အခန်း (၁၆၃၁)(စာစဉ် ၁၂၈- အပိုင်း ၉)
“နဂါးနှင့်ဖီးနစ်တို့၏ ဥများ”
အဘိုးကြီးမှ -
“ရဲရှောင် မင်းက ငါသေလုမျောပါးဖြစ်နေတဲ့အချိန်မှာ ကယ်တင်ပေးခဲ့တယ်၊ ခရမ်းရောင်နဂါးဘုရင်ရဲ့ လက် ထဲကနေလည်း ကယ်တင်ပေးခဲ့တယ်၊ မင်းက ငါ့ကို နှစ်ကြိမ်နှစ်ခါကယ်ခဲ့တာပဲ ဒါပေမယ့် ငါဒီနေရာကနေ ထွက် သွားတဲ့အချိန်ကျရင်တော့ ငါအနှေးနဲ့အမြန် သေသွားမှာပဲ . . .”
“ငါ့ကို ဒီရောက်လာစေတာက ငါတို့ရဲ့ ကံတရားပဲ၊ အဲဒီအတွက် ငါမင်းကို တစ်ခုခု ပြန်ပေးပါရစေ၊ ဒါက အခုချိန်မှာ ငါ့ရဲ့ကျေးဇူးတရားကို ပြန်ဆပ်နိုင်တဲ့ တစ်ခုတည်းသော အရာပေါ့ . . .”
ချိဟူက သက်ပြင်းချလိုက်ပြီးနောက် သိုလှောင်လက်စွပ်လေး တစ်ကွင်းအား ထုတ်ယူလိုက်သည်။
ထို့နောက်မှ လေသံတီးတိုးဖြင့် -
“ဒါကိုယူလိုက်ပါ တစ်နေ့နေ့တစ်ချိန်ချိန်ကျ မင်းအတွက် အကူအညီဖြစ်မှာပါ . . .”
ရဲရှောင်မှ လှမ်းယူလိုက်ပြီး -
“ခင်ဗျား အဲဒီလောက်ထိ စိတ်ဓာတ်ကျမနေပါနဲ့ ကျုပ်ကို အချိန် ၃ ရက်ပဲပေး၊ ခင်ဗျားရဲ့ စွမ်းအင်တွေ ၉၀ ရာခိုင်နှုန်းလောက်ထိကို ပြန်ရစေရမယ်လို့ ကျုပ်ကတိပေးတယ်၊ စွမ်းအင်တွေသာရသွားရင် ခင်ဗျား တိုက်ပွဲကို မနိုင် နိုင်ရင်တောင် ထွက်ပြေးနိုင်ဖို့ အခွင့်အရေးတော့ရှိမှာပါ . . .”
“ငါသိပါတယ် . . . ငါလွတ်မြောက်ကောင်း လွတ်မြောက်နိုင်လိမ့်မယ်၊ ငါအသက်ရှင်ကောင်းလည်း ရှင်နိုင် လိမ့်မယ် . . .”
ချိဟူမှ ရဲရှောင်အားကြည့်ကာ ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါကဒီမြို့ကို ပြန်လာနိုင်တော့မှာ မဟုတ်တော့ဘူးလေ၊ ငါထွက်သွားတဲ့အချိန်ကျရင် ငါ တို့ ပြန်ဆုံနိုင်မှာ မဟုတ်တော့ဘူး . . .”
ရဲရှောင်လည်း သက်ပြင်းသာချလိုက်တော့၏။
အဘိုးကြီးပြောနေသည်မှာလည်း မှန်နေသည် မဟုတ်ပါလား။
“နဂါးနဲ့ ဖီးနစ်ဥတွေရှိတယ် . . .”
ချိဟူမှ ရဲရှောင်အားကြည့်ကာ ပြောလိုက်ပြန်သည်။
“ဥထဲမှာ နဂါးနဲ့ ဖီးနစ်နဲ့ အဆီအနှစ်တွေ အများကြီးရှိတယ်၊ ငါသေတာကို မင်းကြားတဲ့အချိန်ကျရင် အဲဒီ လက်စွပ်ထဲကနေ မင်းထုတ်လိုက်လို့ရပြီ . . .”
“ဒီဥတွေက မင်းကို အနည်းဆုံး ကျင့်ကြံမှု နှစ်ပေါင်းတစ်သောင်းလောက်ကို ပေးနိုင်လိမ့်မယ်၊ ဒါကငါ့ကို ကုပေးတဲ့အတွက် ပြန်ပေးတဲ့သဘောပါပဲ၊ တန်ရာတန်ကြေးဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ် . . .”
