အခန်း (၁၆၆၁)(စာစဉ် ၁၃၀- အပိုင်း ၁၂)
“မြွေကြီးများ အဆင့်တက်ခြင်း”
ဟင်းလင်းပြင်ကြီးအတွင်း၌ ငွေရောင်အကြေးခွံမြွေ ၄၈ ကောင်မှာ ကျေနပ်ဟန်ဖြင့် လဲလျောင်းလျက်ရှိနေ ကြသည်။ ၎င်းတို့အဖို့ ဗိုက်ဝသွားကြပြီဖြစ်၍ သက်တောင့်သက်သာရှိနေသည့် ပုံပါပင်။
(ကောင်းလိုက်တာ . . . ငါတို့တွေ အများကြီး စားလိုက်ရတယ် . . .)
(ဒါမျိုး ထပ်လုပ်ချင်လိုက်တာ၊ နေ့တိုင်းကို လုပ်ချင်တာ . . .)
သနားစဖွယ် ထိုမြွေများမှာ အားဟူ၏ ထိန်းချုပ်ခြင်းကို ခံခဲ့ရပြီးကတည်းက ယခုလောက်ထိ ဝလင်အောင် မစားခဲ့ရဖူးချေ။
ဟင်းလင်းပြင်ကြီးထဲတွင် သူတို့ရနိုင်သည်ဆို၍ တန်ဖိုးကြီးသော အပင်များစွာနှင့် စိတ်ကြိုက်စုပ်ယူ၍ရနိုင် သည့် သန့်စင်လှသော စိတ်စွမ်းအင်ချီဓာတ်များပင်ဖြစ်၏။ ထို့ပြင် တစ်ခါတစ်ရံတွင် အားဟူက ၎င်းတို့အား ဆေးလုံး များကို ပေးတတ်ပါသေးသည်။
ထို့ကြောင့်လည်း ဝဝလင်လင် မစားရသည့်တိုင် တိုးတက်မှုမြန်ဆန်လာခဲ့ပြီး အဆင့်များစွာကို ဖြတ်ကျော် လာနိုင်ခဲ့ခြင်းဖြစ်၏။ ထိုသို့တိုးတက်မှု ဖြစ်စေရန်အတွက်လည်း စွန့်စွန့်စားစားပြုလုပ်နေရန် မလိုအပ်ချေ။
ထို့နောက်တွင် ငါးတစ်ကောင်စီရရှိပြီးနောက် ပို၍ပင် အဆင့်တက်လာခဲ့လေသည်။ မည်မျှထိဆိုလျှင် ထိုငါး များရရှိပြီးနောက် ၎င်းတို့၏ ဘိုးဘေးများထက်ပင် ပိုမို၍ အင်အားကြီးလာခဲ့ကြခြင်းဖြစ်သည်။
သို့သော် မြွေကြီးများအဖို့ ထိုကဲ့သို့ အဆင့်တက်လာနိုင်သည့်တိုင် အစာရေစာနှင့် ပတ်သက်လျှင် မည်သည့် အခါမှ ပြည့်ဝသည်ဟူ၍ မခံစားခဲ့ရချေ။ တစ်နည်းအားဖြင့် ဗိုက်ဝအောင် မစားရသည့် သဘောပါပင်။
ထို့ကြောင့် ဆာလောင်မှုက ၎င်းတို့အား အမြဲတစေ ဖိစီးနှိပ်စက်ခဲ့၏။ သို့သော် အားဟူက ၎င်းတို့အား အမိန့် ပေးခဲ့သည့်အချိန်တွင် ထိုအခြေအနေများမှာ ပြောင်းလဲသွားတော့သည်။
“ဒါကမင်းတို့ရဲ့ အခွင့်အရေးပဲ၊ မင်းတို့ တတ်နိုင်သလောက်သာ များများစားခဲ့ကြ . . .”
“မင်းတို့ ဗိုက်ဝမဝဆိုတာ မင်းတို့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာပဲ မူတည်လိမ့်မယ် . . .”
ထိုအမိန့်နှင့်အတူ အပြင်ဘက်သို့ရောက်ချိန် အဆိပ်ရှိသတ္တဝါများစွာကို မြင်တွေ့လိုက်ရ၍ မြွေကြီးများမှာ လွန်စွာ စိတ်လှုပ်ရှားခဲ့ကြသည်။ အစာများစွာက အလိုအလျောက်ပင် ၎င်းတို့ရှိရာသို့ တိုးဝင်လာကြသည် မဟုတ်ပါ လား။
ထိုအစာများကလည်း ၎င်းတို့၏ မျက်လုံးများထဲတွင် အလွန်အရသာရှိမည့်ပုံပေါ်နေလေသည်။ ထို့ပြင် ထို အစာများကို အားဟူက စိတ်ရှိတိုင်း စားခွင့်ပြုထားလေသည်။
ထို့ကြောင့် အားရအောင် စားပြီးနောက်တွင် ၎င်းတို့၏ အဆင့်များလည်း တိုးတက်မှုရှိလာလိမ့်မည်ဟု မြွေ ကြီးများ၏စိတ်ထဲ တွေးထင်မိလိုက်ကြ၏။ အဆင့်လည်းတက်၊ ဝမ်းလည်းဝမည့်ကိစ္စကြီးက သူတို့အဖို့ အိပ်မက် မက်နေရသလိုပါပင်။
(နောက်ဆုံးတော့ ဒီလိုနေ့ရက်တွေ ရောက်လာပြီပေါ့၊ နေ့တိုင်း ဒီလိုစားနေရရင် ကောင်းမယ် . . .)
