အခန်း (၁၅၁၈ - က)(စာစဉ် ၁၁၈- အပိုင်း ၇)
“အရှုပ်အထွေးများ”
မီးခိုးရောင်နေကာဓားဂိုဏ်းမှ အဘိုးကြီးမှာ ဒူချင်းကွမ်အား အံ့ဩဟန်ဖြင့် ကြည့်လိုက်ရင်း -
“ကောင်းပြီ . . . မင်းက အသုံးမဝင်တဲ့ကောင်တော့ မဟုတ်ဘူးပဲ ဒါပေမယ့် ငါတို့အဖွဲ့အနေနဲ့ မင်းတို့ရဲ့ ဧကရာဇ်ခန်းမကို ဖျက်ဆီးဖို့ဆိုတာ မခက်ခဲပါဘူး ဟုတ်တယ်မလား . . .”
“မင်း ဒီနေ့ကံကောင်းသွားတယ် ဒါပေမယ့် ဘယ်သူမှတော့ အမြဲတမ်း ကံကောင်းမနေနိုင်ပါဘူး၊ မင်းတို့တွေ မင်းတို့ဆရာကို အခုသွားပြောဖို့ လိုနေပြီ၊ ဘယ်သူမှ အမြဲတမ်းကံမကောင်းနိုင်ဘူးလို့ ငါပြောထားတယ်၊ မင်းတို့ အတွက် ဒုတိယအကြိမ်အခွင့်အရေးဆိုတာ ရနိုင်မှာ မဟုတ်ဘူး . . .”
အဘိုးကြီးမှ သတိပေးမှုများပါဝင်နေသည့် စကားကို သဘောထားပြည့်ဝဟန်ဖြင့် ပြောလိုက်၏။ စိတ်ထဲ တွင်မူ အားလုံးကို သတ်ဖြတ်ရန် အသင့်ပြင်ထားချေပြီ။
သို့သော် သူ၏အင်အားနှင့် သိုင်းလောကအတွင်း အနေအထားတို့ကြောင့် ဒူချင်းကွမ်တို့နှစ်ယောက်အား သတ်ဖြတ်လိုစိတ် မရှိချေ။
ဒူချင်းကွမ်နှင့်အတူရှိနေသည့် လူ၏နာမည်ကိုမူ ပိုးကောင်ကြီးဟု ခေါ်တွင်လေသည်။ သူတို့နှစ်ဦးလုံးမှာ အတွေ့အကြုံ ရင့်ကျက်သူများဖြစ်ကြပြီး သိုင်းလောကအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသည့်လူများ သာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ရန်သူအဘိုးကြီး၏ စကားများကို အနည်းငယ်မှ ဂရုမစိုက်ကြခြင်းပါပင်။
တကယ်တမ်းတွင် ပိုးကောင်ကြီးဆိုသူမှာ အဝလွန်နေသည့် လူတစ်ဦးသာဖြစ်သည်။ ထို့ကြောင့်လည်း လူအများက သူ့အား ပိုးကောင်ကြီးဟုသာ ခေါ်ဆိုခြင်းဖြစ်၏။
ပိုးကောင်ကြီးဆိုသည့်လူမှာ ရန်သူအဘိုးကြီး၏ စကားကိုကြားချိန် မကျေမချမ်းဖြင့် ခေါင်းကိုမော့လိုက်ပြီး-
“ဧကရာဇ်ခန်းမက လူတွေအကုန်လုံးက ညီအစ်ကိုတွေပဲ ကျုပ်တို့အားလုံးက ဧကရာဇ်တွေချည်းပဲ . . .”
“ဒါကိုတောင် ခင်ဗျားတို့က ဒီကိုလာပြီး ရှုပ်ရှုပ်ယှက်ယှက် လာလုပ်နေတယ်၊ ကျုပ်တို့ရဲ့နေရာကို လာပြီး ကျူးကျော်နေကြတာ အဲဒါကြောင့် ခင်ဗျားတို့တွေအားလုံးကို သေခြင်းတရားနဲ့ အပြစ်ပေးရမယ် . . .”
ထိုစကားကြားချိန် မီးခိုးရောင်နေကာဓားဂိုဏ်းမှ လူများမှာ ဒေါသအကြီးအကျယ်ပင် ထွက်သွားကြသည်။ အချို့ဆိုလျှင် ဒေါသစိတ်ကြောင့် ကတုန်ကယင်ပင် ဖြစ်သွားကြ၏။
(ဧကရာဇ်ခန်းမလို့ နာမည်ပေးတာ ပေးတာပေါ့ ဒါပေမယ့် တော်တော်ကို ရူးမိုက်တာပဲ၊ ဒီလိုနာမည်ပေးရုံနဲ့ သူတို့ကိုယ်သူတို့ ဧကရာဇ်လို့ ထင်နေတယ်ပေါ့ . . .)