“ငါအသတ်ခံရရင် ဘယ်သူ့ကိုမှ အပြစ်တင်မနေပါနဲ့၊ ငါ့အတွက် လက်စားချေဖို့လည်း မစဉ်းစားနဲ့၊ ငါက အဲဒီလောက်ထိ ဂရုစိုက်နေတာ မဟုတ်ဘူး . . .”
“မင်းရဲ့ သေခြင်းနဲ့ရှင်ခြင်းခန်းမထဲမှာရှိတဲ့ စိတ်စွမ်းအင်ချီဓာတ်တွေက မယုံနိုင်စရာကောင်းလိုက်တာ၊ ငါ့ရဲ့ ကျင့်ကြံမှုကို တော်တော်လေး အထောက်အကူဖြစ်စေတယ်၊ ဘယ်လောက်တောင်လဲဆိုရင် ငါဒီမှာနေတာဖြင့် ရက် ပိုင်းပဲရှိသေးတယ်၊ ငါ့ရဲ့စွမ်းအင် ၄၀ ရာခိုင်နှုန်းလောက်ကို ပြန်ရနေပြီ . . .”
“ဒီပုံစံအတိုင်းဆို ဒီတိုက်ပွဲကနေ ငါလွတ်မြောက်နိုင်မယ့် အခွင့်အရေးရှိမယ်လို့ မျှော်လင့်ရတာပဲ၊ ငါသာ ဒီကိုအစောပိုင်းကတည်းက လာမိခဲ့ရင် အခုလိုမျိုး စွန့်စားစရာတောင် လိုမှာမဟုတ်ဘူး၊ ဒါကလည်း ကံတရားပေါ့ လေ၊ ဘယ်တတ်နိုင်မလဲ . . .”
ချိဟူမှ ရဲရှောင်အားကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
ရဲရှောင်မှာမူ လက်စွပ်အား ကိုင်ထားရင်းဖြင့် အံ့ဩနေမိ၏။
(နဂါးနဲ့ဖီးနစ်ရဲ့ ဥတွေဟုတ်လား . . .)
လက်စွပ်အတွင်း၌မူ ချိဟူ စုဆောင်းထားသမျှအရာများ ရှိနေနိုင်သည်ဟု ရဲရှောင် တွေးမိခဲ့သည်။ သို့သော် ထိုအရာများက သူ့အား ဖမ်းစားနိုင်လိမ့်မည် မဟုတ်ဟုလည်း ထင်မှတ်ခဲ့၏။ သူ့ထံ၌ တန်ဖိုးကြီးသည့်အရာများ များစွာရှိနေသည့် ဟင်းလင်းပြင်ကြီးရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ့အဖို့ ကောင်းကင်ဘုရင်များ၏ ရတနာများကိုပင် မလိုအပ်ချေ။ သို့သော် ရဲရှောင်၏ အထင်နှင့် အမြင်များ တက်တက်စင်အောင် လွဲသွားတော့သည်။ လက်စွပ်အတွင်း၌ နဂါးနှင့် ဖီးနစ်တို့၏ဥများ ရှိနေခြင်းပင် ဖြစ်၏။
ထို့ပြင် ထိုဥများမှာ ကျင့်ကြံမှုအဆင့် နှစ်ပေါင်းတစ်သောင်းလောက်ကို ပေးစွမ်းနိုင်စွမ်းရှိလေသည်။ သို့သော် ကျင့်ကြံမှုအတွက်ဖြင့် အဆိုပါဥများကို ရဲရှောင် မလိုအပ်ချေ။ သူ့ထံ၌ သူ၏ကျင့်ကြံမှုအဆင့်ကို တိုးတက်စေနိုင်စွမ်း ရှိသည့် အခြားသောအရာများ ရှိနေသည် မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ ဥများက ရဲရှောင်အတွက် အသုံးမဝင်သည့်တိုင် ချိဟူအတွက်မူ လွန်စွာအရေးပါလှ သည်။ အသက်ကိုပင်စွန့်၍ ရယူခဲ့ခြင်းကြောင့် ထိုဥများက ချိဟူအတွက် မည်မျှထိ အရေးပါကြောင်း သိသာလှပေ သည်။
သို့သော် ယခုအခါတွင်မူ ချိဟူက ထိုအရာများအားလုံးကို ရဲရှောင်အား အပ်နှင်းလိုက်ချေပြီ။ ထို့ကြောင့် ရဲရှောင်အနေဖြင့် မည်သို့ လက်ခံရယူရပါမည်နည်း။
ထိုအချိန် လက်စွပ်အား ကိုင်ထားသော ရဲရှောင်၏စိတ်ထဲတွင် ပေါင် ၁ ထောင်လောက် လေးလံနေသလိုပင် ခံစားနေရသည်။
(ဒီဥတွေကြောင့်ပဲ ခရမ်းရောင်နဂါးဘုရင်နဲ့ ရွှေရောင်ဖီးနစ်ဘုရင်မတို့က ချိဟူကို လိုက်ဖမ်းခဲ့ကြတာမလား၊ ဒါပေမယ့် အခုတော့ ငါ့လက်ထဲရောက်လာပြီ . . .)
