1831......1840

25 1 0
                                    

အခန်း (၁၈၃၁)(စာစဉ် ၁၄၆- အပိုင်း ၁၀)
“စိတ်သက်သာရာရခြင်း”
အဘိုးကြီးမှ ရဲရှောင်အားကြည့်ကာ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ရင်း -
“မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ မင်းလုပ်ပေးခဲ့တာတွေအတွက် ငါတို့နဂါးမျိုးနွယ်စုက ဘယ်တော့မှ မမေ့ပါဘူး . . .”
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“မလိုပါဘူး . . . ရဲဒီဆိုတာလည်း ကျုပ်ရဲ့သားပါပဲ၊ သူ့အတွက်ဆိုရင် ကျုပ်က ဘာမဆိုလုပ်ပေးမှာ၊ ကျုပ် လုပ်ပေးခဲ့တာတွေက နဂါးမျိုးနွယ်စုဆိုတာနဲ့ မသက်ဆိုင်ပါဘူး . . .”
နဂါးမျိုးနွယ်စု၏ ဘိုးဘေးကြီးရှေ့ရောက်နေသည့်တိုင် ရဲရှောင်မှာမူ အလွန်အမင်း ရိုကျိုးနေသည့် ပုံစံမျိုး မပေါက်ချေ။ ဘိုးဘေးကြီးကိုယ်တိုင်ကလည်း ရဲရှောင်အား နဂါးမျိုးနွယ်စုတစ်စုလုံး၏ ကယ်တင်ရှင်အဖြစ် ဆက်ဆံ‌ နေသည် မဟုတ်ပါလား။
ရဲရှောင်၏ တည်ငြိမ်လှသည့် တုန့်ပြန်မှုများကြောင့် နဂါးဘုရင်နှင့်ဘုရင်မတို့ပင် အထင်ကြီးမိသွားကြ၏။
ဘိုးဘေးကြီးမှ -
“မင်းရဲ့ကျေးဇူးကြောင့် နဂါးမျိုးနွယ်စုက တကယ့်ခေတ်ကောင်းကို ရောက်ရတော့မယ်၊ ငါဖြင့် နှစ်ပေါင်း သန်းသိန်းချီပြီးတော့တောင် ပြန်ငယ်ချင်လိုက်တာ . . .”
ထိုသို့ပြောပြီးနောက် ဘိုးဘေးကြီးက ရဲရှောင်အား အရိုအသေပြုလိုက်၏။
ထို့နောက် ရယ်မောလိုက်ပြန်ရင်း -
“ကံတရားက တော်တော်ကို ဆန်းကျယ်တာပဲဟေ့ . . .”
“ကဲ . . . ငါသွားတော့မယ် . . .”
ပြောပြောဆိုဆိုဖြင့် ဘိုးဘေးကြီးမှာ ယခင်အတိုင်း ပုံရိပ်ယောင်ပြန်ဖြစ်သွားကာ ပျောက်ကွယ်သွားတော့ သည်။
နဂါးဘုရင်နှင့် ဘုရင်မတို့မှာမူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ၎င်းတို့၏မျက်လုံးကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြ၏။
ရောက်ရှိလာသောလူမှာ မည်သူပါနည်း။ နဂါးမျိုးနွယ်စုကြီးတစ်ခုလုံး၏ ဘိုးဘေးကြီးပင် ဖြစ်လေသည်။ ထို ကြီးကျယ်မြင့်မြတ်လှသော နဂါးဘိုးဘေးကြီးမှာ ရဲရှောင်အား အရိုအသေပြုသွားခဲ့သည်။ ထို့အတွက်ကြောင့် နဂါး ဘုရင်တို့လင်မယားအဖို့ မည်သို့မအံ့ဩဘဲနေနိုင်ပါမည်နည်း။
အကယ်၍ ယခုနေရာတွင် ကောင်းကင်ဘုရင် ၅ ပါးရှိနေမည်ဆိုလျှင်ပင် နဂါးဘိုးဘေးကြီးမှာ ယောင်၍ပင် အရိုအသေပြုလိမ့်မည် မဟုတ်ပေ။ သို့သော် လူငယ်လေး ရဲရှောင်ကိုမူ ဘိုးဘေးကြီးမှာ လှိုက်လှိုက်လှဲလှဲဖြင့်ပင် အရိုအသေပေးသွားခဲ့သည်။
ကြုံတွေ့လိုက်ရသော အဖြစ်အပျက်မှာ ရယ်စရာပင်ကောင်းနေသော်လည်း တကယ်တမ်းတွင် သမိုင်းဝင် အဖြစ်အပျက်တစ်ခုပင်ဖြစ်သွားနိုင်၏။
ထိုအချိန် အားဟူ၏ စိတ်ထဲတွင်မူ -
(ငါ့သခင်က ဒီနေ့တော်တော်လေးကို သရုပ်ဆောင်ကောင်းတာပဲ . . .)
