရုန်က ဟူဖုန်းကိုကြည့်သည်။
“ဆရာ ဒါက ဘာအမှတ်သားလဲ”
ဟူဖုန်းက မျက်မှောင်ကျုံ့ကာ ချီရှောက်ရုန်ကို ကြည့်ပြီးပြောသည်။
“တပည့် လူသားအချင်းချင်း ဆက်နွယ်မှု စာချုပ်ပြုလုပ်လို့ရတယ်ဆိုတာ သိထားတယ် မဟုတ်လား၊ ဒါပေမဲ့ စာချုပ်ကတော့ နှစ်မျိုးပဲရှိတယ်”
“ဘယ်လိုမျိုးလဲ”
“သခင်နဲ့ကျွန်အမှတ်သားပဲ၊ တစ်ခါတလေမှာ အမှတ်သားတစ်ခု လုပ်ပြီးသွားတဲ့အချိန်မှာ တခြားအမှတ်သားဖြစ် ပြောင်းလဲသွားတာမျိုးလည်း ရှိတယ်။ အဲ့တာမျိုးကိုတော့ လက်ထပ်ခြင်း အမှတ်အသားလို့ ခေါ်တယ်”
“ဒါဆို ဘာလဲ ကျွင်းဟောင်ကို လက်ထပ်ရတော့မှာလား”
ဟူဖုန်းကလည်း နှာခေါင်းကို ပွတ်ကာပြောသည်။
“ဒါက အတိအကျ ဖြစ်တည်သွားပြီဆိုရင် ရန်သူနဲ့တိုက်ခိုက်တဲ့အချိန်မှာတောင် နားလည်သဘောပေါက်မှုရှိနေပြီး အပေးအယူမျှမျှနဲ့ တိုက်ခိုက်နိုင်စွမ်းရှိတယ်”
ချီရှောက်ရုန်က ပြုံးသည်။
“ဆရာ ဆရာလည်း သိတာပဲ၊ ကျွန်တော်နဲ့ကျွင်းဟောင်နဲ့က ဒီလောက်ပြဿနာတွေ တက်နေတာ ဘယ်လိုဖြစ်ပြီး အဆင်ပြေနိုင်မှာလဲ။ ပြီးတော့ ကျွင်းဟောင်က စေ့စပ်ထားတာကို ဖျက်သိမ်းသွားတာကို သိရဲ့သားနဲ့”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာပြောသည်။
“ဒီလိုလား ငါ ကြားတာတော့ ကျွင်းဟောင်က မင်းနောက်ကို တောက်လျှောက်လိုက်နေတာပဲ”
ချီရှောက်ရန်”…”
“ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို ကြိုက်နေတာ၊ ကျွန်တော်ကလည်း နတ်ဆိုးသမားတော်ကို ကြိုက်နေတာမို့လို့ ကျွန်တော်တို့က ပြိုင်ဘက်တွေပဲ”
ဟူဖုန်းက ချီရှောက်ရုန်ကို ကြည့်ကာပြောသည်။
“ဒီတော့ မင်းနဲ့ကျွင်းဟောင်က ပြိုင်ဘက်တွေပေါ့”
“တပည့် ငါတို့ ထျန်းလန်အကယ်ဒမီမှာ မင်းတစ်ယောက်ကပဲ ကျွင်းဟောင်နဲ့ ယှဉ်ပြိုင်နိုင်တယ်၊ မင်းလက်မလျှော့နဲ့ သေချာပေါက်ကြိုးစားပါ”
ဟူဖုန်းက တည့်တိုပြောသည်။
“ကျွန်တော် သိပါတယ်”
“တပည့် ငါ ကြားတာတော့ နတ်ဆိုးသမားတော်က အလင်းစွမ်းအားကို အသုံးပြုတာဆို၊ ဒါပေမဲ့ မင်းက အမှောင်စွမ်းအင်ကို အသုံးပြုတာ နှစ်ယောက်လုံးက တကယ်လိုက်ဖက်တာပဲ”
သခင်လေးချီ”…”
“ကျွန်တော် ဒီအမှတ်သားကို ဘယ်လို ဖျက်လို့ရမလဲဆရာ”
