အခန်း (၁၈၄၁)(စာစဉ် ၁၄၇- အပိုင်း ၆)
“ရေခဲနှလုံးသားမင်းသမီး”
ခရမ်းရောင်နဂါးဘုရင်နှင့် ဖီးနစ်ဘုရင်မတို့မှာ ဖန်သားကောင်းကင်သို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်၏။
ဖန်သားကောင်းကင်ဘုရင်လည်း မျိုးနွယ်စုနှစ်ခုမှ ဘုရင်နှစ်ပါး အဘယ့်ကြောင့် ပျာသလဲလဲဖြစ်နေသည်ကို သိလို၍ နှစ်ယောက်လုံးကို ဆင့်ခေါ်လိုက်လေသည်။
ထိုသို့ ဘုရင်နှစ်ပါးကို အကျိုးအကြောင်း မေးမြန်းသည့်အချိန် ရေခဲနှလုံးသားဖြစ်သည့် ဖန်သားကောင်းကင် ဘုရင်၏ အငယ်ဆုံးသမီးလည်း ဘေးနားတွင်ရှိနေခဲ့၏။ သူမမှာ ဖန်သားကောင်းကင်သို့ ပြန်လည်ရောက်ရှိလာသည် မှာ နှစ်အနည်းငယ်သာလျှင်ရှိသေးသည်။
ထိုရေခဲနှလုံးသားဆိုသည့် မင်းသမီးမှာ အများအမြင်တွင် မင်းသမီးတစ်ပါးဆိုခြင်းထက် ဘုရင်မတစ်ပါးနှင့် ပင် တူနေသေး၏။ ထို့ပြင် သူမ၏ ရေခဲချီဓာတ်များမှာလည်း မြင်တွေ့ရသူတိုင်းအား အေးခဲသွားလုစေမတတ်ပင် သက်ရောက်မှုကြီးလွန်းလှလေသည်။
ထိုမျှမက သူ၏စကားပြောပုံမဆိုထားနှင့် သူမ၏ဟန်ပန်အနေအထားက တွေ့မြင်ရသူတိုင်းအား ကျောချမ်း သွားစေသည်အထိ ဟိတ်ဟန်အပြည့်ပင်ရှိနေပြန်သည်။ ထို့ကြောင့် ထိုကဲ့သို့ အေးစက်မာကြောလှသည့် ဘုရင်၏ သမီးဖြစ်သူကို ချွေးမတော်ချင်သူတိုင်းက လက်လျှော့သွားကြ၏။
ရေခဲတမျှ အေးစက်လှသော ချွေးမဖြစ်သူနှင့် မည်သည့်ယောက္ခမက အတူတူနေနိုင်ပါမည်နည်း။ သို့သော် လူကြီးများ၏အမြင်နှင့် လူငယ်များ၏အမြင်မှာမူ ကွဲပြားခြားနားလျက်ရှိနေသည်။
မင်းသမီးက ထီမထင်ဟန်ဖြင့် မည်သူ့ကို ဂရုမစိုက် အေးစက်သည့် ပုံစံမျိုးဖြစ်လေလေ ငယ်ရွယ်သူ မင်းညီ မင်းသားများက မင်းသမီးရဲ့အလှတွင် ပို၍နစ်မြောလေလေပင် ဖြစ်နေကြရသည်။ ရေခဲနှလုံးသား မင်းသမီးက ဖန်သားကောင်းကင်တွင် အလှပဆုံးကျော်ကြားသည့် မင်းသမီးတစ်ပါးပင် မဟုတ်ပါလား။
သူမ၏မျက်နှာ၊ ခန္ဓာကိုယ်နှင့် ဂုဏ်အရှိန်အဝါများအားလုံးမှာ မည်သို့မှ အခြားလူများနှင့်နှိုင်းယှဉ်၍ မရခြင်း ဖြစ်သည်။ ထို့ကြောင့် ဖန်သားကောင်းကင်၏ လူငယ်လူရွယ်များမှာ မင်းသမီးအား အသေရရ အရှင်ရရ၊ ကောက် ကောက်ပါအောင် လိုက်ကြတော့၏။
မည်မျှထိဆိုလျှင် လူငယ် ၈၀ ရာခိုင်နှုန်းခန့်မှာ သူမ၏ အလှပိုက်ကွန်ထဲတွင် ရုန်းမထွက်နိုင်အောင် ငြိတွယ် နေကြခြင်းဖြစ်သည်။ အချို့ဆိုလျှင် သူတို့၏ ဇနီးများ၊ ကိုယ်လုပ်တော်များကိုပင် ပစ်ပယ်ကာ မင်းသမီးလေး၏ အာရုံစူးစိုက်မှုရရှိအောင် ကြိုးစားနေကြ၏။
ထိုသို့ဖြင့် တစ်နေ့ထက်တစ်နေ့ အခြေအနေများမှာ ပိုမို၍ ဆိုးရွားလာခဲ့လေသည်။ မင်းသမီးလေးအတွက် ယှဉ်ပြိုင်တိုက်ခိုက်သည့် ရန်ပွဲများပင် ရှိလာခဲ့ပြီ မဟုတ်ပါလား။
သို့သော် နဂါးဘုရင်နှင့် ဖီးနစ်ဘုရင်မတို့မှာမူ ထိုကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှပင် စိတ်မဝင်စားကြချေ။
(ဟမ့် . . . အသုံးမဝင်တဲ့လူတွေ၊ သူတို့က အင်အားဆိုတဲ့ အဓိပ္ပာယ်ကိုရော သိကြရဲ့လား . . .)
