အခန်း (၁၇၃၁)(စာစဉ် ၁၃၆- အပိုင်း ၁၂)
"ကျင့်ကြံမှုနှုန်း နှစ်ဆမြန်ဆန်နေခြင်း"
အားဟူ အမြီးကိုဝေ့ယမ်း၍ ဂုဏ်ယူစွာဖြင့် လျှောက်သွားလိုက်၏။
ဟင်းလင်းပြင်ထဲတွင် ဟင်းလင်းပြင်ကိုးခုနှင့် ပင်မဟင်းလင်းပြင်ကြီးအပါအဝင် အခြားဟင်းလင်းပြင်ငယ် တစ်ခုလည်း လျှို့ဝှက်စွာ တည်ရှိနေသည်။ ထိုသို့ရှိနေသည်ကို ရဲရှောင် မသိသေးချေ။
သို့သော် ယခုအခါတွင်မူ အားဟူက ထိုလျှို့ဝှက်ဆန်းကျယ်သော ဟင်းလင်းပြင်ငယ်လေးထဲသို့ ဝင်ရောက် သွားခြင်းဖြစ်၏။ ၎င်း၏ခေါင်းထက်၌လည်း ခရမ်းရောင်အခိုးအငွေ့များ စုစည်းလျက်ရှိနေလေသည်။ ထို့နောက် အားဟူမှာ အဆိုပါ အခိုးအငွေ့များနှင့်အတူ လုံးဝကို ပျောက်ကွယ်သွားတော့သည်။
. . .
ဟင်းလင်းပြင်ငယ်လေးထဲတွင် ဖြစ်သည် . . .
အဆိုပါ ဟင်းလင်းပြင်ငယ်လေးထဲတွင် ထိုင်ခုံ ၁၂ ခုံလည်း ရှိနေသည်။
အားဟူလည်း ထိုထိုင်ခုံများကိုကြည့်ရင်း မာန်အပြည့်ဖြင့် တစ်ချက်အော်ဟစ်လိုက်၏။
"ညောင် . . ."
"ရွှစ် . . ."
အော်သံအဆုံးတွင် အနက်ရောင်နဂါးလေးတစ်ကောင်မှာ အားဟူ၏ ခေါင်းထက်မှ ပျံသန်းသွားရင်း ထိုင်ခုံ တစ်ခုပေါ်သို့ ရောက်သွား၏။ သို့သော် ထိုင်ခုံပေါ်သို့ ရောက်သည်နှင့် နဂါးလေးမှာ အေးခဲသွားလေသည်။
ထို့နောက် ယုန်လေး၊ နွားလေးနှင့် ကြက်ကလေးတို့လည်း နဂါးလေးအတိုင်းပင် ပေါ်လာကြ၏။ အားဟူ လည်း ၎င်းတို့အား အခြားထိုင်ခုံသုံးခုတွင် နေရာချထားလိုက်လေသည်။
ထိုအချိန် သိပ်သည်းလှသော ခရမ်းရောင်အခိုးအငွေ့များမှာ သေးငယ်လှသော တိရစ္ဆာန်များ၏ ခေါင်း အထက်တွင် ရစ်ဝဲလျက်ရှိနေကြသည်။ ထို့နောက် ထူးခြားသော ချီဓာတ်များ ထွက်ပေါ်လာပြန်လေသည်။
အဆိုပါ ခရမ်းရောင်အခိုးအငွေ့များ၏ နောက်ကွယ်တွင် အားဟူ သဘောကျသော ထူးခြားသည့် စွမ်းအား များစွာ ရှိနေနိုင်ပေသည်။ ထိုခရမ်းအခိုးအငွေ့များမှာ တိရစ္ဆာန်လေး ၄ ကောင်အား ဖုံးလွှမ်းလျက်ရှိနေ၏။ အားဟူ လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ကျေနပ်လျက်ရှိနေလေသည်။
(ဒါကငါ့သခင်အတွက် အများကြီး အကျိုးပြုလိမ့်မယ် ဒါပေမယ့် သူက ဒီစွမ်းအင်တွေကို သုံးဖို့အတွက် အားနည်းလွန်းနေသေးတယ်၊ ငါဖြစ်နိုင်သမျှ မြန်မြန် ဝိညာဉ် ၁၂ ခုကို တည်ဆောက်ရမယ် . . .)
