1476------1480

107 4 0
                                    

အခန်း (၁၄၇၆)(စာစဉ် ၁၁၂- အပိုင်း ၁၄)
“မဟာတာအိုရွှေ၏တန်ဖိုး”
ဘူရှန်းဖန်အဖို့ ဆရာရှောင်ကို ပွဲစကတည်းက လှောင်ပြောင်စော်ကားနေသည်ကို ကြည့်ရင်း လူတိုင်း၏ စိတ်ထဲ၌ ထူးဆန်းသလို ခံစားနေကြရလေသည်။
ဆရာရှောင်နှင့် ပတ်သက်၍ ဇာတ်လမ်းပေါင်းများစွာရှိပြီး အားလုံးမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးကဲ့သို့ ဆရာရှောင်ကို မှတ်ယူထားခဲ့ကြသည်။
ဆရာရှောင်သွားရာ လမ်းတစ်လျှောက် ပန်းများဖြင့် လမ်းခင်းစေခဲ့ပြီး အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားကြသည့် ယောကျာ်းလေး၊ မိန်းကလေးများစွာမှ ဆရာရှောင် လျှောက်မည့်လမ်းကို ဦးဆောင်၍ သွားလေ့ရှိသည်။
ဆရာရှောင်ကိုယ်တိုင်လည်း နှင်းကဲ့သို့ စွတ်စွတ်ဖြူသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားတစ်ပါး ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသလို လူတိုင်း ခံစားကြရသည်။
ဆရာရှောင် စင်မြင့်ထက်တွင် ဝါးပုလွေဖြင့် သံစဉ်များကို မတီးမှုတ်မီ အမွှေးတိုင်များ ထွန်းညှိ၍ ရေနွေးဖြင့် ရေချိုးလေ့ ရှိသည်။ ကမ္ဘာပေါ်ရှိ အညစ်အကြေးများအားလုံး သူ့ထံသို့ မသက်ရောက်စေရန် ရည်ရွယ် သလားပင် ထင်ရသည်။
ထိုကဲ့သို့ အရာများ ပြုလုပ်ပြီးနောက် ဆရာရှောင်သည် သူ၏ ဝါးပုလွေဖြင့် အကောင်းဆုံး သံစဉ်များကို တီးမှုတ်လေသည်။
ထိုကဲ့သို့ လှပသော သံစဉ်များကို တီးမှုတ်သည့်အခါတိုင်း ကမ္ဘာတစ်ခုလုံး အံ့ဩ တုန်လှုပ်ကြရသည်။
“ငှက်များအားလုံး ဖီးနစ်ဆီသို့” ဆိုသည့် သံစဉ်ကို တီးမှုတ်သည့်အချိန် မိုင်တစ်ထောင် ပတ်လည်လောက်ရှိ ကျေးငှက်များအားလုံးသည် ဆရာရှောင်ထံသို့ ပျံသန်းလာကြပြီး ဆရာရှောင်သည် တကယ့်ဖီးနစ်ငှက်တစ်ကောင်အလား ရှိနေလေ၏။ ငှက်များအားလုံးမှာလည်း ဆရာရှောင်ကို ဦးညွှတ်ကြ‌ လေသည်။
“မရပ်တန့်နိုင်သော အောင်မြင်မှု” ဆိုသည့် သံစဉ်ကို တီးမှုတ်သည့်အချိန် ပရိတ်သတ်အားလုံး ရင်သပ် ရှုမော ဖြစ်ခဲ့ကြရပြီး အထူးသဖြင့် အဆင့်အသစ်သို့ တက်ရန်အတွက် အခက်တွေ့နေကြသည့် လူများမှာ သူ၏ သံစဉ်ကို နားထောင်ပြီးနောက် တကယ်ကိုပင် အဆင့်တက်နိုင်သွားကြရသည်။
“အိပ်မက်ထဲမှ အိပ်မက်” ဟူသည့် သံစဉ်ကို တီးမှုတ်သည့် အခါတွင်လည်း . . .
