အခန်း (၁၈၆၁)(စာစဉ် ၁၄၈- အပိုင်း ၁၂)
“တစ်စုံတစ်ယောက်က သတ်ချင်နေတယ်”
ငှက်ကလေး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် အနီရောင်ပန်းမှာ ဒေါသထွက်လာ၏။
“ဟုတ်တယ် . . . ငါကအရှက်မရှိဘူး အဲဒီတော့ ဘာဖြစ်လဲ၊ မင်းပြောသလို ငါကအရှက်မရှိဘူး၊ သိက္ခာလည်း မရှိဘူး အဲဒီတော့ရော ဘာဖြစ်လဲ . . .”
“မင်းငါ့ကို ဘာလုပ်နိုင်လို့လဲ ငါကဒီကိုရောက်နေပြီလေ၊ မင်းငါ့ကို ကန်ထုတ်ပစ်လို့ရလို့လား၊ တော်တော်ကို အတင့်ရဲချင်နေတယ်ပေါ့ . . .”
ကပ်ကပ်လန် ပြန်ရန်တွေ့လိုက်သည့် အနီရောင်ပန်းကြောင့် ငှက်ကလေးမှာ ပါးစပ်အဟောင်းသားပင် ဖြစ် သွား၏။
“နောက်ဆုံးတော့ . . . သရုပ်မှန်ပေါ်လာပြီပေါ့၊ အရှက်မဲ့တဲ့ လူတွေက ဘာလို့ အမြဲနိုင်ရလဲဆိုတာကိုလည်း ငါသဘောပေါက်သွားပြီ၊ ငါကမင်းလိုအပင်မျိုးနဲ့ တစ်တန်းတည်း ထားခံရတာ ကိုယ့်ကိုယ်ကိုယ် ရှက်တောင် ရှက်မိတယ် . . .”
ငှက်ကလေးမှာ ထိုသို့ပြောပြီးနောက် သူ့နေရာသူသို့သာ ပျံသွားတော့၏။
အနီရောင်ပန်းမှာမူ သူ့ကိုယ်သူ ကျေနပ်နေမိလေသည်။
“ဟုတ်တယ် . . . အရှက်မဲ့တဲ့ လူတွေက အမြဲနိုင်ရတယ် ဒါပေမယ့် ငါကလူမှမဟုတ်တာ အဲဒီတော့ ငါလုံးဝ ဂရုမစိုက်ဘူး၊ လူတွေအတွက်သာ ဂုဏ်သိက္ခာက အရေးကြီးတာ ငါကလူမှမဟုတ်တာ ဘာလို့ ဂရုစိုက်နေရမှာလဲ၊ ဒီမှာနေရတာကိုပဲ ငါကျေနပ်နေပြီ ကျန်တာ ဘာမှဂရုမစိုက်ဘူး . . .”
ဟင်းလင်းပြင်ကြံမှာ အနီရောင်ပန်းအား မျက်စောင်းထိုးသာ ထိုးကြည့်လိုက်ပြီး ဘာမှမပြောတော့ချေ။
လက်ရှိအချိန်တွင် ငှက်ကလေးအနေဖြင့် ဘာပြောနိုင်ပါဦးမည်နည်း။ ၎င်းအဖို့ အနီရောင်ပန်းကို ဒေါသ အလျောက် ကန်ထုတ်ပစ်၍လည်း မရနိုင်ချေ။ ရဲရှောင်က အနီရောင်ပန်းကို လက်ခံလိုက်ပြီ မဟုတ်ပါလား။
ထို့ကြောင့် အနီရောင်ပန်းမှာ ယခုအချိန်တွင် သစ်သားဟင်းလင်းပြင်အတွင်း နေရာတစ်ခုကို အလျင်အမြန် အရယူနိုင်လိုက်၏။ စင်စစ် တစ်ခုက မြောက်ပိုင်းတွင် နေထိုင်၍ တစ်ခုက တောင်ပိုင်းတွင် နေထိုင်လိုက်ခြင်းဖြစ် သည်။
ငှက်ကလေးမှာမူ အရင်ရောက်နှင့်ပြီးသားဖြစ်၍ ပိုမိုကောင်းမွန်သည့်နေရာကို ယူထားသည်ဟု ဆိုနိုင်၏။ တစ်နည်းအားဖြင့် ဟင်းလင်းပြင်ကြီးနှင့် အနီးစပ်ဆုံးနေရာတွင် ရှိနေသည့် သဘောပါပင်။
အနီရောင်ပန်းမှာ အရှက်မဲ့လှသည့်တိုင် ငှက်ကလေး၏ ပိုင်နက်ကိုမူ မကျူးကျော်ဝံ့ချေ။ ထို့ကြောင့် ကျန်သည့် ပိုင်နက်ကိုသာ လက်ခံလိုက်၏။
ငှက်ကလေးမှာမူ ဒေါသထွက်နေလျက်သာ ရှိနေလေသည်။
(တော်တော်ကို အရှက်မရှိတဲ့ကောင် . . . ဒီမှာနေခိုင်းတာတောင် တော်တော်လွန်လှပြီ၊ သူလိုကောင်မျိုးက ဒီလိုနေရာမှာ နေရတာ ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ် ဒါတောင် ငါ့နေရာကို ကျူးကျော်ဦးမယ်ပေါ့ . . .)