လက်ရှိအချိန်တွင် စိတ်ရှိတိုင်း စားခဲ့ပြီးသော မြွေကြီးများမှာ ဗိုက်များဖောင်းကားလျက် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိနေကြ၏။ ထို့နောက်တွင် အဆင့်တက်တော့မည့် ပုံစံမျိုးပင် ဖြစ်လာကြတော့သည်။
လည်ပင်းရှိ အကြေးခွံများမှာ အက်ကွဲလာပြီး အရည်ပျော်ကျလာကြသည် မဟုတ်ပါလား။ စင်စစ် အရေခွံ လဲလိုက်သည့် ပုံစံမျိုးပါပင်။
မြွေကြီးများအဖို့ ထိုကဲ့သို့ ထပ်တလဲလဲ အရေခွံလဲခြင်းကပင် သိသာစွာဖြင့် အင်အားကြီးလာနိုင်ကြသည်။ အားဟူနောက်သို့ လိုက်လာပြီးကတည်းက မြွေကြီးများအနေဖြင့် ထိုသို့ကြိမ်ဖန်များစွာ အရေခွံလဲနိုင်ခဲ့ကြ၏။ ထို့ ကြောင့်လည်း နာကျင်မှုများနှင့် အသားကျနေပြီဟုဆိုနိုင်သည်။
သို့သော် အရေခွံလဲပြီးချိန်တွင်မူ ယခင်ထက် ပိုမိုအင်အားကြီးသွားကြသည်။ ထို့ကြောင့် ထိုသို့အရေခွံလဲပြီး ချိန်တွင် နာကျင်မှုနှင့်အတူ ပျော်ရွှင်မှုကိုပါ ဒွန်တွဲခံစားကြရလေသည်။
ထိုအချိန် အပြင်ကမ္ဘာရှိ ရဲရှောင်မှာမူ အအိပ်မပျက်၊ ဟောက်နေတုန်းပင်ဖြစ်၏။ သို့သော် စိတ်ထဲ၌မူ -
(ဒီလူတွေက တစ်ယောက်မှ သတ္တိမရှိဘူး၊ ဘာလို့ ရှေ့ဆက်မတိုးလာကြတာလဲ . . .)
(ငါကသူတို့အတွက် ပစ်မှတ်တစ်ခုပဲလေ၊ ငါ့ဆီမှာ သူတို့မက်လောက်စရာတွေ အများကြီးရှိနေတာ . . .)
(ဒါတွေက မြွေလေးတွေပဲဟာကို ဒီလောက်ထိ ကြောက်နေစရာလိုလို့လား . . .)
(သတ္တိကြောင်လိုက်ကြတာ ဘာလို့ ဒီလိုလူတွေက အဆုံးမဲ့ပင်လယ်ထဲမှာ ရှိနေရတာလဲ၊ အဆုံးမဲ့ပင်လယ် ထဲမှာ ရှင်သန်နေတဲ့လူတွေက ဒီလောက်တောင် အားနည်းရလား၊ ငါတော့ တော်တော်ကို စိတ်ပျက်သွားမိပြီ . . .)