(ဒီထဲက တစ်ယောက်ယောက်ကသာ မင်းသမီးနဲ့လက်ထပ်ပြီး ကောင်းကင်ဘုရင်ရဲ့ အရေးပေးမှုကိုရမယ် ဆိုရင်တောင် ဖန်သားကောင်းကင်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့အတွက် နှစ်ပေါင်းထောင်သောင်းချီပြီး ကြိုးစားရဦးမယ်၊ ဒါပေမယ့် ဘယ်လိုပဲ မင်းသမီးနဲ့လက်ထပ်လက်ထပ် အဲဒီလူက ငါတို့ရဲ့ လေးစားမှုကိုခံရမှာ မဟုတ်ဘူး . . .)
(ငါတို့ရဲ့ ကလေးကတော့ အများကြီး အင်အားကြီးလာမှာ၊ နှစ်ပေါင်း ၈၀၀ ဒါမှမဟုတ် နှစ်ပေါင်း ၁၀၀၀ လောက်အတွင်းမှာ ငါတို့ကလေးက ကမ္ဘာကြီးပေါ်မှာ အစွမ်းထက်ဆုံးဖြစ်လာလိမ့်မယ်၊ ငါတို့ရဲ့ ကလေးက ကမ္ဘာ ကြီးရဲ့ အနှိုင်းမဲ့ပညာရှင်တစ်ဦး ဖြစ်ကိုဖြစ်လာမှာ . . .)
ဖန်သားကောင်းကင်ဘုရင်က မေးခွန်းများ မေးမြန်းနေသည့်အချိန် ရေခဲနှလုံးသား မင်းသမီးမှာ သူမ၏ လက်ထဲရှိ တောင်ဝှေးနှင့်ဆော့ကစားလျက်ရှိ၏။
ဘုရင်နှစ်ပါးမှာ ဖန်သားကောင်းကင်ဘုရင် မေးမြန်းသမျှကို အိတ်သွန်ဖာမှောက် ပြောပြခြင်းမရှိသည့်တိုင် ပြောခဲ့သည့် အရာများမှာမူ လိမ်လည်သည့်အရာများ မဟုတ်ချေ။ စင်စစ် အရေးမပါသော အမှန်တရား တစ်စိတ် တစ်ဒေသလောက်ကိုသာ ပြောပြခဲ့ခြင်းဖြစ်၏။
တကယ်တမ်းတွင် နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်စုတို့၌ အနှိုင်းမဲ့ပညာရှင်များ ပေါ်ပေါ်လာခြင်းက သားရဲ မျိုးနွယ်စုများအတွက် ကောင်းသောအရာတစ်ခုပင်ဖြစ်သည်။ ဖန်သားကောင်းကင်ဘုရင်ဆိုသည်မှာလည်း သားရဲ မျိုးနွယ်စုကပင် မဟုတ်ပါလား။
သို့သော် နဂါးနှင့်ဖီးနစ်တို့မှာ ကောင်းကင်ဘုရင်ကို မည်မျှပင် လေးစားပါစေ ၎င်းတို့၏အကြောင်းအရာများ ကို လျှို့ဝှက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် နဂါးနှင့်ဖီးနစ်တို့က ၎င်းတို့ ကြုံတွေ့ခဲ့ရသမျှကို ခြုံငုံပြောပြနေချိန် ချန်ရစ်ထား၍မရသည့် ရဲရှောင် အကြောင်းကိုပါ ပြောပြခဲ့ရ၏။ ထိုအခိုက်အတန့်တွင် တစ်လျှောက်လုံး စိတ်မပါသည့် ပုံစံမျိုးဖြင့်ရှိခဲ့သော ရေခဲ မင်းသမီးမှာ ခေါင်းထောင်၍ စိတ်ဝင်စားဟန်ပြုလာခဲ့သည်။
ဘုရင်နှစ်ပါးက ရဲရှောင်၏ အရည်အချင်းနှင့်ပတ်သက်၍ ချီးမွှမ်းနေကြသည့်အချိန်တွင်မူ မင်းသမီးလက်ထဲရှိ တောင်ဝှေးပင် ပြုတ်ကျသွားခဲ့၏။ ထို့ကြောင့် မာကြောလှသော ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် တော်ဝင်နန်းတော်၏ ကြမ်းပြင်နှင့်ထိတွေ့ချိန်တွင် အဆိုပါ ကျောက်စိမ်းတောင်ဝှေးမှာ ကွဲကြေသွားတော့သည်။
“ငါ့သမီးက ဘာဖြစ်တာလဲ . . .”