ထိုသို့ဖြင့် ဆရာရှောင်သည် လျှို့ဝှက်ဆန်းကြယ်၍ လူတိုင်းကို အကူအညီ ဖြစ်စေသော ပုလွေပညာရှင် တစ်ဦးအဖြစ် ကျော်ကြားလာခဲ့လေသည်။
လူတိုင်း ဆရာရှောင်ကို အထင်ကြီးမိခဲ့ကြသည့် အချက်မှာ ဆရာရှောင်သည် အမြဲလိုလို တည်ကြည် ခန့်ညား၍ တွေ့မြင်ရသည့် လူတိုင်းအား စိတ်ကို ရွှင်လန်းစေသည့် ခံစားမှုမျိုးအား ပေးစွမ်းစေနိုင်လေသည်။
သို့သော်လည်း ယခုလေလံပွဲ၌ လူအများစု၏ စိတ်ထဲ တစ်မျိုးတစ်မည် ပြောင်းလဲ ခံစားမိလိုက်ကြသည်။
(ကြည့်ရတာ ဆရာရှောင်ကလည်း ငါတို့လို သူလိုကိုယ်လိုပါပဲလား၊ သူစော်ကားခံရတဲ့ အခါကျရင် စိတ်ရူးပေါက်ပြီး စိတ်တိုတတ်ပါလား . . . စိတ်ဓါတ်ကျတတ်တာပါပဲလား၊ သူလည်း သာမန်လူတွေလိုပဲ ခံစား တတ်တာပါလား . . .)
(သူ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ရဲ့ နောက်ကွယ်မှာ အကျည်းတန်တဲ့ အတွေးအခေါ်တွေ ရက်စက်တဲ့ အကြံအစည်တွေ ရှိနေတာပါလား။ သူကလူကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကလည်း တကယ်တော့ လုပ်ကြံဇာတ်လမ်း တစ်ပုဒ်ပါပဲလား . . .)
(တကယ်တော့ သူက အသက်မွေးဝမ်းကြောင်းအတွက် ဝါးပုလွေ မှုတ်ရတဲ့ သာမန်လူ တစ်ယောက်ပါပဲ)
(ဘူရှန်းဖန် ပြောသလိုပဲ ဆရာရှောင်ရဲ့ တီးလုံးသံစဉ်တွေ ဘယ်လောက်ပဲကောင်းကောင်း ငါတို့ နားထောင်နိုင်တဲ့ အခွင့်အရေးမျိုး မရှိတဲ့အတူတူ ငါတို့က ဘာကို ဂရုစိုက်နေရမှာလဲ . . .)
(အဆုံးမဲ့ပင်လယ်မှာ ဆရာရှောင်ရဲ့ သံစဉ်တွေကို ကြားဖူးတဲ့လူဆိုတာ ဘယ်သူများ ရှိနေလို့လဲ . . .)
(သူဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲ ပုလွေမှုတ်ကောင်းကောင်း၊ ဘယ်လောက်ပဲ ဩဇာရှိရှိ ချမ်းသာပြီး အင်အားကြီးတဲ့ လူတွေလောက်ကိုပဲ သူက ဂရုစိုက်တာ ငါတို့လို သာမန် ကျင့်ကြံမှုပညာရှင်တွေနဲ့ ဘာမှမဆိုင်ဘူး)
(ငါတို့ဘက်က သူ့ကို လေးစားမှုပေးပြီး ဆက်ဆံတော့ရော ငါတို့အတွက် ဘာတွေပြန်ရနိုင်မှာ မို့လို့လဲ)
(သေချာတယ် ဘာမှပြန်ရမှာ မဟုတ်ဘူး . . .)
