အခန်း (၁၈၂၁ - က)(စာစဉ် ၁၄၄- အပိုင်း ၇)
“လူသားနတ်ဘုရား”
မန်ဝုဇန်၏ မျက်လုံးများမှာ ဒေါသကြောင့် မီးဝင်းဝင်းတောက်လျက်ပင်ရှိ၏။
“အမှောင်ခန်းမကို ချက်ချင်းသတင်းပို့ . . . အဆင်သင့်လုပ်ထား . . .”
“နောက်တိုက်ပွဲမှာ လူတိုင်းထွက်တိုက်ရမယ် . . . ဧကရာဇ်ခန်းမကြီးတစ်ခုလုံး ရစရာမရှိအောင် ပျက်စီး သွားတာကိုပဲ ငါမြင်ချင်တယ် ပြီးရင် ရဲရှောင်ကို အရေခွံစုတ်ပစ်ရမယ် . . .”
မန်ဝုဇန်၏ စိတ်သဘောထားမှာ ရဲရှောင် မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်လေသည်။
တကယ့်အင်အားစုကြီးများမှာ အမြဲတစေ ပုန်းရှိုးကွယ်ရှိုး နေတတ်ကြ၏။ ထို့ကြောင့် လူအများ မြင်တွေ့ခဲ့ ကြသည်မှာ သဘာဝတရားခန်းမ၏ အင်အားတစိတ်တဒေသပိုင်းမျှသာဖြစ်သည်။ မလိုအပ်ဘဲနှင့် အရေးကြီးသည့် အင်အားပိုင်းကို ထုတ်သုံးလေ့မရှိသည့် သဘောပါပင်။
စင်စစ် အမှောင်ခန်းမဆိုသည်မှာ မန်ဝုဇန်၏ အဓိကအင်အားစုကြီးပင်ဖြစ်၏။ သို့သော် အဓိကအင်အားစု ကြီးဟုဆိုသော်ငြား ထိုအမှောင်ခန်းမ၌ လူ ၉ ဦးသာလျှင်ရှိနေသည်။
ထို့ကြောင့် အပေါ်ယံကြည့်သော လူတိုင်းအဖို့ လူ ၉ ဦးသာရှိနေသော အင်အားစုကို အထင်အမြင်သေးနိုင် ပေသည်။ တကယ်တမ်းတွင် ထိုလူ ၉ ဦးမှာ သိုင်းလောကကြီးတစ်ခုလုံးကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသော လူများဖြစ် ကြ၏။
ထို့ကြောင့် ရဲရှောင်၏ အကူအညီကြောင့်သာ တိုးတက်မှုများစွာမရခဲ့ပါက ပန်းဘုရင်အနေဖြင့် ထိုလူ ၉ ဦး ကို မည်သို့မှ ယှဉ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
ထို့အတူ ချိဟူမှာလည်း ယခင်က မသေမျိုးအဆင့်ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုခဲ့သော ပညာရှင် ကြီးတစ်ဦးဖြစ်သော်လည်း ထိုလူ ၉ ဦးအနက် ၁ ဦးကိုပင် အနိုင်မယူနိုင်သည်မှာ သေချာလှသည်။
ထို့ကြောင့် မန်ဝုဇန် ပိုင်ဆိုင်သော အမှောင်ခန်းမ၏ အဆိုပါ လူ ၉ ဦးမှာ အမှန်တကယ်ကိုပင် ကြောက်မက် ဖွယ်ကောင်းနေပါတော့သည်။
. . .
၁၀ ရက်ကြာမြင့်သွားခဲ့ချေပြီ . . .
