အခန်း (၁၄၅၁ - ဂ)(စာစဉ် ၁၀၈- အပိုင်း ၅)
“အထက်နယ်ပယ်သို့ တက်ခြင်း”ရဲရှောင်၏ အော်သံကြောင့် ရွှမ်ပိုင်၏မျက်နှာထက်တွင် ပြုံးယောင်သန်းသွားသည်။
“အစ်ကိုကြီး . . .”
“ကျွန်မ အစ်ကိုကြီးကို ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရောက်တာနဲ့ တွေ့အောင်ရှာပါ့မယ် . . .”
ထိုအခိုက်အတန့်တွင် လေတိုးသံများနှင့်အတူ ရွှမ်ပိုင်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ရွှမ်ပိုင်ဆိုသည်က တိမ်မြူခိုးနန်းတော်၏ ဥသျှောင်ကြီးဖြစ်၏။
ထို့ကြောင့် အထက်နယ်ပယ်သို့ တက်သည့်အချိန် ရဲရှောင်၏ကိုယ်လုပ်တော်အဖြစ် မတက်လိုခဲ့ချေ။
စင်စစ် သူမ၏ စစ်မှန်သော ဂုဏ်ပုဒ်များနှင့်သာ တက်လိုခြင်းဖြစ်သည်။
သို့မှသာ သူမ၏ဂိုဏ်းသူများ ဂုဏ်တက်နိုင်မည် မဟုတ်ပါလား။
ထို့ပြင် ယခုကိစ္စက တိမ်မြူခိုးနန်းတော်၏ အနာဂတ်နှင့်လည်း သက်ဆိုင်နေသည်။
အထက်နယ်ပယ်သို့ တက်လှမ်းနိုင်သည့်လူများထဲတွင် တိမ်မြူခိုးနန်းတော်ပါဝင်နေသည်မှာ ဂုဏ်တက်စရာ တစ်ခုပင် မဟုတ်ပါလော။
ထို့ကြောင့် သူမတို့နန်းတော်အတွက် ထိုဂုဏ်သိက္ခာကို အရယူရပေလိမ့်မည်။
ကျွင့်ယင်းလျန်မှာလည်း ထို့အတူပင်ဖြစ်၏။
သူမအဖို့ ကောင်းကင်ရေခဲနန်းတော်ကိုသာ ကိုယ်စားပြု၍ အထက်နယ်ပယ်သို့ တက်လိမ့်မည်။
ဤသည်က ဂိုဏ်း၏ ဂုဏ်ကျက်သရေပါပင်။
ရဲရှောင်ဆိုလျှင်လည်း ရေခဲလနန်းတော်အဖြစ်သာ တက်လှမ်းခဲ့လေသည်။
ထိုအရာက သူ့တို့၏ဂိုဏ်းများအတွက် နောက်ဆုံးလုပ်ပေးနိုင်သည့်အရာဟု ဆိုနိုင်သည်။
တစ်နည်းအားဖြင့် ဂိုဏ်းအတွက် နောက်ဆုံးချန်ရစ်ပေးနိုင်သည့် အမွေလည်း ဖြစ်၏။
“ပိုင်အာလည်း သွားပြီဆိုတော့ ကျွန်မလည်း သွားတော့မယ် . . .”
ကျွင့်ယင်းလျန်က ရဲရှောင်အား လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ငါကကြံစည်နေတာ၊ ချင်းရန်နယ်ပယ်မှာ မင်းနဲ့ လက်ထပ်မယ်ပေါ့ . . .”
“ငါမင်းကို ကတိပေးထားတဲ့အတိုင်း မင်္ဂလာပွဲတစ်ခုလုပ်ပေးမယ်လို့ တွေးထားတာ . . .”
