အခန်း (၁၇၅၁)(စာစဉ် ၁၃၈- အပိုင်း ၁၃)
“ရဲစစ်သည်တော်များ လိုက်လံခြင်း”
(ငါကသိပ်အားနည်းနေသေးတယ် . . . ငါသာဒီလူတွေကို ရင်ဆိုင်နိုင်လောက်တဲ့ထိ အင်အားကြီးမယ်ဆို အခုလို ထွက်ပြေးနေရမှာ မဟုတ်ဘူး၊ ပြန်တိုက်ခိုက်နိုင်မှာပဲ၊ ဘယ်သူမှတောင် သေမှာမဟုတ်ဘူး . . .)
(အရင်ကထက် အများကြီး အင်အားကြီးလာတယ်ဆိုပေမယ့် အားနည်းလွန်းနေသေးတယ်၊ ငါဒီထက်ပိုပြီး အင်အားကြီးမှ ဖြစ်မယ် . . .)
(အင်အားကြီးမှ ငါချစ်တဲ့လူတွေကို ကာကွယ်နိုင်မှာ . . .)
. . .
ထိုသို့ တွေးတောနေရင်း အင်အားကြီးချင်သည့် စိတ်များမှာ ပိုမို၍ ကြီးထွားလာလေသည်။ သူအင်အားကြီး မှသာလျှင် သူ့မိတ်ဆွေများ မိသားစုဝင်များကို လုံခြုံအောင် ထားနိုင်မည် မဟုတ်ပါလား။
အန္တရာယ်များ ကင်းရှင်းသွားပြီဖြစ်ပြီး ကောင်းကင်ထက်ကလူ၏ ခရီးစဉ်မှာလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ရဲရှောင်လည်း ဧကရာဇ်ခန်းမသို့ ပြန်ရန်အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။ ကျားယူနစ်နှင့် နဂါးယူနစ်တို့၏ စကားအရ ယူနစ် ၁၂ ခုလုံးမှာ များစွာတိုးတက်မှု ရှိနေပြီဖြစ်ကြောင်း ရဲရှောင် သိရှိခဲ့သည်။
သတင်းကောင်းဟု ဆိုနိုင်သော်လည်း ရဲရှောင်အနေဖြင့် အကြောင်းရင်းကို ရှာဖွေဦးမည် ဖြစ်သည်။
“ကျုပ်တို့တွေအခု ဖရိုဖရဲမြို့တော်နဲ့ မိုင် ၃၀၀၀ တောင် မဝေးတော့ဘူး . . .”
ရဲရှောင် သက်ပြင်းချရင်း ပြောလိုက်သည်။
“ကျုပ်တို့ သည်းခံပြီး နေရမယ့် အချိန်မဟုတ်တော့ဘူး . . . ကျုပ်တို့ ဒေါသတွေ ဖွင့်ထုတ်ပစ်ဖို့ အချိန်ပဲ၊ ရဲယန်ဒွမ်ကိုလည်း အလျော့မပေးတော့ဘူး . . .”
ထိုအချိန် အရှေ့ဘက်၌ ဖုန်မှုန့်များ လွင့်ပျံလာသည်ကို တွေ့လိုက်ရသည်။ အရှေ့ဘက်တွင် တိုက်ပွဲတစ်ခု ဖြစ်နေဟန်ပါပင်။
ခဏအကြာတွင် လူ ၃ ယောက်အား လူရာချီမှ လိုက်နေသည်ကို တွေ့လိုက်ရသည်။ လူ ၃ ယောက်လုံးမှာ ဒဏ်ရာအပြင်းအထန် ရထားကြပြီး အသက်လု ပြေးလွှားနေကြခြင်းဖြစ်၏။
“ဒီလူတွေက ဘယ်သူတွေလဲ . . .”
ရဲရှောင် ရေရွတ်လိုက်သည်။
“ဒီနေရာက မြို့နဲ့ သိပ်မဝေးတော့ပေမယ့် ဘာလို့ ဒီလိုဖြစ်နေရတာလဲ . . .”
ထိုလူများမှာ ဖရိဖရဲ မြို့တော်မှဖြစ်သဖြင့် ရဲရှောင် စဉ်းစားနေမိလေသည်။ အလိုက်ခံနေရသည့် လူ ၃ ယောက်မှာ အားအင်ကုန်ခန်းနေပြီ ဖြစ်သဖြင့် ကတုန်ကယင်ပင် ဖြစ်နေကြ၏။ ထို့ကြောင့် အသက်လု၍ ပြေးလွှား နေရသော်လည်း တဖြည်းဖြည်း နှေးသထက် နှေးကွေးလာလေသည်။
ထိုအခြေအနေအရ နောက်မှလူများ လိုက်မမီလျှင်ပင် သိပ်မကြာခင်၌ အားအင်ကုန်ခန်း၍ အသက်ဆုံးရှုံး ကြရတော့ပေမည်။
နောက်မှ လိုက်လာသော လူများမှာမူ ယုံကြည်ချက်အပြည့် ရှိနေကြ၏။ ထို့ကြောင့် ထိုမြင်ကွင်းက ကြွက်လေးများနှင့် ဆော့ကစားနေသည့် ကြောင်များနှင့်ပင် တူနေပါသေးသည်။
“ကျိုး . . . ဘာလို့များ အပင်ပန်းခံနေတာလဲ၊ ရပ်ပြီးတော့ အသေခံလိုက်တော့လေ . . .”