ထိုသို့ဖြင့် အနီရောင်ပန်းနှင့် ငှက်ကလေးမှာ အပြန်အလှန် မကျေမနပ်ဖြစ်လျက်သာရှိ၏။
အနီရောင်ပန်းမှာ စိတ်စွမ်းအင်ချီဓာတ်များကို ထုတ်လွှတ်လျက်ရှိသလို ငှက်ကလေးမှာလည်း အားကျမခံ စိတ်စွမ်းအင်ချီဓာတ်များကို ထုတ်လွှတ်လိုက်၏။ ထို့ကြောင့် သစ်သားဟင်းလင်းပြင်ကြီးအတွင်း ရုတ်တရက် စိတ် စွမ်းအင်ချီဓာတ်များဖြင့် ပြည့်နှက်သွားလေသည်။
ရဲရှောင်တစ်ယောက် သူ၏သစ်သားဟင်းလင်းပြင်အတွင်း များစွာပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။ စိတ်စွမ်းအင်ချီဓာတ်များမှာ အလွန်သိပ်သည်းစွာ ထွက်ပေါ်လာပြီး စွမ်းအင်စီးဆင်းမှုများကလည်း ထိန်းမရသိမ်းမရ နိုင်အောင်ပင် ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်လည်း သစ်သားဟင်းလင်းပြင်ကို စစ်ဆေးကြည့်လိုက်သောအခါ ဟင်းလင်းပြင်တစ်ခု လုံးတွင် အနီရောင်နှင့် စိမ်းပြာရောင်ချီဓာတ်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရ၏။
မည်မျှထိဆိုလျှင် စွမ်းအင်လှိုင်းများမှာ သစ်သားဟင်းလင်းပြင်အတွင်းမှပင် လျှံထွက်လာပြီး ပင်မဟင်းလင်း ပြင်ကြီးအတွင်းသို့ပင် ပျံ့နှံ့သွားခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ ချီဓာတ်များကြောင့် ငွေရောင်အကြေးခွံမြွေကြီးများမှာလည်း ကျေနပ်လျက်သာရှိနေ လေသည်။ ကမ္ဘာဦးဆေးပင် ၂ ပင်၏ ချီဓာတ်များမှာ လွန်စွာ အားကောင်းလှသည် မဟုတ်ပါလား။ ထို့အတွက် ကြောင့် မြွေကြီးများမှာ အလွန်စိတ်လှုပ်ရှား၍ ပျော်ရွှင်နေလျက်သာရှိ၏။
(ဆရာသမားနှစ်ယောက်ကတော့ နယ်မြေလုနေကြပြီ ဘာပဲဖြစ်ဖြစ် ဒီစိတ်စွမ်းချီဓာတ်တွေက အရမ်းကို သန့်စင်ပြီး ကောင်းမွန်တယ်၊ ဒီလိုချီဓာတ်မျိုးတွေကိုမှ ငါတို့မစုပ်ယူရင် ဘယ်လိုဟာမျိုးကို သွားစုပ်ယူရတော့မှာလဲ၊ တော်တော်ကို ကောင်းတဲ့ ချီဓာတ်တွေ . . .)
