အခန်း (၁၅၀၃-က)(စာစဉ် ၁၁၆- အပိုင်း ၅)
“စည်းရုံးသိမ်းသွင်းခြင်း”
ဘူရှန်းဖန်မှာ ရုတ်တရက် စကားလုံးများ ပျောက်ဆုံးသွားသလို ဆွံ့အသွားသည်။ ထိုအချိန် ရဲရှောင်မှ တစ်ဖက်သို့ လှည့်ထွက်သွားပြီ ဖြစ်လေသည်။ ထိုသို့ လှည့်မထွက်ခင် ရဲရှောင်မှ -
“ဘူ . . . သတိထားပါ။ ကျုပ်တို့နေရာမှာ ဘယ်သူမှ ပြဿနာ လာမရှာစေနဲ့၊ ကျုပ်ကျင့်ကြံမှုနည်းနည်း လုပ်ပြီးရင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ ဆက်သွယ်ဦးမယ်။ သူတို့မှာလည်း မူလသူတော်စင်အဆင့် ပညာရှင်တွေ အများကြီး ရှိနေမှာပါ။ ကျုပ်ရဲ့ သူတော်စင်တိမ်တိုက်ဆေးလုံးက နာမည်ကြီးသွားမှာ သေချာတယ်။ ကျုပ်ရဲ့ ဆေးလုံးအတွက် သူတို့ဆီက တန်ဖိုးကြီး အရာတွေ အများကြီး ရနိုင်မယ် ထင်တယ် . . .”
ထိုသို့ ပြောပြီးနောက် ရဲရှောင်လည်း ထွက်ခွာသွားလေသည်။ ထိုနေရာတွင် ဘူရှန်းဖန်သာ ငူငူငိုင်ငိုင်ကြီး ဖြင့် ကျန်ရစ်ခဲ့လေ၏။
(သေစမ်း . . . သူတော်စင်တိမ်တိုက်ဆေးလုံးတွေကို ငါသေချာ မြင်တွေ့လိုက်ရတာပဲ၊ ဆေးလုံးတွေ အားလုံးကလည်း ထူးခြားအစွမ်းထက် အဆင့်တွေ။ သူကငါ့ကို တစ်လုံးတောင် မပေးသွားဘူး။ တခြားလူကို တောင် ပေးဦးမယ်။ ဆေးလုံးတွေက နာမည်မကြီးဘဲ နေပါ့မလား . . .)
(တခြားလူတွေ ဆေးလုံးရသွားတာကို ငါဒီတိုင်း ထိုင်ကြည့်နေရတော့မှာလား။ ငါ့ကိုသာ အသေသတ် သွားလိုက်ပါတော့ . . .)
ဘူရှန်းဖန်တစ်ယောက် တွေးရင်းဖြင့် ငိုချင်လာလေသည်။ ထိုအခိုက်အတန့်တွင် ရဲရှောင်ပြောခဲ့သည့် စကားများကိုလည်း ပြန်လည် ကြားယောင်လာမိ၏။
‘ဘူ . . . တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ကျုပ်ရဲ့ ဧကရာဇ်ခန်းမမှာ နေနိုင်ဖို့အတွက် ကျုပ်ကို တောင်းပန် နေရလိမ့်မယ် . . .’