နောက်မှလိုက်နေသူတစ်ဦးမှ လှမ်းအော်လိုက်သည်။
“ဒီထိတောင် ရောက်နေပြီ၊ ဘာလို့များ ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံနေတာလဲ၊ ဒါကြီးက အဓိပ္ပါယ်မရှိဘူး လေ၊ မင်းကို ငါစိတ်ဓာတ်ကြံ့ခိုင်ပြီး ခေါင်းမာတဲ့လူတစ်ယောက်ဆိုပြီး လေးစားခဲ့မိတယ်၊ ဒါပေမယ့် အခုလိုကြီး သွေးကြောင်ပြီး ထွက်ပြေးမနေနဲ့ . . .”
ပြေးနေသော လူ ၃ ယောက်အနက် ကြံ့ခိုင်ဟန်ရှိသည့်လူမှာ သတိလစ်နေသော လူတစ်ဦးအား ထမ်း၍ ပြေးနေခြင်း ဖြစ်သည်။ ထိုသို့ အပြောခံလိုက်ရသည့်အချိန် ဒေါသတကြီး လေသံဖြင့် -
“အရေးမပါလိုက်တာ မင်းလို နောက်လိုက်ခွေးတစ်ကောင်များ မှတ်နေလား၊ မင်းက ကျေးဇူးမသိတတ်တဲ့ ဝက်လိုကောင်ပဲ၊ မင်းက ကျေးဇူးပြန်မဆပ်ရုံတင်မကဘူး မင်းကို ကယ်တင်ခဲ့တဲ့ လူကိုတောင် ပြန်သတ်ဖို့ ကြိုးစား နေသေးတယ်၊ မင်းကတကယ့်ကို အယုတ်တမာကောင်ပဲ . . .”
တစ်ဖက်လူမှ အေးစက်စက် ပြုံးလိုက်ရင်း -
“လုပ်စမ်းပါ နံပတ် ၅ ရာ . . . ဉာဏ်ရှိတဲ့ငှက်က မှန်ကန်တဲ့ ကိုင်းပေါ်ပဲ နားတတ်ကြတယ်၊ ငါက ဉာဏ်နည်းတဲ့အတွက်ကြောင့်တော့ အသေမခံဘူး၊ ငါ့သခင်ကလည်း မင်းအပေါ် ကြင်နာတာပဲ မဟုတ်လား၊ သူကလည်း ရဲမျိုးနွယ်စုကပဲလေ၊ ငါကဘယ်သူ့ကိုမှ သစ္စာဖောက်တာ မရှိဘူးနော် . . .”
ကျိုးဟု ခေါ်ခံရသည့်လူမှာ အလွန်ဒေါသထွက်သွားဟန်ဖြင့် -
“အရေးမပါလိုက်တာ . . . ရဲမျိုးနွယ်စုမှာ အမွေဆက်ခံသူဆိုတာ တစ်ယောက်ပဲ ရှိတယ်၊ ရဲချန်ချင်းဆိုတာ အဆင့်ကို မမီဘူး၊ သူ့ကိုယ်သူ မှန်ကန်တဲ့ အမွေဆက်ခံသူလို့ ယူဆတယ်ဆိုရင် သခင်လေး ရဲယန်ဒွမ်လို ဘာလို့ ဟန်ဆောင်ခဲ့သေးလဲ၊ သူက အရှက်မဲ့တယ်၊ သူများနေရာ ဝင်ယူနေတာပဲ . . .”
ကျိုး၏ဘေးမှလူလည်း -
“အစ်ကိုကြီး ကိုယ့်အားကိုယ် ချန်ထားပါ၊ ကျုပ်တို့ လွတ်မြောက်အောင်ပဲ အရင်အာရုံစိုက်ရမယ်၊ သူတို့ကို ပြောမနေနဲ့တော့၊ သူတို့က ကျုပ်တို့ နှေးသွားအောင် လုပ်နေတာ . . .”
ကျိုးမှ ဒေါသတကြီး လေသံဖြင့် -
“သူတို့ ဖြစ်စေချင်တာကို ငါသိတယ်၊ ဒါပေမယ့် ဒီလိုစကားလုံးတွေနဲ့ ငါတို့သခင်လေးကို အစော်ကား ခံရမှာလား . . .”
ပြောလိုက်သည့်လူမှာ အံ့ဩသွားပြီးနောက် -
“အစ်ကိုကြီး မြန်မြန်သွားပါ၊ ကျုပ်သူတို့ဖက်လှည့်ပြီး ရင်ဆိုင်ထားလိုက်မယ် . . .”