(ငါတို့လက်နက်တွေကို တိုးတက်အောင် လုပ်စေနိုင်မဲ့ အခွင့်အရေးမျိုး ရှိရဲ့နဲ့ သူ့ပုလွေအတွက် ငါတို့က ဘာလို့များ ကူညီပေးရမှာလဲ . . .)
(ဒါကြီးက တော်တော်ကြီးကို ရူးမိုက်တဲ့ လုပ်ရပ်မျိုး ဖြစ်မှာပဲ . . .)
ထို့နောက်တွင် လူတိုင်း၏ စိတ်ထဲ၌ ဉာဏ်အလင်းပွင့်သလို ခံစားလိုက်ကြရသည်။ ထိုသို့ ဉာဏ်အလင်း ပွင့်သလို ခံစားရခြင်းက ဆရာရှောင်၏ ပုလွေသံကို ကြားရ၍ ဉာဏ်အလင်းပွင့်သည်ထက် ပို၍ သာလွန်သည် ဟုပင် စိတ်ထဲ၌ မှတ်ယူ မိသွားကြသည်။
ဘူရှန်းဖန် ပြောသည်မှာ မှန်ပေးသည်။ နားထောင်ရကောင်းလှသော လုပ်ကြံဇာတ်လမ်းများ၏ နောက်ကွယ်တွင် ဆရာရှောင်ဆိုသည်မှာ အသက်မွေးဝမ်းကြောင်းအတွက် ဝါးပုလွေမှုတ်ရသည့် သာမန်လူ တစ်ဦးသာလျှင် ဖြစ်ပေသည်။ သရုပ်ဆောင်တစ်ဦး ဖြစ်သည်ဟုလည်း ဆိုနိုင်လေ၏။
ဘူရှန်းဖန်သည် ဆရာရှောင်၏ ကြွယ်ဝမှုကိုလည်း မီးမောင်းထိုးပြ သွားခဲ့လေသည်။ ဝါးပုလွေဆရာ တစ်ယောက်အနေဖြင့် လေလံပွဲတစ်ပွဲ၌ ခရမ်းရောင်ဒင်္ဂါးပြား ၁ သိန်း ၈ သောင်းကျော် မည်သို့များ ဖြုန်းတီး နိုင်ပါသနည်း။ ဤသည်မှာ ဆရာရှောင်၏ ပိုင်ဆိုင်မှု အကုန်မဟုတ်သေးချေ။
ထို့အပြင် ဆရာရှောင်သည် စကြာဝဠာသံမဏိကို လိုအပ်နေသေးပြီး ထိုပစ္စည်းအတွက်လည်း လုံလောက် သည့် ငွေကြေးမျိုး သေချာပေါက်ကို ရှိနေပေလိမ့်မည်။ ထိုသို့ ငွေကြေးများစွာကို မည်သည့်နေရာမှ ရထားသည် ကို မည်သူမျှ မှန်းဆနိုင်လိမ့်မည် မဟုတ်ပေ။
ရှိနေကြသည့်လူများ မကျေမချမ်း ဖြစ်ရသည့် အကြောင်းရင်းတစ်ခု ရှိသေးသည်။ ဆရာရှောင်ဆိုသည့် လူအပေါ် ငွေကုန်ကြေးကျများစွာ၊ အချိန်များစွာ ပေးဆပ်ခဲ့သည့် လူများကို မကျေမနပ် ဖြစ်နေကြခြင်းပင် ဖြစ်ပေသည်။ ထိုလူများကြောင့်သာလျှင် ဆရာရှောင်သည် ကြွယ်ဝလာခဲ့ရသည် မဟုတ်ပါလား။
“လေလံပွဲကို ပြန်လည် စတင်ပါမယ်၊ ထပ်ပြီး လေလံဆွဲမဲ့ ပစ္စည်းကတော့ . . .”
