အခန်း (၁၇၁၁)(စာစဉ် ၁၃၅- အပိုင်း ၅)
“မင်းက ငါ့ကို အံ့ဩစေတယ်”
ဂျိဝုမိုမှ ကျောက်စိမ်းပြားနှစ်ခုကို ကြည့်လိုက်ရင်း -
“ဧကရာဇ် . . . မင်းက ငါတို့ရဲ့ တန်ပြန်သက်ရောက်မှုတွေကို ကုစားပေးခဲ့တယ်၊ ငါတို့ရဲ့ ခန္ဓာကိုယ် အခြေ အနေတွေကိုလည်း တိုးတက်အောင် လုပ်ပေးခဲ့တယ်၊ အဲဒီကတည်းက မင်းကငါတို့ကို ကုသပေးခဲ့တဲ့လူပဲ . . .”
“ဒါပေမယ့် မင်းက ငါ့ဘိုးဘေးတွေ ပြောသွားခဲ့တဲ့ စကားတွေကိုတော့ မပြောသွားခဲ့ဘူး အဲဒါကြောင့် ငါက တွေဝေခဲ့မိတာပါ၊ မင်းက ဘိုးဘေးတွေပြောခဲ့တဲ့ မှန်ကန်တဲ့ လူပဲဆိုတာကို ငါသေချာမသိခဲ့ဘူး . . .”
“နောက်ဆုံးတော့ မင်းက ဒီလိုစကားလုံးတွေကို ပြောလာခဲ့ပြီ အဲဒီတော့ အခု ဒီကျောက်စိမ်းပြားတွေကို လက်ခံပေးပါ၊ ငါတို့ရဲ့ ဘိုးဘေးတွေက ကျေးဇူးတင်တဲ့အနေနဲ့ ပေးခဲ့တာပါ . . .”
နားရှိ၍သာ ကြားရသည်၊ စကားများကိုမူ ရဲရှောင် မယုံနိုင်အောင်ဖြစ်နေမိ၏။ သူ့အဖို့ အနှိုင်းမဲ့ပညာရှင်ကြီး နှစ်ပါးကို ထိုမျှလောက်ထိ ဉာဏ်အမျှော်အမြင် ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
ထို့ပြင် ရဲရှောင် စိတ်ထဲ ထူးဆန်းသလို ခံစားနေရ၏။ ကျေးဇူးတင်သည့်အနေဖြင့် သူ့အား ယခုကဲ့သို့ တစ်စုံတစ်ခု ပြန်ပေးသည့် အခြေအနေမျိုး မရှိခဲ့ဖူးပြီ မဟုတ်ပါလား။
တကယ်တမ်းတွင်မူ သူ့စိတ်ထဲ၌ အနှိုင်းမဲ့ပညာရှင်ကြီးနှစ်ပါး၏ ဇာတ်လမ်းအပေါ် ကရုဏာသက်မှုကြောင့် တစ်စုံတစ်ခု ပြန်ရခြင်းမရခြင်းကို ဂရုမစိုက်လှချေ။ ထိုသို့တိုင် ဂျိဝုမိုက သူ့ဘက်မှနေ၍ တစ္ဆေဘုရင်ကို သတ်ဖြတ် ပေးခဲ့သည် မဟုတ်ပါလား။
ထို့ပြင် မမျှော်လင့်စွာပင် ကျောက်စိမ်းပြားနှစ်ခုကို ထပ်မံရရှိခဲ့ပါသေးသည်။ အနှိုင်းမဲ့ပညာရှင်ကြီးနှစ်ပါးမှာ အနာဂတ် နှစ်ပေါင်း ၁ သိန်း ၈ သောင်းခန့်ကိုပင် ကြိုတွေးမြင်နိုင်စွမ်းရှိအောင် အစွမ်းထက်လွန်းလှ၏။
ရဲရှောင် ကဗျာစပ်မိခဲ့သည်ဆိုသည်မှာလည်း ဆရာကြီးနှစ်ပါးအား အမှန်တကယ်ကိုပင် ကရုဏာသက်မိခဲ့ ခြင်းကြောင့်ဖြစ်၏။ သို့သော် တုန့်ပြန်လာသည့် ရလာဒ်မှာမူ အံ့ဩဖွယ်ကောင်းလွန်းလှပေသည်။
“ဆရာကြီးနှစ်ပါးရဲ့ဆန္ဒဆိုမှတော့ ကျုပ်ဘက်ကလည်း စိတ်ပျက်အောင် မလုပ်ဝံ့ပါဘူး . . .”