(မင်းတို့အားလုံးက ကမ္ဘာပေါ်က ဧကရာဇ်တွေပေါ့ ဟုတ်လား၊ တော်တော်ကို မယုံနိုင်ဖို့ကောင်းပြီး တုံးအ တဲ့ကောင်တွေ . . .)
(ငါတို့က ပြစ်မှုကျူးလွန်တယ်ပေါ့ ဟုတ်လား အဲဒီတော့ မင်းတို့ကောင်တွေ ဘာလုပ်နိုင်လို့လဲ . . .)
(ငါတို့ကို သေခြင်းတရားနဲ့ အပြစ်ပေးမယ်ပေါ့ ဟုတ်လား လုပ်လိုက်လေ၊ သေရမှာက မင်းတို့သာ သေရမှာ ငါတို့တွေ မဟုတ်ဘူး . . .)
“မင်းတို့က အခွင့်အရေးပေးတာကို မလိုချင်မှတော့ ကောင်းပြီလေ၊ မင်းတို့ကို သေတွင်းပို့ပေးရတာပေါ့ . . .”
ထိုစကားအဆုံးတွင် အဘိုးကြီး၏မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားပြီး သူ၏ သတ်ဖြတ်လိုသော ချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။
ထို့အတူ မီးခိုးရောင်နေကာဓားဂိုဏ်းမှ မူလနတ်ဘုရားအဆင့်ရှိသော သက်ကြီးပညာရှင် ၂ ဦးမှာလည်း ၎င်း တို့၏ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။
ဒူချင်းကွမ်နှင့် ပိုးကောင်ကြီးတို့မှာ အတွေ့အကြုံရင့်ကျက်သူများပီပီ သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ် ထားနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ ထို့ပြင် လက်ရှိအချိန်တွင် သူတို့နှစ်ဦးမှာ တံခါးစောင့်အဖြစ်ရှိနေကြ၍ တစ်ဖက် ရန်သူများမှာ ၎င်းတို့ကို အင်အားကြီး ပညာရှင်များဟု မထင်မှတ်ထားကြပေ။
ထိုအချက်များကြောင့်လည်း မူလနတ်သမီးအဆင့် ပညာရှင်က မထီမဲ့မြင်ပြုကာ ကနဦး တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။ ထိုမဆင်မခြင်ပြုမှုကြောင့်လည်း ထိုလူငယ်မှာ သေဆုံးသွားခဲ့ရလေသည်။
သို့သော် ဒူချင်းကွမ်၏ခြေကန်ချက်က သူ၏စွမ်းအင်အစစ်အမှန်ကို ထုတ်ဖော်ပြသလို ဖြစ်သွားခဲ့ရသည်။
တကယ်တမ်းတွင် မူလနတ်ဘုရားအဆင့်နှစ် ပညာရှင်တစ်ဦးမှာ အားနည်းသည်ဟု မဆိုနိုင်သည့်တိုင် မီးခိုး ရောင်နေကာဓားဂိုဏ်းမှ လူများကို အနိုင်ယူနိုင်လောက်သည်အထိတော့ အင်အားမကြီးသေးချေ။
ယခင်က ချူလျူမှာလည်း မူလနတ်ဘုရားအဆင့်လေး ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့်တိုင် ထိုဂိုဏ်းအား အနိုင်မယူနိုင်ဘဲ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ယခုအခါတွင်လည်း မီးခိုးရောင်နေကာဓားဂိုဏ်းမှ လူများမှာ ဒူချင်းကွမ်နှင့် ပိုးကောင်ကြီးတို့၏ အဆင့်ကို သိသွားပြီဖြစ်၍ ပိုမို၍ အင်အားကြီးသော လူနှစ်ဦးကို တိုက်ခိုက်ရန် စေလွှတ်လိုက်ကြလေသည်။
သို့သော် ဒူချင်းကွမ်နှင့် ပိုးကောင်ကြီးတို့မှာမူ ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ရယ်မော၍သာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြ၏။ နှစ်ဦးသားမှာ အတွေ့အကြုံ ရင့်ကျက်သည့် တစ်ကိုယ်တော် ပညာရှင်များပင် မဟုတ်ပါ လား။
တကယ်တမ်းတွင် ထိုကဲ့သို့သော တစ်ကိုယ်တော် ပညာရှင်များမှာ အခွင့်အရေးကိုစောင့်၍ အနိုင်ယူသည့် နေရာတွင် ကျွမ်းကျင်ကြသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ရန်သူ သက်ကြီးပညာရှင်နှစ်ဦးက အစွမ်းထက်သည်ကို သိကြသည့်တိုင် ဂရုမစိုက်ဘဲ အေးအေး လူလူဖြင့်သာ နေနေကြ၏။
တိုက်ပွဲတစ်ခုတွင် အင်အားဆိုသည်မှာ ခရာဖြစ်သော်လည်း တကယ်တမ်းတွင်မူ ထိုအရာက အနိုင်အရှုံးကို အဆုံးမဖြတ် မပေးနိုင်သေးချေ။ အင်အားဆိုသည့်အရာထက် နက်နဲသည့်အရာများ ရှိနေသေးသည် မဟုတ်ပါလား။
ထိုသို့ဖြင့် နှစ်ဖက်လုံးမှ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည့်အချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ် လာခဲ့၏။
“ရပ်စမ်း . . .”