ရဲရှောင်မှ လေသံတီးတိုးဖြင့် ပြောလိုက်၏။
“အခုတော့ နှမြောစရာပဲ၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရောက်မှ လုပ်နိုင်တော့မယ်ထင်တယ်”
ရဲရှောင် စကားကြောင့် ကျွင့်ယင်းလျန် ရှက်သွေးဖြာသွားမိသည်။
ထို့ကြောင့် ရဲရှောင်အား ပြုံးလျက်ဖြင့် -
“ဆုတောင်းလေ . . .”
“ကျွန်မက ရှင့်ကို အလွယ်တကူ လက်ထပ်မယ်လို့ ထင်နေတာလား . . .”
“ရဲရှောင် . . . ရှင် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကိုအုပ်စိုးပြီးမှ ကျွန်မကို လက်ထပ်ဖို့ တောင်းဆို”
ကျွင့်ယင်းလျန်လည်း ရယ်မောပြောဆိုလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံသန်းသွား၏။
သို့သော် သူမ၏ မျက်လုံးများထဲတွင်မူ မျှော်လင့်ချက်များဖြင့် ပြည့်နေလေသည်။
“ရဲရှောင် . . .”
“ကျွန်မတို့တွေ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ထပ်တွေ့ကြမယ်၊ ကျွန်မတို့ ပြန်တွေ့တဲ့အချိန် ကျရင် ကျွန်မတို့ သေတဲ့အထိ မခွဲတော့ဘူးနော် . . .”
ထိုစကားကြောင့် ရဲရှောင် သဘောအကျကြီးကျသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟား ဟား ဟား ကောင်းတယ် သိပ်ကောင်းတယ် . . .”
“ငါတို့တွေ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ထပ်တွေ့ကြမယ် . . .”
“လျန်လျန် . . . ကောင်းကင်ဘုံအထက် လူသားနယ်ပယ်က နေရာတစ်ခုကို ငါအုပ်စိုးပြီးသွားတဲ့အချိန်ကျရင် ငါကမ္ဘာကြီးကို ကြေညာမယ် ပြီးရင် ငါတို့ရဲ့ မင်္ဂလာပွဲကို တစ်ကမ္ဘာလုံးက လူတွေကို ဖိတ်ပစ်မယ် . . .”
“ကောင်းပါပြီ ကျွန်မ အဲဒီနေ့ကို စောင့်နေပါ့မယ် . . .”
ထိုအချိန် ကျွင့်ယင်းလျန်၏ အသံမှာ တဖြည်းဖြည်း ဝေးကွာသွားပြီဖြစ်သည်။
နောက်ဆုံးတွင် မိန်းမလှလေး ကျွင့်ယင်းလျန်မှာ ထွက်ခွာသွားခဲ့ချေပြီ။
ရဲရှောင်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ထို့နောက် ရေခဲလနန်းတော်ရှိရာသို့ တဟုန်ထိုး ပျံသန်းထွက်ခွာသွားတော့၏။
. . .
ချင်းရန်နယ်ပယ်တစ်ခုလုံးမှာ အေးချမ်းမှုများနှင့်အတူ သာယာလျက်ရှိနေသည်။
မိစ္ဆာခေါင်းဆောင်ကြီးနှင့် အစွယ်အပွားများအားလုံးမှာ ရှင်းလင်းခံလိုက်ရပြီ မဟုတ်ပါလား။
ထိုရှင်းလင်းပွဲတွင် ပါဝင်ခဲ့သည့် ဂိုဏ်းများမှာလည်း အတော်လေးပင် အထိနာခဲ့ကြရလေသည်။
ထို့ပြင် ဂိုဏ်းအသီးသီးမှ ထိပ်သီးပညာရှင် ၇၀ ရာခိုင်နှုန်းကျော်လည်း အသက်ပေးဆပ်ခဲ့ကြရ၏။
ထို့ကြောင့် ဂိုဏ်းများအဖို့ အတော်လေးပင် အားယုတ်သွားကြသည်ဟု ဆိုနိုင်သည်။
သို့သော် ဂိုဏ်းများ၌ ကျန်ရစ်ခဲ့သည့် အမွေအနှစ်များဖြင့် ကျန်ရှိခဲ့သည့် လူများက အနာဂတ်၌ ပြန်လည်မြင့် တက်လာနိုင်အောင် ကြိုးစား၍ရနိုင်သေးသည်။
၎င်းတို့လိုအပ်သည်က အချိန်အတိုင်းအတာလေး တစ်ခုပင်ဖြစ်တော့သည်။
. . .