ချီရှောက်ရုန် မေးသည်။ ဟူဖုန်းက တွေးတောပြီးနောက် ပြန်ဖြေသည်။
“ငါ အရင်ဆုံး တိုက်ရိုက်ဖျက်လို့ရမယ့် နည်းလမ်းကို ရှာကြည့်အုံးမယ် မဟုတ်ရင်တော့ ကျွင်းဟောင်ကိုပဲ သွားရှာရတော့မယ်”
ချီရှောက်ရုန်က မျက်လုံးပြူးသွားကာပြောသည်။
“ဆရာကျွင်းဟောင်ရဲ့အဖိုးက အဆင့်(၁၀)နော်”
“ကိစ္စမရှိပါဘူး၊ အဲဒီအဖိုးကြီးက အပြင်သွားနေတာ ဒါကြောင့် ငါ ကိုင်တွယ်လို့ရတယ်”
“…”
သူ့ဆရာက ကျောင်းအုပ်ရော ဟုတ်ရဲ့လား။ ဒီလူအိုကြီးက စိတ်ဓာတ်ကောင်းတာ မဟုတ်ဘူးပဲ။
“ဒီအမှတ်အသားက မင်းရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကို သက်ရောက်မှုရှိလား”
“မရှိပါဘူး၊ တစ်ခါတရံမှာ သူ့စကားတွေကို ဖယ်ရှားလို့ မရတာမျိုး ဖြစ်တတ်ပေမယ့် အားနည်းပါသေးတယ်”
ဘာပဲဖြစ်ဖြစ် သိပ်တော့ သက်ရောက်မှု မရှိပါဘူး။
ဟူဖုန်းက ခေါင်းခါကာပြောသည်။
“ကျွင်းဟောင်ရဲ့ သားရဲစွမ်းအင်က တကယ်အလားအလာ ကောင်းလွန်းတာပဲ လူသားတစ်ယောက်နဲ့တောင် အမှတ်သားပြုနိုင်တယ်”
“ဆရာ ဆရာ အခု ကျွန်တော့်ကို နှိမ့်ချချင်နေတာလား ဂုဏ်ယူအောင် ပြောချင်နေတာလား”
ဟူဖုန်း”…”
ဟူဖုန်းက လက်တွေပွတ်ကာ ပြောသည်။
“တကယ်လို့ ငါတို့ ကျွင်းဟောင်ကို ဆွဲဆောင်သိမ်းသွင်းနိုင်မယ်ဆိုရင် မြန်မြန်လုပ်မှ ဖြစ်လ်ိမ့်မယ်၊ အဲဒီကလေးက အဆင့်(၈)ကို ရောက်သွားရင် ကိုင်တွယ်ဖို့ ခက်ခဲသွားလိမ့်မယ်၊ ငါတောင်မှ သူ့ကို နိုင်တော့မှာမဟုတ်ဘူး”
….....
“သခင်လေး သခင်လေး ပြန်လာပြီလား၊ ကျောင်းအုပ်က ဘာပြောလိုက်လဲ”
ချီဟန်က မေးသည်။ ချီရှောက်ရုန် ခေါင်းခါလိုက်၏။
“အဲဒီသောက်အဖိုးကြီးက ဘာမှမလုပ်နိုင်ဘူး၊ အလကားပဲ၊ နောက်ဆုံးတော့ ငါ ကျွင်းဟောင်ကို တောင်းပန်ရတော့မယ်”
ချီဟန်က ပုခုံးတွန့်ကာပြောသည်။
“သခင်လေး တကယ်တော့ ကျွင်းဟောင်နဲ့လဲ အဆင်ပြေတာပါပဲ”
ချီရှောက်ရုန်က ချီဟန်ကိုကြည့်သည်။
“ဘာကို ကျွင်းဟောင်က အဆင်ပြေတာလဲ၊ ကျွင်းဟောင်က ဘာကောင်မလို့လဲ။ ဟင်း နို့နံ့တောင် မစင်သေးတဲ့ကလေးကောင်များ”
“သခင်လေးက သူ့ထက် ငယ်တယ်နော်”
“ဘယ်လိုဖြစ်နိုင်မှာလဲ နတ်ဆိုးသမားတော်က အသက်(၇၀)ကျော်ပြီ”
“ဒါက ပေါက်ကရတွေလေ”
“…”

အမှိုက်ကောင်ပြန်ရှင်လာပြီWhere stories live. Discover now