ရဲရှောင်ထိုသို့ ပြောခဲ့သည့်အချိန် ဘူရှန်းဖန်တစ်ယောက် အထင်သေးခဲ့မိသည်။ ယခုအခါတွင်မူ သူ၏ အထင်များ မှားယွင်းနေပြီကြောင်း သဘောပေါက်လိုက်မိ၏။
ထို့ကြောင့် လက်ရှိအချိန်တွင် ဘူရှန်းဖန်အဖို့ အလွန်နောင်တရနေချေပြီ။ နောင်တဆိုသည်မှာလည်း နောင်မှသာရတတ်သည့် အရာပင် မဟုတ်ပါလား။
အကယ်၍ သူသာ မာနမကြီးခဲ့ပါက ယခုအချိန်တွင် တောင်းပန်ရမည့် အနေအထားမျိုး မရှိနိုင်ချေ။ သို့သော် ထိုသို့ ဒူးထောက်တောင်းပန်မည် ဆိုလျှင်လည်း သူ့အတွက် အတော်ကြီးပင် ခံရခက်စေလိမ့်မည်။
ထိုအချိန် ရဲရှောင်မှာမူ ထူးခြားအစွမ်းထက် ဆေးလုံးများထည့်ထားသော ပုလင်းကိုကိုင်ကာ သေခြင်းနှင့် ရှင်ခြင်းခန်းမ၏ နောက်ဘက်ရှိ အခန်းအတွင်းသို့ ဝင်သွားလိုက်၏။ ရဲရှောင်၏ မျက်နှာက အောင်နိုင်သူကြီးပမာ ပြုံးရွှင်လျက်သာ ရှိနေလေသည်။
(ဘူရှန်းဖန် . . . ခင်ဗျား လိုချင်နေပြီ မဟုတ်လား။ ဟမ့် . . . ဘာလုပ်ရမလဲဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားဘက်က မတောင်းပန်မချင်း ကျုပ်ကပေးစရာလား . . .)
. . .
ရဲရှောင်မှ ထိုကဲ့သို့ ဧကရာဇ်ခန်းမအား တည်ဆောက်နေချိန် ဖရိုဖရဲမြို့တော်ကြီးမှာ အမှန်တကယ်ကိုပင် ဖရိုဖရဲ ဖြစ်လျက် ရှိနေသည်။
ထိုသို့ဖြစ်သည်မှာ ဖရိုဖရဲမြို့တော်၌ နှစ်ပေါင်းတစ်သိန်းအတွင်း ပထမဆုံးအကြိမ်ပါပင်။
“မုန်တိုင်းအိမ်တော်က လူသူစုဆောင်းနေတယ် . . . သူတို့က လုံခြုံမှုအတွက် အာမခံတယ်တဲ့ . . .”
“သဘာဝတရားခန်းမနဲ့ ရှဲ့အင်အားစုတို့လည်း တိုက်ခိုက်နေကြတယ်၊ ရှဲ့အင်အားစုက အရေးနိမ့်သွားပြီး သဘာဝတရားခန်းမက ထိပ်သီးပညာရှင် ၃ ယောက် ဒဏ်ရာရသွားခဲ့ကြတယ်။ အခုသူတို့တွေ သူတို့နေရာသူတို့ ပြန်ရောက်သွားကြပြီ . . .”
“ညီနောင်မဟာမိတ်အဖွဲ့ကတော့ ဥပဒေတစ်ထောင်ဂိုဏ်းကို အနိုင်ယူလိုက်ပြီ။ ဥပဒေတစ်ထောင်ဂိုဏ်း က ဖရိုဖရဲမြို့တော်ရဲ့ နေရာလုပွဲ စင်မြင့်ကနေ ထွက်သွားရပြီပေါ့ . . .”
“ဓားပျံဂိုဏ်းကို အနိုင်ယူခဲ့တဲ့ သံမဏိဓားဂိုဏ်းကလည်း ဖရိုဖရဲမြို့တော်ထဲကို ဝင်လာကြပြီ . . .”
“သူခိုးဂိုဏ်းနဲ့ ရွက်လှေဂိုဏ်းကလည်း တိုက်ခိုက်နေကြပြီ။ နှစ်ဖက်လုံး ထိခိုက်သွားကြတယ်လို့ ကြား တယ်။ တောင်းဆုဂိုဏ်းက အဲဒီဂိုဏ်း ၂ ဂိုဏ်းအပေါ် အမြတ်ထုတ်သွားတယ် . . .”