နောက်ပိုင်းကာလများတွင် ချင်းရန်နယ်ပယ်၌ ထူးဆန်းသောဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
တစ်ခုက မိုးကြိုးကပ်ဘေးနှစ်ခု ကျရောက်ပြီး ၃ ရက်ကြာသည့်အချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်က အခြားမဟုတ်။
ရေခဲလနန်းတော်၏ ဂိုဏ်းသားဖြစ်သူ ရဲခွန်ရှောင်မှာ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ ဂိုဏ်းမှ တက်ရောက်သွားခြင်းပါပင်။
ထိုသို့တက်ရောက်သွားချိန် ခရမ်းရောင်ချီဓာတ်များမှာ ကမ္ဘာမြေကြီးတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။
ထို့အတူ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ရောင်စုံတံတားတစ်ခုလည်း ကျဆင်းလာ၏။
ကြီးမြတ်လှသော ရှောင်ဧကရာဇ်က အဆိုပါသက်တန့်တံတားမှ အထက်နယ်ပယ်သို့ တက်ရောက်သွားခြင်း ဖြစ်သည်။
သူတံတားအလယ်သို့ ရောက်သွားချိန်တွင်မူ မရေမတွက်နိုင်သော ရွှေရောင်ကြာပန်းများမှာ ကောင်းကင် ထက်၌ ဖြည်းညှင်းစွာ ဖူးပွင့်လာကြပြန်သည်။
ထိုမြင်ကွင်းက လှပလွန်း၍ စာဖြင့်ဖွဲ့ဆို၍ပင်ရနိုင်လိမ့်မည် မဟုတ်ပါ။
ချင်းရန်နယ်ပယ်ကြီးတစ်ခုလုံး အလှတရားများဖြင့် ပြည့်သွားသည်ဟုသာ ဆို၍ရနိုင်လိမ့်မည်။
ရဲရှောင်လည်း တံတားအလယ်သို့ ရောက်ချိန်တွင် သူ၏လက်ကို ရုတ်တရက် ဝေ့ယမ်းလိုက်သည်။
ထိုအချိန် အောက်ရှိလူများမှာမူ အဘယ့်ကြောင့် ထိုသို့ဝေ့ယမ်းရသည်ကို နားမလည်နိုင်ဖြစ်နေကြ၏။
အစပိုင်းတွင် ထိုလူများ၏စိတ်ထဲ မြေပြင်ထက်ရှိ ၎င်းတို့ကို လက်ပြနှုတ်ဆက်သည်ဟုသာ ထင်လိုက်မိကြ သည်။
သို့သော် ခဏအကြာတွင် ထိုသို့မဟုတ်ကြောင်း သိရှိသွားကြတော့သည်။
အကြောင်းမှာ ရဲရှောင်၏လက်ထဲ၌ ရှည်လျားသော ဓားတစ်လက်ကို မြင်တွေ့လိုက်ကြရ၍ဖြစ်သည်။
ထိုဓားမှာ အလွန်လှပလှပြီး သာမန်ဓားများနှင့် တူမနေချေ။
ပုံမှန်အားဖြင့် သာမန်ဓားတစ်လက်က သံအရောင်ရှိ၍ ၃ ပေအရှည်ရှိကာ ဓားရိုးတစ်ခုကို သေသပ်စွာ တပ် ဆင်ထားလေ့ရှိကြသည်။
ထို့အတူ အဆင်တန်ဆာ ကြိုးတစ်ခုလည်း မဖြစ်မနေပါကြ၏။
သို့သော် ရှောင်ဧကရာဇ် ယခုကိုင်ထားသော ဓားမှာမူ ၄ ပေရှည်လျား၍ ခရမ်းရောင်အလင်းတန်းများဖြင့် တဖိတ်ဖိတ် တောက်ပလင်းလက်နေလေသည်။
ထို့ပြင် အခြားဓားများကဲ့သို့ အဆင်တန်ဆာကြိုးလည်း မပါရှိချေ။
ထိုမျှမက ဓားမှာသာမန်ထက်ပင် ချွန်ထက်လှပြီး အေးစက်သော အလင်းတန်းများလည်း ထွက်ပေါ်လျက်ရှိ ၏။
တမူထူးခြားမှုများဖြင့် ပြည့်စုံနေသော ဓားဖြစ်၍ ဓားမှ အသံများပင် တုန်ခါထွက်ပေါ်နေသလိုပါပင်။
ရဲရှောင်လည်း ပြုံးလိုက်ပြီး အဆိုပါဓားကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
“ဟား ဟား ဟား ငါ့ရဲ့မိတ်ဆွေဟောင်းကြီး . . .”
“ငါကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို ထွက်ခွာတော့မယ့်အချိန်မှာပဲ မင်းက ပြန်ပေါ်လာခဲ့ပြီ . . .”
ထိုစကားကြောင့် လူတိုင်းမှာ ဓားကိုသတိပြုမိသွားချိန် အံ့ဩတုန်လှုပ်သွားကြလေသည်။
ထိုဓားကားအခြားမဟုတ်၊ နာမည်ကျော်ရှောင်ဧကရာဇ်၏ ဧကရာဇ်ဓားပင် ဖြစ်၏။
တစ်နည်းအားဖြင့် ရှောင်ဧကရာဇ်အတွက် အဓိပ္ပာယ်ရှိလွန်းလှသော ဓားတစ်လက်ဟုလည်း ဆိုရမည်။
သူ၏ဂုဏ်ဒြပ်၊ ရှောင်ဧကရာဇ်၊ လက်သီးတိုက်ကွက်၊ ဓားခုတ်ချက်နှင့် လှုပ်ရှားမှုများအားလုံးမှာ ယခု ဓားနာမည်ပြီးမှသာ နာမည်တွင်လာခဲ့ကြခြင်းပင် မဟုတ်ပါလား။
လူအများကမူ ဂိုဏ်းသုံးခုမှ ရှောင်ဧကရာဇ်၏အသက်ကို နှုတ်ယူသွားချိန် ဓားမှာလည်း သူနှင့်အတူ ပျောက် ကွယ်သွားခဲ့သည်ဟု ဆိုကြသည်။
သို့သော် မမျှော်လင့်စွာပင် ယခုအခါတွင် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ပြန်ပေါ်လာခဲ့လေပြီ။
ထို့ကြောင့် လူတိုင်းမှာ တုန်လှုပ်စိတ်နှင့်အတူ မည်သည့်နေရာကပေါ်လာမှန်း စဉ်းစားနေကြ၏။
ထို့ပြင် ရဲရှောင် လက်ဝေ့ယမ်းလိုက်သည်က လက်ပြနှုတ်ဆက်ခြင်းလော။
သို့တည်းမဟုတ် ဓားကို ခေါ်ဆောင်လိုက်ခြင်းလော။
ထိုအချက်ကို ရှောင်ဧကရာဇ်မှလွဲ၍ မည်သူမှ အတိအကျ သိနိုင်မည်မထင်ပါ။
ရှောင်ဧကရာဇ်က ယခုကမ္ဘာမှထွက်ခွာတော့မည့်အချိန် ကမ္ဘာအနှံ့တွင် တစစီဖြစ်နေသော ဓားကို ထူးခြား သော စွမ်းအင်များဖြင့် စုစည်းယူလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အထက်သို့ မတက်ခင် သူ၏ဓားကို ရဲရှောင် အရပြန်ယူနိုင်လိုက်ချေပြီ။
ထိုဓားမှာ ယခင်က ပျက်စီးနေသည့်တိုင် ယခုအခါ ရဲရှောင်ရှိရာသို့ ကောင်းကင်ထက်မှ ပျံသန်းလာသည်မှာ လူတိုင်းအတွက် အံ့ဩဖွယ်ကောင်းလွန်းနေသည်။
စင်စစ် ထိုဓားကို ကောင်းကင်ဘုံမှ ပြန်လည်ပြင်ဆင်ပေးလိုက်သည်မှာ သေချာပေါက်ဖြစ်နိုင်သည်။
ထို့ကြောင့် ဧကရာဇ်ဓားကြီးမှာ နတ်လက်နတ်တစ်ပါးကဲ့သို့ပင် ဖြစ်တည်နေခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ကောင်းကင်တာအို၏ စွမ်းအားများဖြင့် ပြန်လည်မွေးဖွားပေးလိုက်သော ဓားကြီးဟုပင် ဆိုနိုင်သည်။