လေလံပွဲတင်ဆက်သူသည် လေလံပွဲအကြောင်း ဆက်၍ ပြောဆိုလိုက်လေသည်။ တကယ်တမ်းတွင် သူသည် စိတ်အလိုမကျ ဖြစ်နေခြင်းပင် ဖြစ်၏။
ဆရာရှောင်နှင့် နှုတ်ဆက်ဓားသမားတို့ အချီအချ ပြောဆိုနေကြစဉ် သူ့အဖို့ ဝင်ရောက်ပြောဆိုနိုင်စွမ်း မရှိခဲ့ပေ။ အခြေအနေ ဖြစ်နေသည့်အချိန် သူဝင်ပြောနေရန်လည်း မလိုအပ်ချေ။
အများသိကြသလိုပင် လေလံပွဲ အစီအစဉ်တင်ဆက်သူ၏ အဓိကတာဝန်မှာ လေလံဆွဲကြသည့် ပရိတ်သတ်များအား သွေးဆူလာစေရန် ဆော်ဩလှုံ့ဆော်ပေးရခြင်းပင် ဖြစ်လေသည်။
ထိုသို့ လေလံဆွဲသူများအပေါ် အပြည့်အဝ လွှမ်းမိုးနိုင်စွမ်း ရှိမှသာလျှင် ဈေးမြင့်မြင့်ဖြင့် ရနိုင်မည် ဖြစ်လေသည်။
ယခုအကြိမ်တွင်မူ အစီအစဉ်တင်ဆက်သူအဖို့ စကားဝင်ပြောရန်ပင် အခွင့်အရေး မရခဲ့ပေ။ နှုတ်ဆက် ဓားသမားနှင့် ဆရာရှောင်တို့သည်သာလျှင် အပြန်အလှန် ပြောဆိုခဲ့ကြ၏။
တကယ်တမ်းတွင် အစီအစဉ် တင်ဆက်သူမှ လွှမ်းမိုးနိုင်စွမ်း မရှိသည့်တိုင် ပစ္စည်းတန်ဖိုးမှာ အဆမတန် ဈေးမြင့်ခဲ့လေသည်။ ကြေညာနေစရာ မလိုဘဲ ဈေးမြင့်မြင့်ဖြင့် ရောင်းချနိုင်လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့်ပင် အစီအစဉ် တင်ဆက်သူမှာ မကျေမချမ်း ဖြစ်လျက် ရှိနေလေသည်။
ထို့နောက် လေလံပွဲကို ပိုမို၍ အသက်ဝင်လာစေရန်အတွက် အစီအစဉ်တင်ဆက်သူသည် အသည်းအသန် ကို ကြိုးစားလေတော့သည်။ ရှားပါးသတ္တုများသာမက အခြားသော ပစ္စည်းများကိုပါ ဈေးမြင့်မြင့်ဖြင့် ရောင်းချ ပေးနိုင်အောင်၊ ပရိတ်သတ်များ သွေးဆူလာအောင် အစွမ်းကုန် ကြိုးစားခဲ့လေသည်။
တကယ်တမ်းတွင် လေလံဆွဲသူ အများစုမှာ နောက်ဆုံးကျန်ရစ်သည့် ရှားပါးသတ္တု ၃ ခုအတွက် ရောက်လာကြခြင်း ဖြစ်သည်။ အစီအစဉ်တင်ဆက်သူ၏ အားထုတ်မှုကြောင့် လေလံဆွဲကြသူများ အားလုံးမှာ စိတ်အားတက်ကြွစွာဖြင့် လေလံဆွဲလျက် ရှိကြသည်။
ကြယ်သံမဏိအား ခရမ်းရောင်ဒင်္ဂါးပြား ၆ သောင်းနှင့် ရောင်းချပေးနိုင်ခဲ့လေသည်။
ကြယ်သံမဏိသည် ရှားပါးသတ္တုများအနက် တန်ဖိုးအနည်းဆုံးဟု ဆိုနိုင်လေ၏။ သို့သော်လည်း ထိုမျှ လောက်ထိ ဈေးမြင့်မြင့် ရရှိခဲ့လေသည်။