ရဲရှောင်လည်း ကျောက်စိမ်းပြားများကိုယူရင်း ပြောလိုက်သည်။
ထိုကျောက်စိမ်းပြားများမှာ အမြင်အားဖြင့် သာမန်အရွယ်အစားမျှသာဖြစ်နေသော်လည်း တကယ်တမ်း ကိုင်ကြည့်လိုက်သည့်အခါတွင်မူ လေးလံနေသည်ကို တွေ့လိုက်ရ၏။ ထို့ပြင် ထူးခြားသည့် ပုံစံမျိုးလည်း မရှိချေ။
ဂျိဝုမိုမှာမူ ပေးအပ်စရာရှိသည်ကို ပေးအပ်ပြီးနောက် ရဲရှောင်အား အရိုအသေပြုကာ သူ့မျိုးနွယ်စုများနှင့် အတူ မြို့ထဲသို့ ပြန်လည်၍ ဝင်ရောက်သွားလေသည်။
ရဲရှောင်လည်း တွေဝေခြင်းအလျဉ်းမရှိ၊ ကျောက်စိမ်းပြားများကို ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် ရွှမ်ပိုင်၊ ပန်းဘုရင်၊ အဆိပ်ဘုရင်တို့နှင့်အတူ ဆက်ရမည့်ခရီးကို ရှေ့ဆက်လိုက်တော့သည်။
ထိုရက်ပိုင်းများတွင် ရဲရှောင်က ရှေးဦးခရမ်းရောင်ချီဓာတ်များကို အသုံးပြု၍ အဆိပ်ဘုရင်၏ ခန္ဓာကိုယ် ထဲမှ စွမ်းအင်များကို စုပ်ထုတ်ပေးခဲ့လေသည်။ ရှေးဦးခရမ်းရောင်ချီဓာတ်များမှာ အမှန်တကယ်ကိုပင် ထူးခြားသော စွမ်းအင်မျိုးပင်ဖြစ်၏။
ထို့ပြင် ဟင်းလင်းပြင်ကြံ၏ အကူအညီဖြင့် ပန်းဘုရင်၏ ခန္ဓာကိုယ်အတွင်းမှ သုံးပေအမြင့်အနီရောင်ပန်း၏ အစွမ်းမှာ တဖြည်းဖြည်း အားနည်းသွားလေတော့သည်။ ထို့ကြောင့် ထင်မှတ်ထားသည်ထက်ပင် အခြေအနေများ မှာ ပိုမိုကောင်းမွန်လာပြီး စွမ်းအင်အများစုကို စုပ်ယူနိုင်ခဲ့၏။
ထိုသို့ဖြင့် နောက်ဆုံးတွင် ပန်းဘုရင်မှာ ပြန်လည်၍ သက်သာလာခဲ့လေသည်။ အကယ်၍ သုံးပေအမြင့်ရှိ အနီရောင်ပန်း၏ သက်ရောက်မှုများ ကုန်စင်သွားမည်ဆိုပါက ပန်းဘုရင်အဖို့ သူ၏အစွမ်းထက်ဆုံး အခြေအနေသို့ ပြန်လည်၍ ရောက်ရှိလာနိုင်ပေလိမ့်မည်။
စင်စစ် အနက်ရောင်မြို့တော်တွင်ရှိစဉ်က ပန်းဘုရင်၏ လုပ်ရပ်ကြောင့် ရဲရှောင်က အစွမ်းကုန် ပြန်လည်၍ ကူညီပေးရန် ကြိုးစားနေခြင်းဖြစ်သည်။ ထို့ပြင် ပန်းနှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝလှခြင်းကြောင့်လည်း ရဲရှောင် အဖို့ ပန်းဘုရင်အပေါ် လေးစားမှုပိုနေရခြင်းဖြစ်သည်။
ထိုအချိန် အဆိပ်ဘုရင်မှာလည်း ရဲရှောင်ပေးသည့် အဆိပ်နှင့်ပတ်သက်သည့်စာအုပ်ကို ဖတ်ရှုလေ့လာခဲ့ပြီး ပန်းဘုရင်ထံမှ သင်ယူစရာရှိသည်များကို ရိုကျိုးစွာဖြင့်ပင် နာခံသင်ယူခဲ့လေသည်။