ထိုအခိုက်အတန့်တွင် ရဲရှောင် စိတ်ထဲ တစ်စုံတစ်ခုကို တွေးလိုက်မိ၏။
“နေဦး . . . ခင်ဗျားပြောတော့ ဥတွေကို စားလိုက်ပြီဆို . . .”
“အခုကျ ဘာလို့ လက်စွပ်ထဲမှာ ရှိနေတာလဲ . . .”
ချိဟူမှ ရယ်မောလိုက်ရင်း -
“မင်းက အံ့ဖွယ်သမားတော်တစ်ယောက်ပဲ၊ အတွေ့အကြုံလည်းရှိပြီး ဗဟုသုတလည်း နှံ့စပ်တယ် . . .”
“ဒါပေမယ့် အခုကျ မင်းက အရူးတစ်ယောက်လို လုပ်နေပြန်ပါပြီ၊ ငါလည်း ဥတွေကို စားချင်တာပေါ့၊ ငါသာ ဥတွေရဲ့ အဆီအနှစ်ကို စုပ်ယူလိုက်မယ်ဆိုရင် အဆင့်တက်သွားလိမ့်မယ် . . .”
“ဒါပေမယ့် ဒီဥတွေရဲ့ အဆီအနှစ်တွေကို စုပ်ယူဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး၊ ဖြည်းဖြည်းချင်း ငါစုပ်ထုတ်ရမှာ၊ အဲဒီလို စုပ်ထုတ်ဖို့ဆိုတာလည်း အချိန်ကြာလိမ့်မယ် . . .”
“ဪ . . . အဲဒီလိုလား . . .”
ရဲရှောင် မျက်လုံးများ အရောင်ဝင်းလက်သွား၏။
“အဲဒါဆိုရင် ခင်ဗျား ဥတွေရဲ့ အဆီအနှစ်တွေကို နည်းနည်းပဲ စုပ်ယူရသေးတာပေါ့ . . .”
“နည်းနည်း ဟုတ်လား . . . ငါဘာမှကို မယူရသေးဘူး . . .”
ချိဟူမှ ပြုံးလျက် ပြောလိုက်သည်။
“ငါဥတွေကို ရကတည်းက တိုက်ခိုက်နေရတာလေ နောက်တော့ မင်းဆီကို ရောက်လာခဲ့တာပဲ . . .”
“ကောင်းကင်ကိုးခုရွှေချီဓာတ်တွေကလည်း ငါ့ကို စုပ်ယူလို့မရအောင်လို့ တားဆီးထားတယ်၊ တကယ်လို့ စမ်းသပ်ဖို့ အချိန် ၁ ရက်လောက်ရမယ်ဆိုရင်တော့ ငါ့စွမ်းအင် ၆၀ ရာခိုင်နှုန်းလောက် ပြန်ရမှာတော့ သေချာတယ်၊ ဒါပေမယ့် . . .”
“ကောင်းပြီ . . . ကောင်းပြီ . . . ကျုပ်သဘောပေါက်ပြီ၊ ကျုပ်ခင်ဗျားရဲ့ အခြေအနေကို သဘောပေါက်ပါ တယ်၊ အဲဒါက အဓိကအချက်မဟုတ်သေးဘူး . . .”
“ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခုမေးပါရစေဦး၊ ခင်ဗျားက ဥတွေဆီကနေ မစုပ်ယူရသေးဘူးဆိုတော့ ဥတွေ က နဂိုအတိုင်းရှိနေသေးတော့ သဘောပေါ့၊ ကျုပ်ပြောချင်တာ ဥတွေက ပေါက်လာနိုင်သေးတယ်မလား . . .”