“သံမဏိချပ်ဝတ်အဖွဲ့က ဝံပုလွေပျံဂိုဏ်းကို အနိုင်ယူလိုက်ပြီး မြို့အရှေ့ဘက်က လိမျိုးနွယ်ရဲ့ အိမ်တော် ကို သိမ်းပိုက်သွားနိုင်တယ် . . .”
“ညီနောင်မဟာမိတ်အဖွဲ့က ဒီတစ်ခေါက်တော့ ကောင်းကောင်းကြီး လှုပ်ရှားလိုက်ကြတယ်။ ဒါပေမယ့် မဟာဗဟိုခန်းမကို တိုက်ခိုက်တဲ့အချိန် လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တွေ တိုက်ခိုက်တာ ခံလိုက်ရပြီး အထိ နာသွားကြတယ် . . .”
. . .
ရဲရှောင်တစ်ယောက် အဆိုပါ သတင်းများကို ဖတ်ရှုနေမိ၏။
သို့သော် ထိုသတင်းပို့ချက်များကို ဖတ်ရှုပြီးသည်နှင့် ချက်ချင်းပင် လွှင့်ပစ်လိုက်သည်။ အများအမြင်တွင် ရဲရှောင်၏ပုံစံက မထူးခြားသလိုပုံစံမျိုး ဖြစ်နေသည့်တိုင် အဆိုပါ သတင်းများကို သူ့စိတ်ထဲ ကောင်းစွာ မှတ်သား ထားလေသည်။
ထိုအခိုက်အတန့်တွင် သူ၏ ဧကရာဇ်ခန်းမအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများကို အတိအကျသတ် မှတ်ရန် အဖွဲ့တစ်ဖွဲ့ လိုအပ်နေပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
အရာရာကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရသည့်အခါမှသာ လိုအပ်နေသော အရာကို သိရှိကြစမြဲပင် မဟုတ် ပါလား။
ရဲရှောင်အဖို့ ဧကရာဇ်ခန်းမအတွင်း ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးချင်သော်လည်း ယခုအခါတွင် မပြု လုပ်နိုင်သေးချေ။
တကယ်တမ်းတွင် အဖွဲ့အစည်းတစ်ခု မဆိုနှင့် လူတစ်ဦးချင်းကိုပင် စည်းကမ်းသေဝပ်အောင် ပဲ့ပြင်ရန်မှာ ခက်ခဲလွန်းလှသည်။ လူတိုင်းက သူထုတ်သည့် စည်းမျဉ်းများကို တိတိကျကျ လိုက်နာရန်မှာ ထင်သလောက် မလွယ်ပြီ မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန် သူ့အတွက် အလုပ်လုပ်ပေးမည့် လူများစွာ လိုအပ်နေလေသည်။
ရဲရှောင်လည်း ရည်မှန်းချက်မြင့်မြင့်ထားသူပီပီ တွေးတောရင်းဖြင့် ခေါင်းကိုက်လာ၏။ ထို့ပြင် တစ်ရက် ပြီး တစ်ရက် စဉ်းစားပြီးနောက်တွင်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် မည်မျှထိ ခက်ခဲသည်ကို ရဲရှောင် သဘောပေါက်လာမိသည်။
စင်စစ် ရဲရှောင်သာမက မိစ္ဆာဝိညာဉ်နက်၊ ဘိုင်လုံ၊ ချူလျူနှင့် ဘူရှန်းဖန်တို့လည်း ထိုကဲ့သို့သော အလုပ် မျိုး၌ ကျွမ်းကျင်ကြခြင်း မရှိကြသေးချေ။