ကောင်းကင်ဘုရင်မှ ရုတ်တရက် မတ်တပ်ထရပ်ရင်း ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်၏။
ထိုစိုးရိမ်မှုအပြည့်ပါဝင်နေသည့် အသံကြောင့် နဂါးဘုရင်ပင် စိတ်ထဲ အထင်သေးသွားသည်။
မင်းသမီးမှ ဖြူရော်ရော် မျက်နှာထားဖြင့် -
“ဘာ . . . ဘာဖြစ်လို့လဲ မသိဘူး၊ ကျွန်မ နေလို့သိပ်မကောင်းဘူး . . .”
“ကျွန်မ အနားယူဖို့လိုအပ်ပြီထင်တယ် . . .”
“ဒါပေါ့ . . . ဒါပေါ့ . . . ငါ့သမီးလေး နားဖို့လိုအပ်နေပြီ . . .”
“ဟေ့ . . . အစောင့်တွေလာကြစမ်း . . .”
ဖန်သားကောင်းကင်ဘုရင်က စိုးရိမ်တကြီးဖြင့် အစောင့်များကိုခေါ်စေလိုက်ပြီး သမီးဖြစ်သူကို တွဲခေါ်သွား စေလိုက်သည်။ ထို့နောက် သမားတော်များကိုပင် ပင့်ဖိတ်၍ စိတ်ချစေရန် စစ်ဆေးခိုင်းစေလိုက်ပြန်၏။
ဖန်သားကောင်းကင်ဘုရင်လည်း သမီးဖြစ်သူအတွက် အစစအရာရာ စီစဉ်ပြီးသည်နှင့် နဂါးဘုရင်တို့ဘက် လှည့်ကာ -
“ခရမ်းရောင်နဂါးဘုရင် . . . ခင်ဗျား ခုနကဘာပြောနေတာ . . . ကျုပ်ဖြင့် သတိတောင်မရတော့ဘူး . . .”
ထိုစကားကြောင့် နဂါးဘုရင်တစ်ယောက် အံ့ဩသွား၏။
(ဟမ် . . . အရင်က ဒီလိုမဟုတ်ပါဘူး၊ အခုကျ ဘယ်လိုဖြစ်ရတာလဲ . . .)
“ . . .”
နဂါးဘုရင်လည်း နဂိုက ရှင်းပြခဲ့သည့်အတိုင်း ထပ်မံ၍ ရှင်းပြလိုက်၏။
ထို့နောက်တွင် ဖန်သားကောင်းကင်ဘုရင်အား ရှင်းပြသင့်သည်များကို ရှင်းပြပြီးနောက် ခရမ်းရောင်နဂါး ဘုရင်နှင့် ဖီးနစ်ဘုရင်မတို့လည်း ပြန်လည်ထွက်ခွာသွားကြတော့သည်။
“ကောင်းကင်ဘုရင်က မင်းသမီးကို သိပ်ပြီးတော့ ဦးစားပေးလွန်းနေသလိုပဲ . . .”
မှန်ပေသည်။ ဘုရင်နှစ်ပါး၏ အမြင်မှာ မှားယွင်းနေခြင်းမရှိ၊ သွေးထွက်အောင် မှန်ကန်နေသည်။
နဂါးဘုရင်တို့ ပြန်မထွက်ခွာခင်မှာပင် ကောင်းကင်ဘုရင်က သမီးဖြစ်သူထံ အလျင်စလိုဖြင့် ထွက်ခွာသွား သည် မဟုတ်ပါလား။ သူ၏ သမီးအငယ်ဆုံးလေးအား အတော်လေးပင် ဂရုစိုက်သည့် ပုံပါပင်။
“အဖေ . . . ကျွန်မ အပြင်သွားချင်တယ် . . .”