ကျိုးမှ ဒေါသတကြီး လေသံဖြင့် -
“မင်းက ငါ့ကိုကျသွားခိုင်းပြီး မင်းကတော့ နေခဲ့မယ်လို့ ပြောနေတာလား၊ ဒီလို သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုးကို ငါဘယ်တော့မှ လုပ်မှာမဟုတ်ဘူး . . .”
ကျိုး၏ဘေးရှိလူမှ စိုးရိမ်ဟန်ဖြင့် -
“ကျိုးဝု . . . သေလိုက်တော့၊ ငါတို့သခင်လေးက မင်းရဲ့ကျောပေါ်မှာလေ၊ သူ့ကိုပါ အသတ်ခံစေချင်နေတာ လား၊ နည်းနည်းပါးပါး ခေါင်းသုံးစမ်းပါဦး၊ သခင်လေးသာ ငါ့ကျောပေါ်မှာဆို မင်းကိုထားခဲ့ပြီး ငါရအောင် ထွက် သွားမှာ . . .”
ကျိုးဝုမှ -
“ဒါဆိုမင်းကဘာလို့ သခင်လေးကို မထမ်းတာလဲ၊ ဘာလို့ငါ့ကို ဒီလိုပြောရတာလဲ . . .”
ထိုစဉ် ရုတ်တရက် သူတို့ အရှေ့ဘက်ရှိ ရဲရှောင်တို့ကို လှမ်းမြင်လိုက်လေသည်။
“ကောင်းပြီ . . . ဟိုကောင်တွေက ငါတို့ရှေ့မှာလည်း ရှိနေပြီ၊ ငါတို့တွေ အသက်မရှင်နိုင်တော့ဘူး ဆိုမှတော့ အခု သူသေကိုယ်သေ တိုက်ကြတာပေါ့ . . .”
. . .
ရဲရှောင်မှာ ၎င်းတို့ အပြန်အလှန် ပြောဆိုနေသည်များကို ကြားခဲ့ရပြီး အဖြစ်အပျက်ကို အကြမ်းသိရှိနေပြီ ဖြစ်သည်။
ပြေးနေသော လူများမှာ ရဲမျိုးနွယ်စုမှဖြစ်ပြီး မျိုးနွယ်စုအတွက် အရေးပါသော လူများဖြစ်ဟန်ပါပင်။ နောက်မှလိုက်လာသော လူများမှာ ရဲစစ်သည်တော်များ အုပ်စုကပင် ဖြစ်၏။
“စိတ်ဝင်စားစရာပဲ . . . ပျော်စရာတော့ ကောင်းတော့မယ်၊ ခွေးတွေကြားက ရန်ပွဲက ကြည့်ကောင်းမှာပဲ”
ရဲရှောင် ပြုံးရင်း ပြောလိုက်၏။ ထို့နောက် လက်ကို ကာပြလိုက်ပြီး သူ့လူများကို ဟန့်တားလိုက်သည်။ ရဲရှောင်မှာ ရဲမျိုးနွယ်စုဝင်များနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်စပ်သူများကို အမြင်မကြည်လှချေ။
လွန်ခဲ့သော လအနည်းငယ်က ရဲရှောင် ဖရိုဖရဲမြို့တော်တွင်း ရှိခဲ့စဉ် အလွန်အားနည်းလွန်းခဲ့လေသည်။ ထို့ကြောင့် ရွှေကြာပန်း ၇ ပွင့်နှင့် ရဲစစ်သည်တော်များမှာ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိခဲ့၏။
သို့သော် လက်ရှိအချိန်တွင်မူ အခြေအနေချင်း မတူတော့ချေ။ ရဲရှောင်အဖို့ အရာအားလုံးကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီဖြစ်၏။ ထို့ကြောင့်လည်း ယုံကြည်ချက်အပြည့် ရှိနေလေသည်။
ထို့ပြင် ထိုလူများ မည်သူဖြစ်နေပါစေ ရဲရှောင်အဖို့ ကယ်တင်ပေးမည်သာ။ ရဲယန်ဒွမ်၏ လူများမှာ ထိုလူများ ကို သတ်ချင်နေသည် မဟုတ်ပါလား။ ယခင်က ရဲယန်ဒွမ်ကြောင့် ရဲရှောင်မှာ အလိုမကျမှု များစွာဖြစ်ခဲ့ရပြီး ယခုအခါ ထိုအခြေအနေများ အားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တော့ပေမည်။
ရဲရှောင်ဘာမျှမလုပ်ခင်မှာပင် တစ်ဖက်လူ ၃ ယောက်မှာ ရုတ်တရက် ပေ ၁၀၀ ကျော်လောက် အကွာသို့ ရောက်သည့်အချိန် ရပ်တန့်သွားကြသည်။ ကျိုးဝုမှ ဒေါသတကြီး လေသံဖြင့် -
“ခွေးမသားတွေ . . . မင်းတို့ကို ဒီနေ့ သတ်ပစ်မယ် . . .”
ထိုသို့ ပြောလိုက်ပြီးနောက် ကျိုးဝုလည်း အနက်ရောင်သွေးများ အန်ထွက်ကုန်ပါတော့သည် . . .။
YOU ARE READING