ထိုအသံနှင့်အတူ ပိန်ပိန်ပါးပါး လူတစ်ဦး ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။
ထို့နောက် ထိုလူက ရန်သူများအား ကြည့်လိုက်ပြီး -
“ဧကရာဇ်ခန်းမထဲမှာ ပြဿနာရှာချင်တယ်ဆိုရင် ငါ့ခွင့်ပြုချက်တောင်းဖို့လိုတယ်ကွ . . .”
ထိုသို့ ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သောလူမှာ ဘူရှန်းဖန်ပင်ဖြစ်၏။
တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ အရိပ်တစ်ခုမှာလည်း လျင်မြန်စွာဖြင့်ပင် အနီးသို့ တိုးကပ်လာလေ သည်။ ထိုလူကား မန်ယုဂျန်ပင်ဖြစ်၏။
မန်ယုဂျန်က သန်မာထွားကြိုင်သော လူတစ်ဦးဖြစ်၍ အမြင်နှင့်ပင် မြင်သူတိုင်းကို တုန်လှုပ်စေနိုင်စွမ်းရှိနေ သည်။ ယခုအခါ ပခုံးထက်တွင် ပေ ၁၀၀ ရှည်သော သံမဏိဝိညာဉ်သစ်သား ရက်မကြီးကိုပါထမ်း၍ လျှောက်လှမ်း လာနေသဖြင့် အမှန်တကယ်ကိုပင် အရှိန်အဝါအပြည့်ဖြင့် ဖြစ်နေ၏။
သူ့စိတ်ထဲ ယခုရက်မကြီးနှင့်သာဆိုပါက ရန်သူများကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်နိုင်မည်ဟု တွေးခဲ့ မိ၍ ထမ်းလာခဲ့ခြင်းပါပင်။
မန်ယုဂျန်၏ မိန်းမဖြစ်သူမှာမူ လေအဟုန်ပမာ ထွက်ခွာသွားသော ယောက်ျားဖြစ်သူကို တားဆီးလိုက်နိုင် ချိန် မရှိခဲ့ချေ။ ထို့ကြောင့် သူမကိုယ်တိုင်လည်း နောက်မှ အလောတကြီး လိုက်ပါသွားလေသည်။
တကယ်တမ်းတွင် သူမ ထိုကဲ့သို့ လိုက်သွားသည်မှာ ယောက်ျားဖြစ်သူမှ ရန်သူများကို သတ်ဖြတ်မည်စိုး၍ မဟုတ်ပေ။ စင်စစ် အိမ်ဆောက်ရာတွင် အသုံးပြုမည့် ရက်မကြီးအား အသုံးမပြုစေလိုသောကြောင့်ဖြစ်၏။
အကယ်၍ သတ်ဖြတ်မှုများသာ ဖြစ်သွားပါက ၎င်းတို့၏ ရက်မကြီး သွေးစွန်းသွားနိုင်သည် မဟုတ်ပါလား။
(ဒါနဲ့ရိုက်သတ်လို့တော့ ရပါတယ် ဒါပေမယ့် ကိုယ့်ရဲ့အိမ်ခေါင်မိုးမှာ သွေးစွန်းလို့တော့ မကောင်းဘူးမလား)
(ငါတို့က ဒီအိမ်ထဲမှာ နေကြမှာလေ တကယ်လို့ သွေးသာစွန်းသွားရင် ဘယ်လိုလုပ်မလဲ . . .)
(မဖြစ်ဘူး . . . မဖြစ်ဘူး ဒါကတော်တော်ကို ရူးမိုက်တဲ့အရာဖြစ်သွားလိမ့်မယ် . . .)
“ဒီလူတွေက ဘယ်သူတွေလဲ ဘာလို့ ဒီမှာ ကြီးကြီးကျယ်ကျယ်တွေ လာလုပ်နေတာလဲ . . .”