အားဟူမှာမူ ပျင်းရိငြီးငွေ့ဟန်ဖြင့် ခေါင်းကိုငဲ့စောင်းကြည့်လိုက်ရင်း ၎င်း၏လက်လေးကို ဝေ့ယမ်းလိုက်၏။ စင်စစ် ဆရာကြောင်က ဆေးလုံးများ ပြုလုပ်နေခြင်းဖြစ်သည်။ ကောင်းမွန်လှသည့် ချီဓာတ်များကြောင့် ပိုမို၍ အရည်အသွေးကောင်းလှသည့် ဆေးလုံးများ ပေါ်ထွက်လာနိုင်တော့မည် မဟုတ်ပါလား။
ထို့ပြင် သစ်သားဟင်းလင်းပြင်အတွင်းရှိ အပင်များမှာလည်း သန့်စင်ကောင်းမွန်သည့် ချီဓာတ်များကြောင့် အနည်းဆုံး အဆင့်တစ်ဆင့်စီ တိုးတက်သွားနိုင်ခဲ့ကြ၏။
နောက်ဆုံးတွင်မူ ဆေးပင်ကြီးနှစ်ပင်မှာ ယှဉ်ပြိုင်မှုကို ရပ်တန့်ပစ်လိုက်ကြသည်။
ငှက်ကလေးမှာ ကမ္ဘာဦး ဆေးပင်များအနက် အကောင်းဆုံးဖြစ်ပြီး သစ်သားဟင်းလင်းပြင်အတွင်း၌လည်း နေရာအသာစီးရထား၏။ တစ်နည်းအားဖြင့် ဟင်းလင်းပြင်၏ ၆၀ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားသည်ဟု ဆို နိုင်သည်။ အနီရောင်ပန်းမှာမူ ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား၏။
လက်ရှိအချိန်တွင်မူ ယှဉ်ပြိုင်မှုကြောင့် နှစ်ပင်လုံးမှာ အားကုန်သွားကြပြီး တစ်ပင်နှင့်တစ်ပင် မလိုမုန်းထား သော အကြည့်များဖြင့် ကြည့်နေကြလေသည်။
ခဏအကြာတွင် အနီရောင်ပန်းမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -
“မဖြစ်ဘူး . . . မဖြစ်ဘူး . . . ငါ့သခင်ကို ငါပြောရမှာရှိတယ် . . .”
“သေပါပြီ . . .”
ထို့နောက်တွင် အနီရောင်ပန်းလည်း ကမျောကသောဖြင့်ပင် ချက်ချင်း ပြေးထွက်သွား၏။
ရဲရှောင်မှာမူ ဆေးပင်နှစ်ပင်ကြား တိုက်ပွဲဖြစ်နေသည်ကိုသိ၍ ထွေထူးစိတ်မဝင်စားနေတော့ဘဲ ပြန်လည် ထွက်ခွာရန်အတွက်သာ ပြင်ဆင်လျက်ရှိနေသည်။
လျှို့ဝှက်ဆန်းကျယ်သည့် ဟင်းလင်းပြင်ကြီးတွင် ၎င်းတို့နေထိုင်ခဲ့သည့်အိမ်မှာ အလွန်တန်ဖိုးကြီးမားသည့် ကောင်းကင်ရတနာ ကျောက်စိမ်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်၍ ယူဆောင်သွားရန်မှာ အလွန်ပင် ထုထည် ကြီးမားလွန်းနေသည်။
သို့သော် ကံကောင်းစွာဖြင့်ပင် ကျောက်တုံးတစ်ခုချင်းစီကို ဖြုတ်ယူ၍ ဟင်းလင်းပြင်အတွင်း သိမ်းဆည်းနိုင် ခဲ့၏။ ယခုအခါတွင် တစ်ဝက်ကျော်လောက်ကို ပြီးစီးနေပြီဖြစ်သည်။ ရဲရှောင်အဖို့ တစ်ရက်တည်းဖြင့် အားလုံးကို ဟင်းလင်းပြင်အတွင်း ထည့်သွင်းရန် ရည်ရွယ်နေခြင်းပါပင်။
ထိုအချိန် အနီရောင်ပန်းမှာ ရဲရှောင်ရှေ့သို့ ရောက်ရှိလာလေသည်။
“ဆရာ . . . ကျုပ်တစ်ခုပြောဖို့ မေ့နေတာ၊ အပြင်ဘက်မှာ ခင်ဗျားကို လူ ၂၀ ကျော်လောက် ရှာနေကြတယ်၊ သူတို့က ခင်ဗျားရဲ့ ရန်သူတွေဖြစ်မယ်ထင်တယ် . . .”
“ငါ့ရန်သူတွေ ဟုတ်လား . . . သူတို့က ငါ့ကို လာဖမ်းတာလား . . .”