ရဲရှောင် ချိဟူအားကြည့်၍ အားတက်သရောဖြင့် မေးလိုက်သည်။
“ဒီလိုဆိုမှတော့ ဥတွေကို ဘာလို့ သူတို့ကို ပြန်မပေးလိုက်တာလဲ၊ ခင်ဗျားလည်း အရှိန်အဝါကြီးမားတဲ့ လူ တစ်ယောက်ပဲ၊ သူတို့ကို ဥတွေပြန်ပေးပြီး တောင်းပန်လိုက်ပေါ့၊ ဒါဆို ပြဿနာလည်း ပြီးသွားလိမ့်မယ် . . .”
“သူတို့တွေ ခင်ဗျားကို ခွင့်မလွှတ်ဘူးဆိုရင်တောင် ခင်ဗျားကို မသတ်လောက်ပါဘူး၊ သူတို့တွေက မျိုးနွယ်စု ကြီးတွေရဲ့ ခေါင်းဆောင်တွေလေ အဲဒီလောက်ထိလည်း အမြင်ကျဉ်းမြောင်းကြမှာ မဟုတ်ပါဘူး . . .”
“ငါသိပါတယ် . . . အဲဒါကို ငါတွေးမိတာပေါ့ ဒါပေမယ့် အဲဒီလိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဒီလောက်ထိ အခြေ အနေဆိုးလာပါ့မလား . . .”
“ပြဿနာက ငါဥတွေကိုရတဲ့အချိန် ဥမှာရှိတဲ့ အသက်ချီဓာတ်တွေကို ချက်ချင်း ဖျက်ဆီးခဲ့မိလိုက်တယ်၊ အဲဒါကြောင့် ခရမ်းရောင်နဂါးဘုရင်နဲ့ ရွှေရောင်ဖီးနစ်ဘုရင်မတို့က ငါ့ကို အသည်းအသန်လိုက်ဖမ်းနေကြတာပေါ့၊ အခုမှ ငါဘယ်လိုသွားပြန်ပေးမလဲ . . .”
“ဘယ်လို . . . ခင်ဗျားက နဂါးနဲ့ ဖီးနစ်ရဲ့ အသက်ချီဓာတ်တွေကို ဖျက်ဆီးခဲ့တယ်၊ ဘယ်လိုတောင် လုပ်ခဲ့ တာလဲ၊ ဒါကကြောက်စရာကောင်းတဲ့ လုပ်ရပ်ပဲ . . .”
ရဲရှောင်မှ ချိဟူအားကြည့်ကာ မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဥတွေမှာ သူတို့မျိုးနွယ်စုရဲ့ သဘာဝချီဓာတ်တွေ ပါဝင်နေတယ်၊ ငါသာအဲဒါကို မဖျက်ဆီးလိုက်ဘူးဆိုရင် အဲဒီလမ်းကြောင်းကနေတစ်ဆင့် ငါ့နောက်ကို လိုက်လာကြတော့မှာ၊ အဲဒီတော့ ငါလုပ်ကိုလုပ်မှဖြစ်မှာပေါ့ . . .”
“ဒါပေမယ့် မမျှော်လင့်ဘဲ ငါအဲဒီလို ဖျက်ဆီးလိုက်တဲ့အချိန်မှာပဲ အသက်ချီဓာတ်တွေက ပေါက်ကွဲထွက် သွားပုံရတယ်၊ အဲဒါကြောင့်လည်း မျိုးနွယ်စုနှစ်ခုရဲ့ ခေါင်းဆောင်တွေက ငါ့ကိုမိသွားကြတာပေါ့ နောက်တော့ ငါ လည်း ထွက်ပြေးခဲ့ရတာပဲ . . .”
“ပြီးခဲ့တဲ့ ရက်တွေတုန်းက ငါ့ကိုယ်ပေါ်မှာ ဖုံးနေတဲ့ ချီဓာတ်တွေက ပျောက်ကွယ်သွားခဲ့တယ်၊ အဲဒါကြောင့် မလို့ပဲ ငါကမင်းရဲ့နေရာကို ရောက်လာခဲ့တာပေါ့ . . .”
ရဲရှောင်လည်း ခေါင်းသာခါယမ်းလိုက်ပြီး သက်ပြင်းချကာ -
“မျိုးနွယ်စုနှစ်ခုရဲ့ ဘုရင်နဲ့ ဘုရင်မက မွေးတဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ချီဓာတ်တွေဆိုတာ တခြားလူတွေ ထက်ကို ပိုအားကောင်းတယ်၊ သူတို့တွေ မွေးလာတဲ့အခါကျရင် ဒီချီဓာတ်တွေက ပြန်မြင့်တက်လာမှာပဲ၊ ခင်ဗျားက အဲဒီချီဓာတ်တွေကို ဖျက်ဆီးလိုက်တော့ ခင်ဗျားကို ချီဓာတ်တွေက ရစ်ပတ်သွားတာပေါ့ . . .”