အားဟူတစ်ကောင်တည်း အတွေးနယ်ချဲ့နေမိ၏။
(ဝိညာဉ် ၁၂ ခုပြည့်စုံသွားတဲ့အချိန်ကျရင် သူလည်း ကမ္ဘာကြီးရဲ့ဘုရင်အဖြစ် အောင်မြင်မှုရမယ့်အချိန်ကို ရောက်သွားမှာပဲ . . .)
(အဲဒီအခါကျရင် ကမ္ဘာကြီးရဲ့ အနှိုင်းမဲ့ပညာရှင် ဘာကြောင့်ဖြစ်လာတယ်ဆိုတာကို သူသဘောပေါက်သွား မယ်ထင်ပါတယ် . . .)
. . .
အားဟူ ထိုသို့လုပ်နေချိန် ရဲရှောင်မှာလည်း ထူးခြားမှု ဖြစ်ပေါ်ခဲ့၏။
အကြောင်းမှာ ကျင့်ကြံမှုပြုလုပ်နေရင်းဖြင့် ပုံမှန်ထက် နှစ်ဆခန့် စိတ်စွမ်းအင်ချီဓာတ်များကို စုပ်ယူမိလိုက် ခြင်းပင်ဖြစ်သည်။ ရဲရှောင်အဖို့ ထိုခံစားချက်ကို ရှင်းလင်းစွာ ခံစားလိုက်ရခြင်းဖြစ်သည်။
ရဲရှောင်အနေဖြင့် အဆင့်အသစ်သို့ ရောက်သွားသည့်အချိန်တိုင်း စွမ်းအင်များ လည်ပတ်နိုင်စေရန်အတွက် အကောင်းဆုံး ကြိုးစားတတ်၏။ ထို့ကြောင့် ယခုအခါတွင် သူ့စိတ်ထဲ၌ ပန်းတိုင်ကို လှမ်းမြင်လိုက်ရသလိုပင် ခံစား လိုက်ရသည်။
တစ်နည်းအားဖြင့် မူလသူတော်စင်အဆင့်ကိုး၏ ထိပ်ဆုံးအဆင့်မှ ထာဝရအဆင့်သို့ တက်လှမ်းနိုင်ရန် အတွက် ခြေတစ်လှမ်းသာ လိုတော့သည့် သဘောပါပင်။ သို့သော် ထိုခြေတစ်လှမ်းဆိုသည်မှာ ကျင့်ကြံသူအများစု ရပ်တန့်ခဲ့ရသော နေရာလည်းဖြစ်၏။
ဖန်ဝုဒီက အကောင်းဆုံး ဥပမာပင် မဟုတ်ပါလား။ ဖန်ဝုဒီမှာ မူလသူတော်စင်အဆင့်ကိုးမှ ထာဝရအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အချိန်များစွာ ကြာမြင့်ခဲ့လေသည်။ သို့သော် နောက်ဆုံးတွင် ရဲရှောင်၏ လက်အတွင်း သေဆုံးခဲ့ရ၏။
ထို့ကြောင့် ရဲရှောင်လည်း ထာဝရအဆင့်သို့ တက်လှမ်းသည့်အချိန်တွင် ယခင်ထက် အဆပေါင်းများစွာ ပိုမို ဂရုစိုက်ခဲ့လေသည်။ မူလသူတော်စင်အဆင့်၏ နောက်ဆုံးအဆင့်ကို အဆင့်ငါးဆင့် ခွဲခြား၍ သတ်မှတ်ခဲ့ခြင်းပင် ဖြစ်၏။
ကနဦးအဆင့်၊ အလယ်အလတ်အဆင့်၊ နောက်ပိုင်းအဆင့်၊ ထိပ်ဆုံးအဆင့်နှင့် ကျော်လွန်အဆင့်ဟူ၍ပင် ဖြစ်သည်။ ထိုအဆင့်ငါးဆင့်ကို ထိုသို့ပြုလုပ်ရန်အတွက် ရဲရှောင် အကြံရရှိခဲ့ခြင်းပင်ဖြစ်၏။
အဆင့်တစ်ဆင့်ချင်းစီအတွက်မူ အချိန် ၁ လခန့်မျှ ရဲရှောင်ကြာမြင့်ခဲ့လေသည်။ သို့သော် ကနဦးအဆင့်တွင် တိုးတက်မှုအနည်းငယ်လေးမျှကိုပင် ရဲရှောင် ကောင်းစွာ ခံစားခဲ့ရ၏။