အနီရောင်ပန်း၏ စကားကြောင့် ရဲရှောင် အံ့ဩသွားမိ၏။
(ဧကရာဇ်ခန်းမက လူနည်းနည်းလောက်နဲ့ သခင်ကြီးဘိုင်ပဲ ငါဒီမှာရှိတာကိုသိတာ၊ ငါ့လူတွေကတော့ ငါ့ကို ဒီလိုဒုက္ခရောက်အောင်လုပ်မှာ မဟုတ်ဘူး ဒါဆို သခင်ကြီးဘိုင်ကများ တစ်ခုခု လုပ်လိုက်တာလား . . .)
(သူကိုယ်တိုင် သတင်းဖြန့်တာလား ဒါမှမဟုတ် ငါ့ရန်သူတွေကို တစ်ယောက်ယောက်ကများ သွားပြော လိုက်တာလား . . .)
ဖြစ်နိုင်ခြေများကို စဉ်းစားပြီးနောက် ရဲရှောင် ရုတ်တရက် မျက်နှာတည်သွား၏။
“ကောင်းပြီ . . . ငါသိပြီ . . .”
အနီရောင်ပန်းလည်း သခင်ဖြစ်သူအား ပြောပြီးပြီဖြစ်၍ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ဟင်းလင်းပြင်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့၏။ သခင်ဖြစ်သူအား သတိပေးလိုက်နိုင်ခြင်းကပင် ၎င်းအဖို့ အလုပ်ကြီးလုပ်နိုင်သွား သလိုပါပင်။
“အဲဒါကြောင့် သခင်ကြီးဘိုင်က ငါ့ကိုပြောခဲ့တာကိုး . . .”
ကျွင့်ယင်းလျန်မှ -
“ရှောင်ရှောင် . . . သူက ဘာလို့ ဒါမျိုးလုပ်ရတာလဲ . . .”
ရဲရှောင်မှ -
“အဲဒါက အခုအရေးမကြီးသေးဘူး၊ အရေးကြီးတာ အခု ဒီလူတွေက သဘာဝတရားခန်းမက လူတွေ ဖြစ်မယ်ထင်တယ်၊ သခင်ကြီးဘိုင်က တော်တော်ကို အကြံကြီးတာပဲ၊ သူက ထောင်ခြောက်ဆင်ခဲ့တယ်၊ ဘယ်လိုပဲ ဒီထောင်ခြောက်က အဆုံးသတ်သွားပါစေ သူ့ဘက်က အကျိုးအမြတ်ရသွားမှာ သေချာပေါက်ပဲ . . .”
“ငါသေရင် သူက သေခြင်းနဲ့ရှင်ခြင်းခန်းမကို ရမယ်၊ မုန်တိုင်းအိမ်တော်ကလွဲပြီး ဘယ်သူကမှ ငါ့အတွက် ကလဲ့စားချေပေးနိုင်မှာ မဟုတ်ဘူး . . .”
“ငါနိုင်မယ်ဆိုရင်တော့ သဘာဝတရားခန်းမကလူတွေ သေရမယ် ဘာပဲဖြစ်ဖြစ် ဒီလူတွေက ထူးခြားတဲ့ လူတွေပဲဖြစ်ရမယ်၊ သခင်ကြီးဘိုင်အတွက်က သူ့ရန်သူတွေ အထိနာသွားတာ ကောင်းတဲ့အချက်ပဲမလား . . .”
“သူက တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်လိုက်တာပဲ၊ ဘယ်လိုပဲ အဆုံးသတ်သတ် သူ့ဘက်က အသာစီးပဲ ရမှာ၊ မန်ဝုဇန်ကိုယ်တိုင်လည်း သခင်ကြီးဘိုင်ရဲ့ အစီအစဉ်မှန်း သိလိမ့်မယ် ဒါပေမယ့် သူကငါ့ကို သတ်ကိုသတ်မှ ရမှာဆိုတော့ သူ့မှာရွေးချယ်စရာမရှိဘူး၊ တကယ့်ကို ဉာဏ်ကြီးတဲ့လူပါလား . . .”
“ဘိုင်ချန် . . . ခင်ဗျား တကယ့်ကို ဉာဏ်ကောင်းတယ် . . .”
ရဲရှောင်မှ နှုတ်ခမ်းများကွေးအောင်ပင် ပြုံးလိုက်ရင်း ရေရွတ်လိုက်ပါတော့သည်။
YOU ARE READING