မဟာတာအိုရွှေ ပေါ်လာသည့်အချိန် ပရိတ်သတ်များအားလုံးမှာ ရုတ်ရုတ်သဲသဲပင် ဖြစ်သွားကြသည်။
မဟာတာအိုရွှေနှင့် ဖရိုဖရဲငွေတို့သည် မူလနတ်ဘုရားအဆင့်နှင့်အထက် ပညာရှင်များသာ အသုံးပြု နိုင်သော ပစ္စည်းများ ဖြစ်ကြလေ၏။ တန်ဖိုးကြီးလှသော ရတနာများပင် ဖြစ်လေသည်။
လေလံလိုက်ဆွဲကြသူများမှာလည်း အနည်းငယ်သာ ရှိတော့၏။ အဘယ်ကြောင့်ဆိုသော် ထိုပစ္စည်း များသည် အဆင့်မြင့်ပညာရှင်များ အတွက်သာလျှင် အသုံးဝင်သည် မဟုတ်ပါလား။ သို့သော် ထိုသို့ လေလံ လိုက်ဆွဲကြသည့် လူများမှာလည်း မယုံနိုင်လောက်အောင်ကို ကြွယ်ဝချမ်းသာကြလေသည်။
ထိုပစ္စည်းများအား အဆင့်မြင့် ပညာရှင်များမှာ အသည်းအသန်ကို လိုချင်နေကြလေ၏။ ဈေးနှုန်းမှာ လည်း သာမန်အခြေအနေထက် များစွာခုန်တက်သွားပြီဖြစ်ကာ ပညာရှင်တိုင်းလိုလိုမှာ ရှိသမျှအကုန် ပုံအော၍ ပေးရန်လည်း ဝန်မလေးကြပုံပါပင်။ မဟာတာအိုရွှေကို ပိုင်ဆိုင်နိုင်ခြင်းအားဖြင့် အဆင့်တက်နိုင်ခြေများမည် မဟုတ်ပါလား။
အဆင့်တက်နိုင်ဖို့အတွက် မည်သည့်အရာကိုပဲ လုပ်ရပါစေ လုပ်ကြမည်ဖြစ်ပြီး အဆင့်တက်နိုင်ခြင်း အားဖြင့် သက်တမ်းကိုလည်း ရှည်အောင် ဆွဲဆန့်နိုင်ကြမည် မဟုတ်ပါလား။
သူတို့သာ မဟာတာအိုရွှေကို ရမည်ဆိုလျှင် ကျင့်ကြံမှုပိုင်း၌ ရှေ့တစ်လှမ်းတိုးနိုင်ကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
“၃ သိန်း ပေးမယ် . . .”
ဈေးနှု်နးမှာ အဆက်မပြတ်ကို မြင့်တက်လျက်ရှိပြီး မူလက ၂ သိန်းခွဲဖြင့် လေလံဆွဲနေကြရာမှ လေလံဆွဲသူ တစ်ဦးမှ ၅ သောင်း တိုးပေးလိုက်ခြင်းပင် ဖြစ်လေသည်။
“မဟာတာအိုရွှေဆိုတာ လွန်ခဲ့တဲ့ နှစ် ၅ ရာလောက်အတွင်း ဒီတစ်ခါပဲ ပေါ်လာဖူးသေးတယ်။ ဒီလောက် ရှားပါးပြီး တန်ဖိုးရှိတဲ့အရာကို မလိုချင်တဲ့လူများ ရှိပါ့မလား . . .”
ဈေးနှုန်းမှာ ၃ သန်းထိအောင် မြင့်တက်သွားပြီးဖြစ်ကာ ဆက်လက်၍လည်း မြင့်တက်နေတုန်းပင် ဖြစ်ပါတော့သည် . . .။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now