“ကျွန်မ အပြင်ကို ထွက်ချင်တယ် . . .”
ရေခဲနှလုံးသား မင်းသမီးလေးမှ အဖေဖြစ်သူထံ ခွင့်တောင်းလိုက်၏။
ကောင်းကင်ဘုရင်မှာမူ သမီးဖြစ်သူ၏စကားကြောင့် အံ့ဩသွားလေသည်။
(ငါ့သမီးက ထွက်သွားမယ် ဟုတ်လား . . .)
သို့သော် အချစ်ရဆုံး သမီးဖြစ်သူ၏ဆန္ဒကို သူ့အဖို့ မလွန်ဆန်နိုင်၊ လိုက်လျောရမည်သာဖြစ်၏။ ထို့ပြင် သမီးဖြစ်သူ လုံခြုံရေးအတွက်လည်း စီမံပေးရဦးပေမည်။
“အဖေ . . . ကျွန်မ သိုင်းလောကကြီးရဲ့ အငွေ့အသက်ကို ကိုယ်တိုင်ကြုံတွေ့ချင်သေးတယ် ဒါပေမယ့် ကျွန်မက မင်းသမီးဆိုတာကို တခြားဘယ်သူ့ကိုမှ မသိစေချင်ဘူး . . .”
မင်းသမီးမှ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။
ကောင်းကင်ဘုရင်လည်း သမီးဖြစ်သူ၏ဆန္ဒကို ငြင်းဆန်ချင်သည့်တိုင် တောင်းပန်သည့် မျက်ဝန်းများဖြင့် သူ့အားကြည့်နေသည့် သမီးဖြစ်သူ၏ မျက်လုံးများကို လွန်ဆန်နိုင်ခြင်းမရှိချေ။
“အဖေ . . . ခွင့်ပြုပေးပါ၊ ကျွန်မ ပြန်ရောက်ပြီးကတည်းက အဖေနဲ့အတူတူနေပြီး ကျင့်ကြံမှုပဲလုပ်ခဲ့ရတာ၊ အခုဆိုရင် ကျွန်မက အင်အားကြီးတဲ့လူတစ်ယောက် ဖြစ်နေပါပြီ ဒါပေမယ့် အပြင်ကမ္ဘာရဲ့ အတွေ့အကြုံတွေ လိုအပ်နေသေးတယ် . . .”
မင်းသမီးက အဖေဖြစ်သူအား တောင်းပန်တိုးလျှိုးသည့် အသံလေးဖြင့် ပြောလိုက်၏။
ကောင်းကင်ဘုရင်လည်း ဘေးနားရှိ မိန်းမဖြစ်သူ ဘုရင်မကို လှမ်းကြည့်လိုက်သည့်အချိန်တွင်မူ စိတ်ထဲ ထိတ်လန့်သွားမိသည်။
(ငါ့သမီးက အဖေကို ညင်ညင်သာသာပြောနေတာ၊ ငါကလက်မခံတော့လို့ ရပါတော့မလား . . .)
(ဒါပေမယ့် သူ့အမေကရော ဒါကိုကြည်ဖြူပါ့မလား၊ ငါခေါင်းညိတ်ပေးလိုက်ရမလား ဒါမှမဟုတ် ခေါင်းခါ လိုက်ရမှာလား၊ ငါဘယ်လိုလုပ်ရမလဲ . . .)
(သိုင်းလောကကြီးက အန္တရာယ်များလွန်းတယ် သိပ်ကို အန္တရာယ်များလွန်းတယ် . . .)
သို့သော် သမီးဖြစ်သူက တရစပ်ပင် တောင်းပန်သည့်အသံဖြင့် ပြောနေ၍ သမီး၏စိတ်ခံစားချက်ကို နာကျင် အောင် မလုပ်နိုင်တော့ပေ။
“အနည်းဆုံးတော့ အဖေက သမီးအတွက် အကောင်းဆုံးလူတွေကို ထည့်ပေးရမှာပေါ့ . . .”
အဖေဖြစ်သူ၏ စကားကြောင့် မင်းသမီးမှာ အလွန်ပင် ပျော်ရွှင်သွားလေသည်။ သို့သော် ဘုရင်မဖြစ်သူမှာမူ မကျေမနပ်ဖြင့် ဒေါသများ ထွက်နေ၏။
ဖန်သားကောင်းကင်ဘုရင်မှာလည်း မိန်းမနှင့်သမီးဖြစ်သူကြား ဆက်မနေဝံ့တော့၍ ထိုနေရာမှ ချက်ချင်းပင် ရေးကြီးသုတ်ပျာဖြင့် ထွက်ခွာသွားပါတော့သည်။
YOU ARE READING