လင်းဝုရှဲ့မှာ ဧကရာဇ်ခန်းမထံသို့ လာရောက်ပြီးနောက် ဆေးလုံးများကို စုဆောင်းသွားခဲ့၏။ ထို့နောက် မြို့အတွင်းမှာ လျင်မြန်စွာပင် ထွက်ခွာသွားတော့သည်။
ရွှေကြာပန်းခုနှစ်ပွင့်၏ ဘိုးဘေးများမှာလည်း ပျောက်ဆုံးလျက်ရှိနေကြ၏။ ဘိုးဘေးကြီးများမှာ အတူတကွ ရှိနေကြမည်မှာ သေချာလှသော်လည်း ၎င်းတို့ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုမူ မည်သူမျှ မသိကြချေ။
ဧကရာဇ်ခန်းမမှ လူများမှာမူ အချိန် ၁၀ ရက်ကြာမြင့်သွားခဲ့ပြီဖြစ်၍ သက်သာလာကြပြီဖြစ်၏။ ထို့ကြောင့် ဧကရာဇ်ခန်းမကြီးမှာ နဂိုရှိရင်းစွဲထက် ၇၀ ရာခိုင်နှုန်းခန့် အင်အားပြန်လည်စုစည်းသွားမိသွားချေပြီ။
အဆိုးထဲမှ အကောင်းဆိုစကားအတိုင်း တိုက်ပွဲကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့ သူများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ပိုမိုကြံ့ခိုင်လာခဲ့ကြ၏။ ထို့အတူ ၁၀ ရက်တာမျှ အနားယူ အားပြည့်သွားပြီး နောက် ကျင့်ကြံမှုပိုင်းတွင်လည်း တိုးတက်မှုရရှိလာခဲ့ကြသည်။
တိုးတက်မှုမှာ မရပ်တန့်နိုင်တော့သည့် သဘောပါပင်။ တစ်နည်းအားဖြင့် ဧကရာဇ်ခန်းမ၏ နဂိုရှိလူများထဲမှ ၁၀ ရာခိုင်နှုန်းခန့်သာ အသက်ရှင်ကျန်ရစ်ခဲ့သည့်တိုင် ထိုပမာဏမျှကပင် ပိုမို၍ အင်အားကြီးလာကြသည့် သဘော ပင်ဖြစ်၏။ ဆိုလိုသည်မှာ ယခင်ကထက် ပိုမိုအင်အားတောင့်တင်းသွားခြင်းပင်ဖြစ်သည်။
ထိုအချိန် သဘာဝတရားခန်းမမှာ ရှုံးနိမ့်ရခြင်းကြောင့် အလွန်အမင်းပင် ဒေါသယမ်းပုံကျနေကြလေသည်။ ဧကရာဇ်ခန်းမမှာလည်း ထို့အတူပင်ဖြစ်၏။
အင်အားစုနှစ်ခုကြား ဖြစ်ပျက်သွားသည့် အခြေအနေမှာ ကြီးမားလွန်းသောကြောင့် တစ်ဖွဲ့ကိုတစ်ဖွဲ့ မည်သို့ မှ ခွင့်လွှတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထိုအစား နှလုံးသားထဲ၌ အမုန်းတရား အမြစ်များသာ ကြီးထွားသထက် ကြီးထွားသွားပေကြလိမ့်မည်။
ထို့ကြောင့် ထိုသို့သော အခြေအနေတွင် အမှားအယွင်းလေးတစ်ခုကပင် အခြေအနေများကို ပြောင်းလဲသွား နိုင်ပါတော့သည်။
. . .
တစ်နေ့ . . .
သဘာဝတရားခန်းမ၏ စခန်းတွင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့၏။ ထို့အတူ သတင်းတစ်ခုမှာလည်း သိုင်းလောကတစ်ခုလုံးသို့ တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့လေသည်။
အကြောင်းမှာ ထိပ်သီးပညာရှင်များထဲမှ တစ်ဦးဖြစ်သူ ကျောက်စိမ်းဖီးနစ်မှာ သဘာဝတရားခန်းမစခန်း အနီးမှာပင် လုပ်ကြံခံလိုက်ရခြင်းကြောင့်ဖြစ်၏။ သို့သော် သူမမှာ သေလုမျောပါးဖြစ်နေသည့်အချိန်မှာပင် သဘာဝ တရားခန်းမမှ လူများ၏ ကယ်တင်ခြင်းကို ခံလိုက်ရပြီး စခန်းရှိရာသို့ ပြန်လည်ရောက်ရှိသွားနိုင်ခဲ့သည်။
မျက်မြင်သက်သေများအရ လုပ်ကြံသူမှာ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးလူတစ်ဦးဖြစ်သည်ဟုဆိုလေသည်။ ထို့ပြင် လက်ထဲ၌ ဓားတစ်လက်ကိုလည်း ကိုင်ဆောင်ထားသေး၏။
ထိုမျှမက အဆိုပါ ဓားထံမှ ထွက်ပေါ်နေသည့် ဓားချီဓာတ်အငွေ့အသက်များအရ ထိုလူမှာ ဧကရာဇ်ခန်းမ၏ အာဏာပါးကွက်သားကြီး ဘူရှန်းဖန်ဖြစ်ကြောင်း မီးမှောင်းထိုးပြလျက်ရှိလေသည်။
ထိုအချက်များသာမက ကျောက်စိမ်းဖီးနစ် တိုက်ခိုက်မခံရခင် ပြောဆိုသွားခဲ့သော စကားများအရ -
“ဘူရှန်းဖန် . . . ရှင့်ရဲ့ . . . ရှင့်ရဲ့ စွမ်းအားတွေ . . .”