ရဲရှောင် တွေးရင်းဖြင့် မကျေမချမ်းဖြစ်နေမိ၏။
တကယ်တမ်းတွင် သူ၏ဟင်းလင်းပြင်ကြီးအတွင်းရှိ မြွေကြီးများမှာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်း သည်ကို ရဲရှောင် နဖူးတွေ့ဒူးတွေ့ မသိသေးချေ။
ထိုမြွေကြီးများမှာ ဟင်းလင်းပြင်ကြီးအတွင်းရှိ ခရမ်းရောင်ချီဓာတ်များကို စုပ်ယူရင်း၊ ဆေးလုံးများစွာကို စားသုံးရင်း အဆမတန်ပင် အင်အားကြီးလာကြသည် မဟုတ်ပါလား။
အကယ်၍ အားဟူသာ ယခုအတိုင်း ဆက်လက်ထောက်ပံ့သွားပါက မြွေကြီးများမှာ ကန့်သတ်ချက်များကို ပင် ကျော်လွန်၍ အင်အားကြီးသထက် ကြီးလာကာ နောက်ဆုံး နဂါးများအဖြစ်ပင် ပြောင်းလဲသွားနိုင်ပေသည်။ ထိုအဆင့်သို့သာရောက်သွားပါက အလွန်ကို အင်အားကြီး အစွမ်းထက်သွားကြပေလိမ့်မည်။
အဆုံးမဲ့ပင်လယ်အတွင်း၌ စိတ်ဝိညာဉ်သားရဲများကို အဆင့် ၉ ဆင့် ပိုင်းခြားသတ်မှတ်ရမည်ဆိုလျှင် ယခု မြွေကြီးများမှာ အနည်းဆုံးမူ အဆင့် ၆ ခန့်ရှိနိုင်မည်မှာ အသေအချာပင်။ ထို့ကြောင့် ထိုသို့သော စိတ်ဝိညာဉ်သားရဲ များမှာ အဆုံးမဲ့ပင်လယ်အတွင်းရှိ ဧရိယာတစ်ခုလောက်ကို ထိန်းချုပ်နိုင်စွမ်းရှိနေလေသည်။
ယခုအခါတွင် ရဲရှောင်၌ ထိုသို့သော မြွေကြီးများ ၄၈ ကောင်တိတိပင် ရှိနေ၏။ အကယ်၍ ထိုမြွေကြီးများ သာ အတူတကွ တိုက်ခိုက်ကြမည်ဆိုပါက ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားမည်မှာ သေချာပါတော့သည်။
. . .
မဟူရာညကို ကျော်လွန်ပြီးနောက် အသူရာနေမင်းကြီးက အလှည့်ကျ တာဝန်ထမ်းရွက်လာ၏။
ထို့ကြောင့် နဂိုက ကျယ်လောင်စွာ ထွက်ပေါ်နေသည့် ဟောက်သံများလည်း ရပ်တန့်သွားပြီး ထိုဟောက်သံ များ၏ပိုင်ရှင် ရဲရှောင်မှာ သစ်ပင်ထက်မှ ဆင်းသက်လာခဲ့သည်။
သူ၏ ဘယ်ဘက်ပခုံးပေါ်တွင်မူ အစဉ်လာမပျက် ကြောင်လေးတစ်ကောင်ရှိနေပြီး ညာဘက်ပခုံးပေါ်တွင်မူ လင်းယုန်တစ်ကောင်ရှိနေလေသည်။
ရဲရှောင်လည်း သစ်ပင်ထက်မှ ဆင်းလာပြီးနောက် သက်ပြင်းချလိုက်၏။
(သတ္တိကြောင်လိုက်တဲ့လူတွေ၊ ငါကသူတို့ကို တိုက်ခိုက်စေချင်တာ အဲဒါမှ ငါပြန်ပြီးတိုက်ခိုက်လို့ရမှာလေ၊ ငါ့ရဲ့စွမ်းအားတွေကို ငါကစမ်းသပ်ချင်နေတာ၊ တကယ့်တိုက်ပွဲတွေမှာပဲ ဒီလိုအခွင့်အရေးကို အသုံးချလို့ရတာမလား၊ အခုတော့ အချိန်ကုန်အလဟဿဖြစ်ပြီ . . .)
(ဒါပေမယ့် ဟိုလူကတော့ စိတ်ဝင်စားစရာကောင်းတယ်၊ သူက အဆိပ်ရှိသားရဲတွေကို ထိန်းချုပ်နိုင်တာပဲ၊ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်၊ မသိရင် သူ့နည်းက ရေခဲလနန်းတော်ရဲ့ တိရစ္ဆာန်တွေကို ယဉ်ပါးအောင် လုပ်တဲ့နည်းနဲ့တောင် တူနေသေးတယ် . . .)
ထိုအခိုက်အတန့်တွင် တွေးတောရင်းဖြင့် ရဲရှောင်စိတ်ထဲ အကြံရသွားမိ၏။ ထို့နောက် ဟင်းလင်းပြင်ထဲ လှမ်းကြည့်လိုက်သည့်အချိန် မြွေကြီးများ အရေခွံလဲနေသည်ကို တွေ့လိုက်ရလေသည်။
ထိုမြွေကြီးများမှာ တန်ဖိုးရှိသော အရာများစွာကို စားသုံးခဲ့ကြပြီး ကြိမ်ဖန်များစွာ အရေခွံလဲနိုင်ခဲ့ကြ၏။ ထို့ပြင် ၎င်းတို့၏ခန္ဓာကိုယ်ထဲ၌ စွမ်းအင်စုစည်းငါးများမှရရှိလာသော စွမ်းအင်များနှင့် အခြားအာဟာရများမှ ရရှိ ထားသော စွမ်းအင်များရှိနေလေသည်။
ထို့ကြောင့် ထိုစွမ်းအင်များကြောင့် အဆိပ်ရှိသတ္တဝါများကို စားလိုက်သည့်အချိန် အဆိပ်များမှာ သန့်စင် သွားလေသည်။ မြွေကြီးများမှာမူ သန့်စင်သော စွမ်းအင်များနှင့်အတူ အရေခွံလဲနေတုန်းပင်ဖြစ်၏။
(ငါသာအဲဒီလူကို ဖမ်းနိုင်ရင် ငါ့မြွေတွေအတွက် အဆိပ်ရှိသတ္တဝါတွေကို ဖမ်းပေးနိုင်မှာပဲ၊ ဒါဆိုရင် သူတို့ တွေ ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာနိုင်လိမ့်မယ် . . .)