ပန်းအချို့ဆိုသည်က အဆိပ်ရှိနေတတ်သည် မဟုတ်ပါလား။ တစ်ခါတစ်ရံတွင် ပန်းတစ်ပွင့်မှာ ပိုမို၍ လှပ လေလေ ပိုမို၍ အဆိပ်ရှိတတ်စမြဲပါပင်။ ထိုသို့ဖြင့် အဆိပ်ဘုရင်မှာလည်း များစွာ တိုးတက်လာခဲ့လေသည်။
လမ်းတစ်လျှောက် ခရီးနေနေရင်းဖြင့် ပန်းဘုရင်စိတ်ထဲ ရဲရှောင်အပေါ် ပိုပို၍ လေးစားအထင်ကြီးမိလာ၏။ ရဲရှောင်၏ အသိဉာဏ်၊ စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တအားလုံးကို ပန်းဘုရင် အထင်ကြီးလေးစားမိနေခြင်းပါပင်။
ကောင်းကင်ဘုံအထက် လူသားနယ်ပယ်၏ သိုင်းလောက၌ နှစ်ပေါင်း ၁ သိန်းကျော် ကျင်လည်ခဲ့ဖူးသော သူ့အဖို့ ယခုမှသာ ထိုသို့သောစိတ်မျိုး ခံစားရခြင်းဖြစ်၏။ ထို့ကြောင့် ပန်းဘုရင်၏ စိတ်ထဲတွင် -
(ရဲရှောင်က တစ်နေ့မှာ အနှိုင်းမဲ့ပညာရှင်ကြီးနှစ်ပါးထက်ကို ပိုပြီးအောင်မြင်မှုရရှိလိမ့်မယ် . . .)
ဤသည်ကား သူ၏ထင်မြင်ယူဆချက်သာဖြစ်၏။ ထို့ကြောင့် သူ့ကိုယ်သူလည်း ရဲရှောင်၏နောက်လိုက်လူ အဖြစ် ကျေကျေနပ်နပ်ကြီး ခံယူလိုက်တော့သည်။
. . .
အနက်ရောင်မြို့တော်မှ ခရီးနှင်လာပြီး မိုင် ၁၀၀၀ ကျော်ရောက်သည်အထိ ငြိမ်းငြိမ်းချမ်းချမ်းပင်ရှိခဲ့၏။
ရဲရှောင်လည်း ပန်းဘုရင်နှင့် အဆိပ်ဘုရင်တို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ချစ်ခင်ခင်ဖြင့် စကားပြော ဆိုနေသည်ကိုကြည့်ရင်း ကျေနပ်နေမိလေသည်။
ယခုအချိန်တွင် အဆိပ်ဘုရင်က သူ့ကိုယ်သူ ပိုမို၍ ယုံကြည်ချက် ရှိလာခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် အခြေအနေများမှာ ပိုမို၍ ကောင်းမွန်သထက် ကောင်းမွန်လာပြီဟု ဆိုနိုင်သည်။
ထိုသို့ဖြင့် စကားတပြောပြောနှင့် ရှေ့မှခရီးနှင်နေသော ပန်းဘုရင်နှင့် အဆိပ်ဘုရင်တို့ကြောင့် ရဲရှောင်လည်း ရွှမ်ပိုင်နှင့် စကားစမြည်ပြောဆိုရန် အခွင့်အရေးရရှိသွားခဲ့၏။
ရဲရှောင်အဖို့ ဂျိမျိုးနွယ်စု၏ တန်ပြန်သက်ရောက်မှုကို ကူညီပေးခဲ့၍ အတော်အတန် ပင်ပန်းနေပြီဟု ဆိုနိုင် သည်။ ထိုစဉ်က သူ၏ရှေးဦးခရမ်းရောင်ချီဓာတ်များက အရေးပါလွန်းခဲ့၏။
စင်စစ် သူ၏ရှေးဦးခရမ်းရောင်ချီဓာတ်များ၊ ဆေးလုံးများ၏ အကူအညီဖြင့် အံ့ဖွယ်သမားတော်တစ်ပါးကဲ့သို့ ကုသမှုများကို စွမ်းစွမ်းတမံ ပြုလုပ်ပေးနိုင်ခဲ့လေသည်။ ထို့ကြောင့် ထိုအချိန်က ရွှမ်ပိုင်နှင့် စကားပြောဆိုရန် အချိန် မရှိခဲ့၊ ယခုအချိန်မှသာ ပြောဆိုရခြင်းဖြစ်၏။
“ပိုင်အာ . . . မင်းက ငါ့ကိုအံ့အားသင့်စေခဲ့တာပဲ . . .”
