ပုံပြင်လေးတစ်ပုဒ်...
ဟိုးရှေးရှေးတုန်းက တိုင်းပြည်ငယ်လေးတစ်ခုမှာ ဆင်းရဲတဲ့ မိသားတစ်စု ရှိခဲ့ပါတယ်။ အဲဒီမိသားစုမှာ မောင်နှမနှစ်ယောက်လည်း ရှိကြတယ်။
သူတို့မောင်နှမက တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြသတဲ့။
ဒါပေမဲ့ သူတို့ရဲ့ ဒေသမှာ မကောင်းဆိုးရွားအရာလို့ သတ်မှတ်ထားတဲ့ သွေးရောင်မှဲ့တစ်လုံးစီ မျက်ခမ်းစပ်မှာ ရှိနေကြတယ်။ ဒါကြောင့် အားလုံးရဲ့ ဖယ်ကျဉ်ခံရသလို အနိုင်ကျင့် နှိပ်စက်တာတွေကို အလူးအလဲ ခံခဲ့ကြရရှာတယ်။
နောက်ဆုံးမှာတော့ နှိပ်စက်မှုတွေကို မခံနိုင်တော့တာကြောင့် မောင်နှမနှစ်ယောက်သား အဲဒီအရပ်နဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြတယ်။
ဒါပေမဲ့ သူတို့မောင်နှမရဲ့ ကံဆိုးမှုတွေက မကုန်ဆုံးသေးဘူးလေ။
မြေအောက်တိုက်ပွဲကြိုးဝိုင်းရဲ့ ဖမ်းဆီးခံရပြီး တစ်နေရာစီ ကွဲသွားခဲ့ကြတယ်။ လူအများကို ဖျော်ဖြေဖို့ သားရိုင်းတွေလို တိုက်ခိုက်နိုင်အောင် လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်ပေးတာ ခံခဲ့ရတယ်။
ငယ်ရွယ်နုနယ်တဲ့ ကလေးတွေအတွက် လေ့ကျင့်မှုတွေက လုံးဝ မလိုက်ဖက်အောင်ပါပဲ။
ဒါပေမဲ့ ကောင်မလေးဟာ ကတိတစ်ခုကို ရခဲ့တယ်။ အဲဒါကတော့ တိုက်ပွဲတစ်ရာပြည့်အောင် ရှုံးပွဲမရှိ အနိုင်ယူနိုင်ရင် သူ့အစ်ကိုနဲ့အတူ ထွက်သွားနိုင်မယ်။ ဒါ့အပြင် ရက်ရောတဲ့ ဆုလာဘ်တွေလည်း ရယူနိုင်မယ်ပေါ့။
ဒါက ကောင်မလေးအတွက် တွန်းအားတစ်ခုဖြစ်စေပြီး နာကျင်မှုတွေကို အံကြိတ်သည်းခံကာ ဖြတ်ကျော်ခဲ့တယ်။
သူ့ရဲ့ကြိုးစားမှုက အလကား မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာ ကိုးဆယ့်ကိုးပွဲတိတိ အနိုင်ရပြီး ပွဲစဉ်တစ်ရာမြောက်ကို ရောက်ခဲ့တယ်။
ကောင်မလေးလည်း ပျော်ရွှင်ခဲ့တာပေါ့။ ဒီတိုက်ပွဲမှာ အနိုင်ယူပြီးရင် သူ့အစ်ကိုနဲ့ လွတ်လပ်မှုကို ပြန်ရတော့မယ်လေ။ ဒါကြောင့် တိုက်ပွဲစတာနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ခါ ပြိုင်ဘက်က အံ့ဩစရာကောင်းအောင် အားနည်းတယ်။ သူ့ကို လုံးဝ ပြန်မတိုက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မျက်နှာဖုံးတွေနဲ့မို့ ဘယ်သူမှန်းမသိရဘူး။ ဒီအတွက် ကောင်မလေးလည်း အများကြီးမစဉ်းစားတော့ဘဲ ဖိတိုက်လိုက်တယ်။
နောက်ဆုံးမှာ သူ့ရဲ့ဓားက ပြိုင်ဘက်ရဲ့ရင်ဝကို ထိုးဖောက်သွားနိုင်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ ရင်းနှီးပြီးသားအသံနဲ့ ညည်းညူသံကြောင့် မိန်းကလေးရဲ့ ရင်ထဲမှာ ဗလောင်ဆူသွားတယ်။
မဝံ့မရဲနဲ့ ပြိုင်ဘက်ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါမှာတော့...
"ညီမလေး၊ မင်းအရွယ်ရောက်လာခဲ့ပြီပဲ"
"အစ်ကိုလည်း မင်းကိုစိတ်ချနိုင်ပါပြီ"
ဆိုတဲ့ စကားသံနဲ့ သူအရမ်းချစ်ရတဲ့ အစ်ကိုဖြစ်သူရဲ့မျက်နှာကို မြင်လိုက်ရပါတော့တယ်။
ဒီအခြေအနေက သူ လုံးဝ မမျှော်လင့်ထားတဲ့ အခြေအနေပဲလေ။
ကောင်မလေးရဲ့ ခေါင်းထဲမှာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတယ်။ သူ့ရင်ထဲမှာလည်း ကမ္ဘာပျက်သွားသလို ခံစားလိုက်ရပါတယ်။
အဲဒီနောက် သူ့အသိစိတ်တွေ ပျောက်ကွယ်သွားခဲ့တယ်။ သူ သတိပြန်ဝင်လာတော့ မြေအောက်ကြိုးဝိုင်းတစ်လုံး အလောင်းတွေ ပြည့်နေခဲ့ပါပြီ။
ကောင်မလေးရဲ့ မျက်လုံးက သွေးရောင်လွှမ်းနေပြီး ဆံပင်တွေလည်း သွေးတွေနဲ့ နီရဲသွားခဲ့ပါတယ်။
ဒါပေမဲ့ သူချစ်ရတဲ့ အစ်ကိုကြီးက ပြန်မလာနိုင်တော့ပါ။ သူ့ရဲ့ အိပ်မက်ကလေးလည်း ပျက်စီးသွားခဲ့ပါပြီ။
အဲဒီအချိန်ကစပြီး ကောင်မလေးရဲ့ နှလုံးသားမှာ ခံစားချက်တို့ မရှိတော့ပါဘူး။ သူ့ရဲ့ နှလုံးသားက အစ်ကိုကြီးနဲ့အတူ သေဆုံးသွားခဲ့ပါတော့တယ်....
.
.
.
.
.ရှေးဟောင်းမြင့်မြတ်ခန္ဓာမှစတင်၍ - ကျွင်းရှောင်ယောက် စာစဉ်ထဲမှ ဇာတ်ကောင်တစ်ဦးရဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါ
ဒီဇာတ်ကောင်က ဘယ်သူဖြစ်မယ်လို့ထင်ကြလဲ
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...