မန်ယုဂျန်မှ ရက်မကြီးကိုထမ်းလျက်သားဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
သူ့အဖို့ ထိုလူများက နားမလည်နိုင်စရာ အနေအထားပင် ဖြစ်နေသည် မဟုတ်ပါလား။
(ဒီလူတွေက ဘာတွေလဲ ဒီလိုအသုံးမကျတဲ့ မလောက်လေး မလောက်စားတွေက ငါတို့ ဧကရာဇ်ခန်းမကို တိုက်ခိုက်ဖို့ ကြိုးစားနေတယ်ပေါ့၊ ဒီကောင်တွေကြည့်ရတာ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် . . .)
ထိုအချိန် ရန်သူများမှာ ၎င်းတို့၏ အင်အားအစစ်အမှန်များကို ထုတ်ဖော်ပြသပြီးနှင့်နေပြီဖြစ်သည်။ ၎င်းတို့ အဖို့ ဒူချင်းကွမ်၏ စော်ကားမှုကို ခံခဲ့ရသောကြောင့်ပင် မဟုတ်ပါလား။
သို့သော် မည်သို့ပင်ဖြစ်စေကာမူ မန်ယုဂျန်က ရန်သူများ၏ ကျင့်ကြံမှုအဆင့်များကို ကောင်းစွာ သိမြင်နိုင် သည်အထိ အင်အားကြီးသူတစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် ထိုလူများထဲအနက် ဆံပင်ဖြူအဘိုးကြီးသာလျှင် အစွမ်းထက်ဆုံးဖြစ်ကြောင်း သိနေလေသည်။ သို့သော် ထိုအဘိုးကြီး၏အဆင့်က မူလသူတော်စင်တစ်သာလျှင် ရှိသေး၏။ တစ်နည်းအားဖြင့် အဆင့်နှစ်သို့ရောက် ခါနီး လူတစ်ဦးဟုပင် ဆိုနိုင်သည်။
အခြားလူများမှာမူ မူလနတ်ဘုရားအဆင့်ရှစ်ထက် မကျော်ကြချေ။ အချို့ဆိုလျှင် အဆင့်ခုနှစ်၊ အဆင့် ခြောက်နှင့် အများစုမှာ အဆင့်သုံး၊ အဆင့်လေးများသာ ဖြစ်ကြသည်။ ကျန်လူများအားလုံးမှာမူ မူလနတ်သမီး အဆင့်များသာ ဖြစ်ကြ၏။ ထိုအထဲတွင် မူလနတ်သမီးအဆင့်တစ်နှင့် အဆင့်နှစ်များပင် ပါကြပါသေးသည်။
ထို့ကြောင့် ထိုအဆင့်များလောက်နှင့် ဧကရာဇ်ခန်းမအား လာရောက်စော်ကားဝံ့သည်မှာ အလွန်ရဲတင်းလှ သည်ဟုပင် ဆိုနိုင်သည်။ မန်ယုဂျန်ပင် နားမလည်နိုင်ဖြစ်နေသည် မဟုတ်ပါလား။
(ဘာလဲ . . . ဒီလူတွေက ဧကရာဇ်ခန်းမရဲ့ဖွင့်ပွဲကိုလာပြီး ဂုဏ်ပြုကြတာလား . . .)
(ငါတို့က ဒီမှာ မူလနတ်ဘုရားအဆင့် ပညာရှင် ၄၀၀ ကျော်လောက်ရှိနေတာ၊ သူတို့ထဲက အများစုကဖြင့် မူလနတ်ဘုရားအဆင့်ရှစ်ထက်တွေ ဒါပေမယ့် အဆင့်လေး၊ အဆင့်ငါးတွေတော့ အများကြီး ရှိကြတယ်ပေါ့လေ၊ အားအနည်းဆုံးက မူလနတ်ဘုရားအဆင့်တစ်တော့ ရှိကြတာပဲ၊ ငါ့မိန်းမ၊ ဘူရှန်းဖန်နဲ့ ငါဆိုရင် မူလသူတော်စင် အဆင့်နှစ်တောင် ရောက်နေကြပြီ . . .)
(ဧကရာဇ်ခန်းမမှာ အားလုံးက မူလနတ်ဘုရားအဆင့်ပညာရှင်တွေချည်းပဲ၊ ငါတို့ရဲ့သခင်လေးကလွဲလို့ပေါ့)
မန်ယုဂျန်တစ်ယောက် ရန်သူများကိုကြည့်ရင်း နားမလည်နိုင်ဟန်ဖြင့် တွေးနေမိပါတော့သည်။
![](https://img.wattpad.com/cover/350267301-288-k402189.jpg)
YOU ARE READING