(ဟုတ်တယ် . . . မဆိုးဘူး ဒီအကြံကောင်းတယ်၊ ငါဒီအတွက် အစီအစဉ်ဆွဲမှဖြစ်မယ် . . .)
ထို့နောက် ရဲရှောင်လည်း ခေါင်းထဲ၌ အစီအစဉ်များစွာချရင်း ထွက်လာခဲ့လိုက်၏။
ထိုအချိန် အားဟူ၏ အတွေးထဲတွင်မူ -
(ငါ့ကိုများ ဘာထင်နေလဲ မသိဘူး၊ ဒီမြွေတွေရဲ့ အလားအလာတွေကိုသာ ငါမသိရင် တန်ဖိုးကြီးတဲ့အရာ တွေကို ဘယ်ကျွေးခဲ့ပါ့မလဲ၊ ငါ့သခင်က တော်တော်တုံးတာပဲ၊ အခုတော့ ငါဘယ်လောက် အမြော်အမြင်ရှိလဲဆိုတာ သိပြီမလား၊ အဲဒါကြောင့်ပြောတာ ငါကသိပ်တော်ပါတယ်ဆိုမှ ဟား ဟား ဟား . . .)
ထိုသို့ဖြင့် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်တို့မှာ အတွေးကိုယ်စီဖြင့် ကျေနပ်နေကြစဉ် အဆိပ်ဘုရင် မှာမူ သူ့အဖြစ်သူ မသိသေးချေ။ ရဲရှောင်က သူ့မြွေများအတွက် အစာရှာပေးနိုင်သူဖြစ်ကြောင်း အဆိပ်ဘုရင်အား ကြံစည်နေသည် မဟုတ်ပါလား။
ထိုအစား အဆိပ်ဘုရင်မှာ ကြောက်လန့်စရာ အခြေအနေမှ ထွက်ပြေးလာရ၍ စိတ်ထဲ တုန်လှုပ်နေတုန်းပင် ဖြစ်၏။
(ဒီထူးဆန်းတဲ့မြွေတွေက ဘာလို့ထွက်လာတာလဲ ပြီးတော့ ဘာလို့ ချက်ချင်းကြီး ပျောက်သွားရတာလဲ . . .)
(ဒီမြွေတွေက အရင်တုန်းက ဒီနေရာမှာ မရှိပါဘူး . . .)
(ဒီမြွေတွေက တိုက်စစ်ရော၊ ခံစစ်ရောကောင်းတယ်၊ တခြားမြွေတွေ မပိုင်ဆိုင်နိုင်တဲ့ စွမ်းအင်မျိုးတွေ တောင်မှ ပိုင်ဆိုင်ထားတယ်၊ ကြည့်ရတာ ဒီကောင်တွေက မြွေနဂါးတွေများ ဖြစ်နေပြီလား၊ နောက်ဆိုရင် နဂါးအဖြစ် ပြောင်းလဲသွားမှာလား၊ အဲဒီလိုမှမဟုတ်ရင် လူတစ်ယောက်လုံးကို နှစ်ပိုင်းပြတ်အောင် ဘယ်လိုကိုက်နိုင်မှာလဲ . . .)
အဆိပ်ဘုရင်မှာ ထိတ်လန့်တကြားဖြင့် တွေးတောနေမိလေသည်။
(ဒီမြွေတွေကို ဟိုကောင်လေး ပိုင်တာများလား၊ သူက ဒီမြွေတွေကို သူ့ရဲ့သက်တော်စောင့်အဖြစ်ထားထား တာလား၊ ဒါဆိုရင်တော့ တော်တော်ကြောက်ဖို့ကောင်းသွားပြီ . . .)
အဆိပ်ဘုရင်တစ်ယောက် သူစခဲ့သည့် ဇာတ်လမ်းအား ပြန်တွေးကြည့်ရင်းဖြင့် ကျောရိုးထဲစိမ့်အောင်ပင် ခံစားလိုက်ရပါတော့သည်။
YOU ARE READING