(အင်း . . . အဲဒီလိုဖြစ်နေတာလည်း မထူးဆန်းပါဘူးလေ ငါ့သခင်ပဲ မဟုတ်လား၊ သူလိုလူမျိုးက ဒီလိုနဂါး တစ်ကောင်ရဲ့ရှေ့မှာ ဘာလို့ရိုကျိုးပြနေမှာလဲ၊ ဟိုနဂါးကလည်း မဆိုးပါဘူး . . . သူဘယ်သူနဲ့ရင်ဆိုင်နေရတယ် ဆိုတာကို ကောင်းကောင်းသဘောပေါက်တယ် . . .)
(ဟမ့် . . . သူသာ ငါ့သခင်အပေါ် မရိုမသေလုပ်လို့ကတော့ ငါချက်ချင်းထွက်သွားပြီး သူ့ဘဝကို ရေစုန်မျော အောင်လုပ်ပစ်လိုက်မယ်၊ ဒီတစ်ခါတော့ ငါ့သခင်ကိုငါအမှတ်ပြည့်ပေးလိုက်ပြီ . . .)
လက်ရှိအချိန်တွင်မူ နဂါးဘိုးဘေးကြီးမှာ‌ ပျောက်ကွယ်သွားခဲ့ချေပြီ။ အဖြူရောင်ကျောက်တုံးလေးမှာလည်း အရောင်မှေးမှိန်သွားပြီဖြစ်၏။
ထို့နောက် အက်ကွဲသံတစ်ခုနှင့်အတူ ကျောက်တုံးလေးမှာ ထပ်မံ၍ အက်ကွဲသွားပြန်သည်။ ရဲရှောင်လည်း ယခုအခါမှ ကျောက်တုံးလေးနှင့်ပတ်သက်၍ နားလည်သဘောပေါက်သွား၏။
စင်စစ် ကျောက်တုံးမှာ ထူးခြားသောအရာဖြစ်ပြီး နဂါးဘိုးဘေးကြီးနှင့်ဆက်သွယ်နိုင်သော အရာ ၁ ခုလည်း ဖြစ်သည်။ နဂါးမျိုးနွယ်စုမှာ ဘေးဒုက္ခရောက်လေ့ရှိတိုင်း အဆိုပါ ကျောက်တုံးလေးကိုသုံးကာ နဂါးဘိုးဘေးကြီးကို ဆင့်ခေါ်လေ့ရှိကြသည်။
ထို့ကြောင့် ကြိမ်ဖန်များစွာ အသုံးပြုထား၍ ကျောက်တုံးလေးပေါ်၌ပင် အက်ကွဲရာများစွာရှိနေလေသည်။ ယခုတစ်ကြိမ်တွင်လည်း ထပ်မံ၍ အက်ကွဲသွားရပြီ မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ နဂါးဘိုးဘေးကြီးက နဂါးလေးအား ဦးချို၊ အမြီးနှင့် အကြေးခွံများကို ကြည့်ခြင်းအား ဖြင့် ပြီးပြည့်စုံသော နဂါးဟုဆိုသွားသည်မှာမူ နဂါးမျိုးနွယ်စုအတွက် မင်္ဂလာတစ်ပါးပင်ဖြစ်၏။ ထို့ကြောင့် နဂါး ဘုရင်တို့လင်မယားမှာ စိတ်လှုပ်ရှားလွန်း၍ ပြောစရာစကားပင် မရှိကြတော့ချေ။
သို့သော် သူတို့စိတ်ထဲတွင်မူ ၎င်းတို့၏ သားလေးက နဂါးဘိုးဘေးကြီးထက်ပင် သာလွန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
ရဲရှောင်မှာမူ နဂါးလင်မယားတို့နှင့်မတူဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာရှိနေ၏။ ထို့အတူ နဂါးလေးမှာလည်း ကျောက်တုံးလေးကိုကိုင်ကာ ဆော့နေတုန်းပါပင်။
ကလေးသဘာဝပီပီ တခစ်ခစ် ရယ်မောရင်း ဆော့ကစားနေသည်မှာ မြင်သူတိုင်း၏အသည်းအား အရည်ပင် ပျော်ကျသွားစေနိုင်၏။ ထို့ကြောင့် နဂါးဘုရင်အဖို့ သားဖြစ်သူကိုကြည့်ရင်း ချစ်မဝ၊ ဂုဏ်ယူမဝလျက်ပင်ရှိနေသည်။ ထိုအခိုက်အတန့်တွင် သားဖြစ်သူ လက်ထဲမှ ကျောက်တုံးလေးကိုပင် ပြန်ယူရန် မေ့လျော့နေလေသည်။
“ဧကရာဇ်ရဲ . . .”