ထို့နောက်တွင် ရဲရှောင်က ကနဦးအဆင့်ကိုပင် အဆင့်သုံးဆင့် ထပ်မံခွဲခြားခဲ့လေသည်။ အစောပိုင်းကနဦး အဆင့်၊ အလယ်အလတ် ကနဦးအဆင့်နှင့် နောက်ဆုံး ကနဦးအဆင့်တို့ပင်ဖြစ်၏။
ထိုအဆင့်တစ်ဆင့်ကိုမူ ၁၀ ရက် အချိန်ယူခဲ့လေသည်။ ထိုအဆင့်များကို ကျင့်ကြံနေချိန် အစောပိုင်းကနဦး အဆင့်၌ အံ့အားသင့်ဖွယ်ရာကောင်းသော အရာတစ်ခုကို ရဲရှောင် ကြုံတွေ့ခဲ့ရ၏။
ထို့နောက်တွင် ထင်ထားသည်ထက်ပင် တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်ခဲ့ပြီး ၃ ရက်တည်းဖြင့် အလယ်အလတ် ကနဦးအဆင့်ကို ရောက်ရှိနိုင်ခဲ့လေသည်။ ဆိုလိုသည်မှာ ရဲရှောင်အနေဖြင့် အစောပိုင်းကနဦးအဆင့်ကို ပြီးမြောက် ရန်အတွက် အချိန် ၁ ရက်ခွဲခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။
ထိုသို့မြန်ဆန်နေရခြင်းမှာ နဂိုထက် စိတ်စွမ်းအင်ချီဓာတ်များ စုပ်ယူမှု ၂ ဆခန့် ပိုတိုးတက်လာခြင်းကြောင့် ဖြစ်၏။ ရဲရှောင်အနေဖြင့် ထိုကဲ့သို့ မြန်ဆန်သောနှုန်းထားဖြင့်သာ စုပ်ယူနိုင်နေပါက အဆင့်အသစ်ရောက်ရှိရန် အချိန် ၅ လလိုအပ်မည့်နေရာတွင် ၂ လခွဲခန့်သာ ကြာမြင့်ပေလိမ့်မည်။
ထို့ကြောင့် ရဲရှောင်အဖို့ အံ့ဩတုန်လှုပ်နေရခြင်းဖြစ်၏။ သို့သော် သူ၏ရှေးဦးခရမ်းရောင်ချီဓာတ်များမှာ လည်း ပုံမှန်အခြေအနေအတိုင်းသာ ရှိနေလေသည်။ ရှေးဦးခရမ်းရောင်ချီဓာတ် အဆင့်လေးသို့ ရောက်ရှိသွားသည့် အရိပ်အယောင်မျိုးလည်း မပြသချေ။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သူ၏တိုးတက်မှုများ မြန်ဆန်နေရပါသနည်း။ ထိုမေးခွန်းအတွက် ရဲရှောင် အဖြေရှာရန် ကြိုးစားခဲ့သည့်တိုင် မည်သည့်အရာကိုမှ မတွေ့ခဲ့ရချေ။
ထို့ကြောင့် ရဲရှောင်လည်း သူ၏ကျင့်စဉ်၊ ဟင်းလင်းပြင်ကြီး၊ သူသောက်ခဲ့သည့် ဆေးလုံးများနှင့် တူနှစ်ကိုယ် ကျင့်စဉ်ကျင့်ကြံခဲ့သည့် အကြိမ်အရေအတွက်များအား စဉ်းစားကြည့်လိုက်၏။ သို့တိုင် ယခုလောက်အထိ တိုးတက် ခဲ့ရသည့် အကြောင်းအရင်းကိုမူ မသိနိုင်အောင် ဖြစ်နေရလေသည်။
နောက်ဆုံးတွင် ရဲရှောင်လည်း ခေါင်းကိုသာ တဗျင်းဗျင်းကုတ်ရင်း လက်လျှော့လိုက်တော့၏။
"ထူးဆန်းလိုက်တာ . . . တော်တော်ကို ထူးဆန်းတယ် . . ."