“သူတို့ရဲ့ မိဘတွေကလည်း ဥထဲမှာ သူတို့ကလေးတွေ သေသွားတာကို သိတော့ ခင်ဗျားကို လိုက်မဖမ်းဘဲ နေပါ့မလား၊ ဒါကိုခင်ဗျားက ကြိုသိခဲ့သင့်တယ်လေ၊ ခင်ဗျားက တော်တော်ကို အတင့်ရဲတာပဲ . . .”
“ငါလည်း အဲဒီလို တကယ်မလုပ်ချင်ခဲ့ပါဘူး . . .”
ချိဟူမှ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။
“ငါဥတွေရဲ့ ချီဓာတ်တွေကို ဖျက်ဆီးပြီးတဲ့အချိန် နဂါးနဲ့ ဖီးနစ်တို့ရဲ့ အငွေ့အသက်တွေကို ခံစားမိလိုက် တယ်၊ အဲဒီအချိန်မှာ ငါတော့ ကြောက်စရာကောင်းတာကို လုပ်လိုက်မိပြီလို့ ကိုယ့်ကိုယ်ကိုယ် သိလိုက်တယ် . . .”
“ပြီးတော့ ဥတွေက တော်ဝင်သွေးပါရုံမကဘူး ဘုရင်နဲ့ ဘုရင်မတို့ ပိုင်ဆိုင်တယ်ဆိုတာကိုပါ ငါသဘော ပေါက်သွားခဲ့တယ်၊ ဒါပေမယ့် လုပ်ပြီးသွားပြီလေ၊ အရာအားလုံး နောက်ကျသွားပြီ၊ နောက်တော့ ငါလည်း ချက်ချင်း ထွက်ပြေးလာခဲ့တာပဲ . . .”
ချိဟူမှ သက်ပြင်းရှည်ကြီးချရင်း ပြောလိုက်၏။
“နောင်တဆိုတာ နောင်မှရတာ၊ ငါဒီတစ်ကြိမ်မှာ လွတ်မြောက်နိုင်တယ်ဆိုပေမယ့် ငါ့နှလုံးသားက ပြန်ပြီး တည်ငြိမ်နိုင်တော့မှာ မဟုတ်ဘူး၊ အဆီအနှစ်တွေကို စုပ်ယူနိုင်ဖို့ အချိန်လည်းရှိမှာ မဟုတ်ဘူး၊ အဲဒါကြောင့် ငါမင်း ကို ပေးလိုက်တာပဲ . . .”
ရဲရှောင် ဆွံ့အသွား၏။ မည်သို့ပြန်ပြောရမည်မှန်းကို မသိတော့ချေ။
“ခင်ဗျားသာ ဥထဲမှာရှိတဲ့ ချီဓာတ်တွေကို မဖျက်ဆီးခဲ့ဘူးဆိုရင် နဂါးဘုရင်နဲ့ ဖီးနစ်ဘုရင်မက ခင်ဗျား နောက်ကိုလိုက်မှာ မဟုတ်ဘူး ဒါပေမယ့် ဒီဥမှာရှိတဲ့ စွမ်းအင်ချီဓာတ်တွေက ခင်ဗျားရဲ့ တည်နေရာကို ဖော်ပြပေးနေ လိမ့်မယ်၊ အခုဆို ဥတွေက အသက်ဓာတ်မဲ့သွားတော့ မျိုးနွယ်စု ၂ စုက ခင်ဗျားကို ခွင့်လွှတ်ကြတော့မှာ မဟုတ် ဘူး”
ချိဟူမှ သက်ပြင်းချလိုက်သည်။ ရဲရှောင်လည်း တခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်စွပ်အတွင်းမှ ဥ ၂ လုံးအား ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။
(ဒီဥ ၂ လုံးသာ အသက်ရှိနေဦးမယ်ဆိုရင် ငါ့ရဲ့ဟင်းလင်းပြင်စွမ်းအင်တွေနဲ့ အားဟူရဲ့ အံ့မခမ်း အစွမ်းတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် တစ်ခုခု ပြောင်းလဲသွားနိုင်မှာပဲ၊ ငါကြိုးစားကြည့်ရမယ်၊ ဒီဥတွေသာ ပေါက်လာနိုင်မယ် ဆိုရင် ပြဿနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားမှာပဲ . . .)
ရဲရှောင်စိတ်ထဲ ထိုသို့ တွေးနေမိပါတော့သည် . . .။
YOU ARE READING