ထိုအချိန် လုပ်ကြံသတ်ဖြတ်သူမှာ သူ၏ဓားကြီးကိုမြှောက်ကာ ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ပိုင်းပြီး ချက်ချင်းပင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ မည်မျှထိဆိုလျှင် စကားတစ်ခွန်းမှပင် မပြောသွားခဲ့ခြင်းဖြစ်၏။
ထို့ပြင် ထွက်ပြေးသွားသည့်အချိန်တွင်လည်း ငှက်တစ်ကောင်အလား ပျံသန်းထွက်ခွာသွားခြင်းပင်ဖြစ် သည်။ ထို့ကြောင့် ထိုလူအား မည်သူမှ အသေအချာ မမြင်လိုက်ရကြပေ။
ထိုလုပ်ကြံသူက ဓားချက်တစ်ချက်တည်းကိုသာ ခုတ်ပိုင်းသွားခဲ့ပြီး သူ၏ပစ်မှတ် အသက်ရှင်ခြင်းရှိမရှိကို ပင် လှည့်မကြည့်သွားခဲ့ချေ။ တစ်ချက်တည်းခုတ်ပိုင်းပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ထွက်သွားခဲ့ခြင်းဖြစ်ပါတော့ သည်။
. . .
“ဘုန်း . . .”
မန်ဝုဇန်တစ်ယောက် စားပွဲခုံကို ဒေါသတကြီး ရိုက်ချပစ်လိုက်၏။
ထို့ကြောင့် သူ့အနားရှိလူတိုင်းမှာ မန်ဝုဇန်၏ ဒေါသကိုကြည့်ရင်း ထိတ်လန့်နေကြလေသည်။
“ရဲရှောင် . . .”
“မင်းတစ်ယောက်တည်း လုပ်ကြံတဲ့နေရာမှာ ကျွမ်းကျင်တာမဟုတ်ဘူး၊ ငါတို့လည်း လုပ်တတ်တယ်ကွ”
မန်ဝုဇန်အဖို့ တွေးတွေးပြီးရင်းဖြင့်ပင် ဒေါသများ ထွက်နေပါတော့သည်။
. . .
“ကျွန်မတို့လုပ်တာ မဟုတ်ဘူး . . .”
“လုပ်ကြံသတ်ဖြတ်သူက ဘူရှန်းဖန် မဟုတ်ဘူးလေ . . .”
ရွှမ်ပိုင်က ဧကရာဇ်ခန်းမ၏ အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်၏။
သူမအဖို့ တောင်ဘက်ခြမ်း ထိုင်ခုံတွင် ထိုင်နေခြင်းဖြစ်ပြီး သူမ၏ တစ်ဖက်တစ်ချက်စီတွင်မူ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ ရှိနေကြသည်။
ရွှမ်ပိုင်တစ်ယောက် ဧကရာဇ်ခန်းမ၏ ခေါင်းဆောင်ပိုင်းနေရာတွင် တာဝန်ယူခဲ့ပြီးကတည်းက မိန်းကလေး သုံးယောက်မှာ ထိုသို့ တပူးပူးတတွဲတွဲ ရှိနေခဲ့ကြခြင်းပင်ဖြစ်၏။
ထိုနေရာတွင် အခြားလူများဖြစ်သော ချိဟူ၊ ပန်းဘုရင်၊ ဘူရှန်းဖန်၊ မန်ယုဂျန်၊ ချူလျူတို့လည်း ရှိနေကြလေ သည်။ ထို့ပြင် ဦးဆောင်သူကြီးဖြစ်သည့် ရဲရှောင်လည်း မပါမဖြစ် ရှိနေ၏။
ထို့ကြောင့် အစည်းအဝေး၌ လူ ၁၀ ဦးသာရှိနေခြင်းဖြစ်သည်။ သို့သော် ထိုလူ ၁၀ ဦးကပင်လျှင် ဧကရာဇ် ခန်းမ၏ အရေးပါသော လူများဖြစ်ကြသည်။
ရဲရှောင်မှာမူ မြောက်ဘက်တွင် ထိုင်နေခြင်းဖြစ်ပြီး ရွှမ်ပိုင်၏ ဆန့်ကျင်ဘက်တွင်ရှိနေ၏။ စင်စင် ကြီးမား ထည်ဝါလှသော ခရမ်းရောင်ပလ္လင်ကြီးတစ်ခုတွင် ထိုင်နေခြင်းဖြစ်လေသည်။