"ဘာတွေများ ထူးဆန်းနေရတာလဲ အစ်ကိုကြီး . . ."
ရွှမ်ပိုင်မှ နားမလည်ဟန်ရှိနေသော ရဲရှောင်အားကြည့်ရင်း မေးလိုက်သည်။
"ငါရုတ်တရက်ကြီးကို တိုးတက်လာလို့၊ တိုးတက်တာမှ ပုံမှန်ထက်ကို ၂ ဆလောက် တိုးတက်နှုန်းမြန်သွား တာ၊ ဘယ်လိုဖြစ်တာပါလိမ့် . . ."
ရဲရှောင်က ခေါင်းကိုခါယမ်းရင်း နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့တိုးတက်မှုက တည်ငြိမ်နေတယ် အဲဒါကို ငါသေသေချာချာကြီး ခံစားခဲ့မိတာ၊ ပုံမှန်ဆိုရင် ငါကထာဝရ အဆင့်ကို ၅ လလောက်မှရောက်မှာ ဒါပေမယ့် အခုဒီလိုနှုန်းထားနဲ့ဆိုရင် ၂ ဆလောက်မြန်သွားလို့ နှစ်လခွဲလောက် နဲ့ကို ငါရောက်သွားတော့မှာ . . ."
"ဒါကကောင်းတော့ ကောင်းတဲ့အရာပဲ ဒါပေမယ့် အကြောင်းအရင်းကို စစ်ဆေးကြည့်တော့ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို အဖြေမရှာနိုင်ဘူး ဖြစ်နေတယ်၊ အရာအားလုံးကလည်း အရင်အတိုင်း ပုံမှန်အခြေအနေပဲ၊ အဲဒါကြောင့် ငါပိုပိုပြီး နားမလည်နိုင်ဖြစ်နေတာ . . ."
ထိုအချိန် ပန်းဘုရင်မှာ ချောင်းတစ်ချက်ဟန့်လိုက်ရင်း မျက်နှာတစ်ခုလုံး နီရဲသွား၏။ သူ့နှုတ်မှ တစ်စုံတစ်ခု ပြောချင်သည့်တိုင် မပြောနိုင်ဘဲ ဖြစ်နေလေသည်။
(သေစမ်း . . . ငါဘာမှကို မပြောနိုင်တော့ဘူး၊ ငါနောက်လိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူက တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်လိုပါပဲလား၊ ကြည့်ရတာ လူသားတော့ မဟုတ်ဘူးထင်တယ် ငါယုံကိုမယုံနိုင်တော့ဘူး)
(ထားပါတော့ အစတုန်းက ၅ လကြာမယ့်နေရာမှာ အခု ၂ လခွဲမယ်ကြာမယ်ဆိုတာ ပြဿနာမဟုတ်ဘူး၊ ဒါကမယုံနိုင်လောက်အောင် မြန်တယ်ဆိုပေမယ့် ငါနားလည်ပေးလို့ရသေးတယ်၊ ဒါကဖြစ်နိုင်သေးတယ်မလား . . .)