နဂါးဘုရင်မမှ ရဲရှောင်အား ပြုံးလျက်ကြည့်ကာ ခေါ်လိုက်သည်။
“ရှင်က ကျွန်မတို့ရဲ့သားကို တောက်ပတဲ့ အနာဂတ်မျိုးပိုင်ဆိုင်နိုင်အောင် ဖန်တီးပေးလိုက်တာပဲ၊ သူက နောက်ဆိုရင် တကယ့်ကို ဒဏ္ဍာရီလာနဂါးတစ်ကောင် ဖြစ်လာတော့မယ်၊ ကျွန်မ ဒါကို ဘယ်တော့မှ မေ့မှာမဟုတ် ပါဘူး၊ ကျွန်မတို့ ရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ် . . .”
နဂါးဘုရင်မှာ ဝမ်းသာလွန်းသောကြောင့် အသံပင် တုန်ရီနေ၏။
သူမအဖို့ ပြီးပြည့်စုံသော နဂါးခန္ဓာကိုယ်ဆိုသည့် စကားအဓိပ္ပာယ်ကို ကောင်းစွာ သိနေလေသည်။ ထိုစကား အရ သားဖြစ်သူ နဂါးလေးက ဘိုးဘေးကြီးထက်ပင် ပို၍ပါရမီပါနေသည် သဘောပါပင်။
တစ်နည်းအားဖြင့် တစ်ချိန်ချိန်တွင် ကမ္ဘာ့အစွမ်းထက်ဆုံး နဂါးတစ်ကောင်ဖြစ်လာမည့် သဘောပင်ဖြစ်၏။ သူမမှာမူ ထိုကမ္ဘာ့အစွမ်းထက်ဆုံး နဂါးကြီး၏အမေဖြစ်လာရတော့ပေမည်။ အတွေးဖြင့်ပင် ဂုဏ်မယူဆုံး၊ ပျော်မဆုံး ဖြစ်ရသည့်အတွက် နဂါးဘုရင်မမှာ မည်သို့မှ စိတ်ကို ထိန်းချုပ်မထားနိုင်တော့ချေ။
သားဖြစ်သူကြောင့် သူမတို့ကိုပင် သမိုင်းမှတ်တမ်းထဲ၌ မှတ်တမ်းတင်ထားကြတော့မည် မဟုတ်ပါလား။ ရဲရှောင်မှာမူ သူမတို့ကို ထိုသို့သော အခြေအနေဖြစ်အောင် ဖန်တီးပေးခဲ့လေသည်။
ထို့ကြောင့် နဂါးဘုရင်မမှာ တည်ငြိမ်အောင် စိတ်ကိုထိန်းချုပ်နေသည့်တိုင် စိတ်လှုပ်ရှားလျက်သာရှိနေလေ သည်။ အမေတိုင်းက မွေးထုတ်ထားသည့် သားသမီးတိုင်းအား အထူးချွန်အပြောင်မြောက်ဆုံး ဖြစ်စေချင်ကြသည် မဟုတ်ပါလား။
ယခုအခါတွင် သူမ၏သားမှာ ထိုကဲ့သို့ ဖြစ်လာရတော့ပေမည်။ ပါရမီပါလှသည့် နဂါးလေးအဖို့လည်း အနာဂတ်တွင် မည်သည့်အခက်အခဲမှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း နဂါးဘုရင်မမှာ တွေးတွေး ရင်းဖြင့် ပျော်ရွှင်ကြည်နူးမိနေခြင်းဖြစ်၏။
“အဟမ်း . . . ထကြပါဗျာ ခင်ဗျားတို့ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး . . .”