ရဲရှောင်လည်း ဓားကြီးကို ပြန်လည်ဆုပ်ကိုင်လိုက်ရသည့်အချိန် အလွန်စိတ်လှုပ်ရှားနေမိသည်။
ထို့နောက် ဓားကို လက်ချောင်းဖြင့် ခေါက်ကြည့်လိုက်သည့်အချိန်တွင်လည်း ဓားထံမှ အလွန်အံ့ဩဖွယ်ရာ ကောင်းသည့် အသံမျိုး ထွက်ပေါ်လာလေသည်။
ထိုအသံပေါ်ပြီးသည်နှင့် ဓားကြီးမှာ ရုတ်တရက်ဆိုသလိုပင် ပျောက်ကွယ်သွားပြန်သည်။
တကယ်တမ်းတွင် ဓားကြီးမှာ ရဲရှောင်၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်တည်သွားခြင်းဖြစ်၍ မည်သည့် နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမှ မသိနိုင်ပေ။
ရဲရှောင်လည်း တံတားပေါ်တွင် ရပ်နေရင်း ချင်းရန်နယ်ပယ်ကြီးတစ်ခုလုံးကို ငေးကြည့်လိုက်သည်။
ထိုအချိန် သူ၏စိတ်ထဲ၌လည်း အတွေးပေါင်းစုံ ယှက်သန်းနေလေသည်။
ယခုကမ္ဘာတွင် သူနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အမှတ်တရာများစွာလည်း ကြွင်းကျန်ရစ်ခဲ့သည်။
ထို့အတူ ချစ်ခြင်းမုန်းခြင်းများစွာလည်း ရှိခဲ့သည့် နေရာတစ်ခုပင်ဖြစ်သည်။
သို့သော် ယခုအခါတွင် ထိုအရာများအားလုံးကို ချန်လှပ်ကာ ထွက်ခွာရတော့ချေမည်။
လက်ရှိတွင် ရဲရှောင်၏ရင်ထဲ၌ ပျော်ရွှင်နေပါသည်လော၊ ဝမ်းနည်းနေပါသည်လော။
ထိုအချက်ကို ရဲရှောင်မှလွဲ၍ မည်သူမှ သိနိုင်မည် မထင်ပါ။
“ငါဒီနယ်မြေမှာ လှုပ်ရှားရုန်းကန်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ . . .”
“အခုတော့ ငါဒီနယ်ပယ်ကနေ ကောင်းကင်ဘုံအထက်လူသားနယ်ပယ်ကို တက်ရတော့မှာပေါ့ . . .”
“ငါတိမ်တိုက်တွေကြားထဲကနေ ဖြတ်သန်းသွားမယ်၊ အဆင့်မြင့်နယ်ပယ်ကို ဖြတ်သန်းသွားမယ်၊ ငါတို့ရဲ့ ကမ္ဘာအလွန်မှာရှိနေတဲ့ နေရာက ငါ့အတွက် အေးစက်မှုတွေ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ . . .”
ရဲရှောင်မှ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပါတော့သည်။
YOU ARE READING