ရဲရှောင်က ပိုင်အာ၏ခါးလေးကိုဖက်ရင်း ပြောလိုက်၏။ သူ၏ ပူနွေးသော အသက်ရှူသံများက ပိုင်အာ၏ နားရွက်ထံသို့ပင် တိုးထိနေ၍ ပိုင်အာတစ်ယောက် ရှက်သွေးဖြာသွားမိသည်။
ရဲရှောင်က ပိုင်အာကို ရွှမ်ပိုင်မှန်းသိသော်လည်း မည်သို့ဖြစ်နေပါစေ သူ့စိတ်ထဲ ရွှမ်ပိုင်ကို သူ့အနားခစားခဲ့ သည့် ပိုင်အာအဖြစ်သာ မှတ်ယူနေမိ၏။
ရွှမ်ပိုင်က အားအင်ဖျော့တော့သည့် အသံမျိုးဖြင့် -
“အစ်ကိုကြီးစိတ်ထဲ ဘာတွေများ အံ့အားသင့်စရာကောင်းနေတာလဲ . . .”
ရဲရှောင်က မျက်မှောင်ကြုတ်လိုက်ရင်း -
“ပြောစမ်းပါဦး ကောင်မလေး . . . မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ အဆင့်တက်လာရတာလဲ၊ ဘာလို့ မင်း ဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ၊ ငါကတော့ မင်းကိုအထင်ကြီးလေးစားမိသွားပြီ . . .”
ရွှမ်ပိုင်မှ ရဲရှောင်အားကြည့်လိုက်ကာ -
“အစ်ကိုကြီး . . . ကျွန်မကိုတွေ့လို့ အံ့ဩတာလား ဒါမှမဟုတ် ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်ကိုတွေ့လို့ အံ့ဩ တာလား၊ အစ်ကိုကြီး ကျွန်မကိုကြည့်တဲ့ အကြည့်က လေးစားတဲ့အကြည့်မျိုး ဖြစ်နေသလိုပဲ၊ တကယ်တမ်းကျ အစ်ကိုကြီးရဲ့ အဆင့်ကလည်း မနိမ့်ဘူးလေ . . .”
ရဲရှောင်က အံ့ဩသွားဟန်ဖြင့် -
“ငါ့အဆင့်က မနိမ့်ဘူးဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် ဒါကအကြောင်းအရင်းရှိတယ် . . .”
“ပိုင်အာလေး . . . မင်းဘာလို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တယ်ဆိုတာ ပြောပြစမ်းပါ၊ မင်းရဲ့ စွမ်းအင်တွေက သိပ်ကိုသန့်စင်နေတယ် တော်တော်ကို အံ့ဩဖို့ကောင်းတာပဲ၊ မင်းအခုလို အောင်မြင်မှုရနေတာ ငါတကယ်ကို အံ့ဩလေးစားမိတယ် . . .”
ထိုစကားများက ရဲရှောင် လိမ်နေခြင်း မဟုတ်ပေ။ ရွှမ်ပိုင်၏ တိုးတက်မှုက အမှန်တကယ်ကိုပင် အထင်ကြီး အံ့ဩဖို့ ကောင်းနေသည် မဟုတ်ပါလား။
စင်စစ် ရဲရှောင်စိတ်ထဲ ရွှမ်ပိုင်၏ တိုးတက်မှုအခြေအနေကိုကြည့်ပြီး တခြားလူများ၏ အခြေအနေကို မှန်းဆ ချင်နေမိခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရဲရှောင်အဖို့ ရွှမ်ပိုင် တိုးတက်လာသည့်အကြောင်းကို မှန်းဆ၍ မရနိုင်အောင် ဖြစ်နေ ပါတော့သည်။
YOU ARE READING