ရဲရှောင်မှ ရှက်အမ်းအမ်းဖြင့် ပြောလိုက်သည်။
သူ့အဖို့ ကြောက်မက်ဖွယ်ကောင်းသည့် အခြေအနေမျိုးနှင့်ရင်ဆိုင်ရပါက စိတ်ကိုတည်ငြိမ်အောင် ထိန်းနိုင် သော်လည်း အားတုံ့အားနာဖြစ်ရသည့် အခြေအနေမျိုးတွင် စိတ်ကို မည်သို့မှ မထားတတ်အောင် ဖြစ်နေလေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် မျက်နှာပူပူဖြင့် ရှက်အမ်းအမ်းဖြစ်နေရခြင်းဖြစ်သည်။
ပထမအချက်အနေဖြင့် သူ့နှုတ်မှ နဂါးဘုရင်မကို မည်သို့ခေါ်ရမည်မှန်းမသိ ဖြစ်နေခြင်းဖြစ်၏။ ဘုရင်မဟု ခေါ်လိုက်ခြင်းက ၎င်းတို့၏ဆက်ဆံရေးကို မနီးကပ်စေဘဲ သူစိမ်းဆန်သည်ဟု ရဲရှောင် ခံစားလိုက်မိသည်။
သူကိုယ်တိုင်လည်း နဂါးလေး၏ အဖေဖြစ်နေခြင်းကြောင့် ထိုကဲ့သို့သူစိမ်းဆန်နေရသည်ကို မနှစ်မြို့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် နဂါးဘုရင်မအား အစ်မကြီးဟုသာခေါ်ဆိုရန် ဆုံးဖြတ်လိုက်တော့သည်။
“ကောင်းပါပြီ . . . ငါ့မောင်လေး . . .”
ပါးနပ်လှသော နဂါးဘုရင်မမှလည်း လိုက်လျောညီထွေစွာပင် ရဲရှောင်အား ‘မောင်လေး’ ဟုခေါ်ဆိုလိုက်၏။
“မောင်လေး . . . အစ်မကြီး ဒီကလေးကို မင်းနဲ့အတူထားခဲ့မယ်၊ မင်းသူ့ကို ကောင်းကောင်းစောင့်ရှောက်နိုင် မယ်လို့ ငါယုံကြည်ပါတယ် . . .”
နဂါးဘုရင်မမှာ ထိုသို့ဉာဏ်အမျှော်အမြင် ကြီးမားသူတစ်ဦး ဖြစ်သည်။ ရဲရှောင်က ကလေး၏ အနာဂတ်နှင့် ပတ်သက်လျှင် ကောင်းစွာ ထိန်းကျောင်းနိုင်သည့် အရည်အချင်းရှိသူတစ်ဦးဖြစ်သည်ကို သိနေသည် မဟုတ်ပါလား။
ရဲရှောင် မည်သို့မည်ပုံလုပ်မည်မှန်း မသိသည့်တိုင် နဂါးလေးက ပြီးပြည့်စုံသော နဂါးတစ်ကောင်ဖြစ်လာစေ ရန်မှာ ရဲရှောင်မှလွဲ၍ မည်သူမှ ကူညီပေးနိုင်မည်မဟုတ်မှန်း သူမ ကောင်းစွာ သိနေ၏။ ထို့ကြောင့် ရဲရှောင်နှင့်အတူ ရှိနေခြင်းက နဂါးလေးအတွက် အကောင်းဆုံးသာ ဖြစ်လိမ့်မည်။
ယခုနေရာသို့ မလာခင်အချိန်အထိ သူမစိတ်ထဲ ထိုအတွေးကို မစဉ်းစားမိချေ။ လက်ရှိအချိန်မှသာ စိတ်ကူး ပေါက်သွားခြင်းဖြစ်၏။
(ငါငါ့သားကို ပြန်ခေါ်သွားနိုင်ဖို့ဆိုရင် ရဲရှောင်နဲ့တိုက်ခိုက်ဆိုလည်း ငါတိုက်ခိုက်မှာပဲ၊ သားဆိုတာ အမေနဲ့ပဲ အတူနေရမှာပေါ့ . . .)
နဂါးဘုရင်မအဖို့ ထိုသို့သာတွေးခဲ့ခြင်းဖြစ်၏။ သို့သော် ယခုအခါတွင်မူ အခြေအနေများမှာ ပြောင်းပြန်လှန် လိုက်သလို ပြောင်းလဲသွားခဲ့ချေပြီ။
(ငါဒီကောင်လေးနဲ့ပဲ ငါ့သားကို ထားခဲ့ရမယ် . . .)
လက်ရှိအချိန်တွင် နဂါးဘုရင်မ၏စိတ်ထဲ ထိုသို့သာ စဉ်းစားနေမိပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now