ထိုပလ္လင်ကြီး၏ အောက်ခြေတွင်မူ စွမ်းအင်များစွာ စုစည်းနိုင်သည့် အစီအရင်များ ထည့်သွင်းထားရှိ၏။ ထို့ကြောင့် ရဲရှောင်၏ ပတ်လည်တွင် ခရမ်းရောင်အခိုးအငွေ့များ ရစ်သိုင်းနေသည်ကို အတိုင်းသား တွေ့မြင်နိုင် ပေသည်။ ထိုမြင်ကွင်းက ဘုရင်တစ်ပါး၏ အငွေ့အသက်မျိုး ဖြစ်တည်နေခြင်းပါပင်။
အစည်းအဝေးခန်းမ၏ ပုံစံမှာ မြောက်ဘက်ပိုင်းက အမြင့်ပိုင်းဖြစ်ပြီး တောင်ဘက်ပိုင်းမှာ အနည်းငယ်နိမ့် လေသည်။
ရဲရှောင်မှာမူ မြောက်ဘက်ခြမ်းတွင် ထိုင်နေခြင်းဖြစ်၏။ ထို့ကြောင့် ကျန်သောလူများမှာ သူ့ထက်နိမ့်သော နေရာများတွင် နေရာယူထားကြခြင်းဖြစ်သည်။
ထို့ကြောင့် ထိုလူများအားလုံးမှာ ရဲရှောင်ကို ကြည့်ရသည့်အခါ မော့၍ ကြည့်ရလေသည်။ သို့သော် ရဲရှောင် ကိုမူ ရှင်းလင်းပြတ်သားစွာ မမြင်ရချေ။
၎င်းတို့အတွက် အခိုးအငွေ့များ ဖုံးလွှမ်းနေသော ရဲရှောင်က တိမ်တိုက်များအကြား ရောက်ရှိနေသလိုပင် ဖြစ်တည်နေသည် မဟုတ်ပါလား။ ဤသည်ကပင် ကြီးမားလှသော အရှိန်အဝါမျိုးပါပင်။
“ကြီးမြတ်တဲ့လူက ကြီးမြတ်တဲ့နေရာမှာ နေရမှာပဲ . . .”
“ကြီးမြတ်တဲ့လူက တခြားလူတွေထက်ကို သာလွန်နေရမယ် . . .”
ထိုအချက်ကို လူတိုင်း သဘောတူညီကြ၍ ထိုသို့ စီစဉ်ထားကြခြင်းဖြစ်၏။
သဘာဝတရားခန်းမနှင့် တိုက်ပွဲကြီး ထိပ်တိုက်ရင်ဆိုင်ပြီးကတည်းက ရဲရှောင်မှာ ဧကရာဇ်ခန်းအတွင်း၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ပါးပင် ဖြစ်တည်လာခဲ့သည်။ ရဲရှောင် ဖန်တီးခဲ့သောအခြေအနေမျိုးကို မည်သူက ဖန်တီး နိုင်ပါမည်နည်း။
လူသားများအဖို့ နတ်ဘုရားများကို ယုံကြည်ကိုးကွယ်ကြသည့်တိုင် မည်သူမှ ထိုနတ်ဘုရားများကို မြင်တွေ့ ဖူးကြခြင်း မရှိကြပေ။ သို့သော် ဧကရာဇ်ခန်းမမှ လူများအတွက်မူ ရဲရှောင်ဆိုသည်က ၎င်းတို့၏ ကြီးကျယ်မြင့်မြတ် လှသော နတ်ဘုရားတစ်ပါးပင်ဖြစ်လေသည်။
ရဲရှောင် လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များက နတ်ဘုရားတစ်ပါး၏ လုပ်ဆောင်ချက်များနှင့်ပင် တူနေ သည် မဟုတ်ပါလား။
“ဧကရာဇ်က သူ့ရဲ့ မယုံနိုင်လောက်တဲ့ အစွမ်းကို ပြသခဲ့တယ် အဲဒီတော့ ငါတို့တွေ အခုကစပြီး သူ့အပေါ် တလေးတစား ဆက်ဆံမှဖြစ်မယ်၊ လုံးဝကို ဧကရာဇ်အပေါ် ငြိုငြင်ခံလို့ မဖြစ်ဘူး . . .”
ပန်းဘုရင်က ထိုသို့ပြောခဲ့၏။ အခြားလူများကလည်း သူ၏ ထိုအဆိုကို လက်ခံခဲ့ကြလေသည်။
ထို့ကြောင့်ပင် ယခုကဲ့သို့ ကြီးကျယ်ခန်းနားလှသော အစည်းအဝေးခန်းမကြီးကို ပြင်ဆင်လိုက်ကြခြင်းပင် ဖြစ်ပါတော့သည်။
YOU ARE READING