(ငါမခံချင်ဖြစ်မိတာက သူက နောက်တစ်ဆင့်တက်နိုင်မယ့်အရေးကိုတောင် နားမလည်နိုင်သလိုလို၊ ဒုက္ခ ဖြစ်သလိုလို ဖြစ်နေတာကိုပဲ၊ ဘာတွေများ တွေးနေသေးတာလဲ၊ ဘာတွေများ ဖြစ်ချင်နေသေးတာလဲ၊ နတ်ဘုရား တွေကို ဘာတွေများ လုပ်စေချင်နေသေးတာလဲ . . .)
(ငါတို့ကျတော့ ဘယ်လိုလုပ်မလဲ၊ ကောင်းကင်ဘုံကြီးရယ် ငါတို့ကို နည်းနည်းပါးပါးလေးများ သနားပါဦး၊ သူပြောနေတာတွေက ငါ့နားထဲကို ကန့်လန်ကြီး ဝင်နေတာပဲ . . .)
"အစ်ကိုကြီးက တိုးတက်မှု မြန်တာပဲ ဒါပေမယ့် အဲဒီလိုဖြစ်လာလို့ စိုးရိမ်စိတ် ဝင်နေတာလား၊ အေးအေး ဆေးဆေးဖြစ်တယ်ဆိုမှတော့ ဘာစိုးရိမ်နေစရာလိုလို့လဲ . . ."
ရွှမ်ပိုင်မှ ရဲရှောင်အား မျက်စောင်းလှလှလေးတစ်ချက်ထိုးကာ ပြောလိုက်သည်။
ရဲရှောင်မှ ခေါင်းခါယမ်းလိုက်ရင်း -
"ငါကမင်းတို့ကို ကြွားနေတာ မဟုတ်ပါဘူး၊ အခုပြောနေတာတွေက တကယ်ပြောတာပါ . . ."
ရွှမ်ပိုင်လည်း ရဲရှောင်အား မည်သည့်စကား ထပ်ပြောရမည်မှန်း မသိနိုင်အောင်ကို ဖြစ်သွားတော့သည်။
. . .
ရဲရှောင် ထိုသို့တိုးတက်နေချိန် ဧကရာဇ်ခန်းမရှိ နဂါးယူနစ်၊ ယုန်ယူနစ်၊ ကြက်ယူနစ်နှင့် နွားယူနစ်မှ လူများ မှာလည်း တိုးတက်မှုနှုန်း မြန်ဆန်နေကြလေသည်။ သို့သော် ထိုအချက်ကိုမူ ရဲရှောင် မသိချေ။
ရဲရှောင်က ယူနစ် ၁၂ ခုကို တည်ထောင်ချိန် အားဟူ၏ ပြောကြားချက်အတိုင်း ထိုယူနစ် ၁၂ ခုမှ လူများ၏ သွေးများကို စုစည်းထားခဲ့လေသည်။ ထိုအချိန်က ထိုကိစ္စကို မည်သူမှ ထွေထွေထူးထူး မတွေးတောခဲ့ကြချေ။
၎င်းတို့၏ သွေးများကို သစ္စာခံရန်အတွက် တောင်းခံခဲ့သည်ဟုသာ ထင်ထားခဲ့ကြသည် မဟုတ်ပါလား။ သိုင်းလောကတွင် ထိုသို့သော သွေးသစ္စာခံယူသည်မှာ လုပ်လေ့လုပ်ထရှိသော ကိစ္စတစ်ခုဖြစ်၍ မည်သူကများ အပို အလုပ်ခံ၍ တွေးတောနေကြပါမည်နည်း။
ထို့ပြင် သွေးတစ်စက်မှာ ကျင့်ကြံမှုပြုလုပ်သည့် ပညာရှင်များအတွက် ထွေထွေထူးထူး အရေးမပါလှချေ။ သို့သော် ယခုအခါတွင်မူ ထိုသွေးတစ်စက်မှာ များစွာ စကားပြောနေချေပြီ။
အကြောင်းမှာ ထိုလူများ၏ ကျင့်ကြံမှုနှုန်းအား နဂိုထက် ၂ ဆ ပိုမိုမြန်ဆန်နေစေခြင်းကြောင့်ပင် ဖြစ်ပါတော့ သည်။
YOU ARE READING