ထို့ကြောင့် သူတို့အဖို့ အရာအားလုံး အစီအစဉ်တကျ ဖြစ်အောင် လုပ်ပေးနိုင်မည့် အရည်အချင်းရှိသော လူတစ်ဦးကို မဖြစ်မနေ လိုအပ်နေကြလေသည်။
နောက်ဆုံးတွင်မူ ဖရိုဖရဲမြို့တော်၏ မြို့အစောင့်အရှောက်အဖွဲ့တွင် အလုပ်လုပ်ခဲ့သော သမာသမတ်ကျ သည့် ဂွမ်တိုင်မန် ဆိုသည့် လူတစ်ဦးကို တွေ့သွားခဲ့၏။
ထိုလူမှာ မြို့တော်အတွင်း စည်းမျဉ်းစည်းကမ်းများ တင်းကြပ်ခဲ့စဉ်က ထိုစည်းမျဉ်းများကို တိကျစွာ လိုက်နာစေခဲ့သော အရက်စက်ဆုံး အရာရှိတစ်ဦးလည်း ဖြစ်ပေသည်။
ထို့ကြောင့် မြို့အစောင့်အရှောက်တပ်များ မရှိတော့သည့်အခါ လူအများစု၏ မျက်မုန်းကျိုးခြင်းကို ထိုလူ ခံရတော့သည်။
တစ်နည်းအားဖြင့် ရန်သူများ ဝိုင်းနေသည်ဟု ဆိုနိုင်၏။ သူအပြစ်ပေးခဲ့သော လူများမှာ သူ့အား ပြန်၍ လက်စားချေရန် တာဆူနေပြီ မဟုတ်ပါလား။
ထို့နောက် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ရဲရှောင်လည်း ဂွမ်တိုင်မန်ထံ သွားရောက်စည်းရုံးခဲ့ လေသည်။ စင်စစ် ရဲရှောင်က သူသာမက သူ၏ မိသားစုတစ်စုလုံးကို တာဝန်ယူပေးလိုက်ခြင်းဖြစ်၏။
ဂွမ်တိုင်မန်မှာမူ ဘဏ္ဍာရေးကဏ္ဍ၊ စာရင်းစစ်ဆေးရေးကဏ္ဍနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့ကို တာဝန်ယူ ပေးရမည် ဖြစ်သည်။ ထိုသို့ဖြင့် ဂွမ်တိုင်မန်မှာ ရဲရှောင်ထံတွင် ကြီးကြပ်သူတစ်ဦး ဖြစ်လာခဲ့တော့၏။
သို့သော် မူလလျှို့ဝှက်အဆင့် ၇ သာရှိသော ဂွမ်တိုင်မန်တစ်ယောက် ရောက်ပြီး ၁ ရက်အကြာတွင်ပင် များပြားလွန်းသော အလုပ်များကြောင့် သတိလစ်ချင်သလို ဖြစ်ခဲ့ရ၏။
“ဆရာဂွမ် . . . ခင်ဗျားက ဖရိုဖရဲမြို့တော်မှာ နှစ်တွေအကြာကြီး နေခဲ့တော့ မြို့မှာ အဆက်အသွယ်တွေ အများကြီးရှိမယ်ထင်တယ်၊ အဲဒီတော့ ခင်ဗျားရဲ့ မိတ်ဆွေနည်းနည်းလောက်ကို ကျုပ်အတွက် စည်းရုံးပေးနိုင် မလား၊ ကျုပ်ရဲ့အလုပ်တွေမှာ ယုံကြည်လို့ ရနိုင်လောက်မယ့် လူတွေပေါ့ . . .”
ရဲရှောင်မှ အဘိုးကြီးအား ပြောလိုက်၏။
“ကျုပ်က သူတို့လုံခြုံမှုအတွက် အာမခံပေးနိုင်သလို လစာလည်း ကောင်းကောင်း ပေးနိုင်ပါတယ် . . .”
လက်ရှိအချိန်တွင် ဖရိုဖရဲမြို့တော်အတွင်း၌ တန်ဖိုးအရှိဆုံးအရာမှာ ငွေကြေးထက် လုံခြုံမှုပင်ဖြစ်၏။ ထို့ကြောင့် ရဲရှောင်က လုံခြုံမှုပေးမည်ဆို၍ ဆရာဂွမ်က ထိုအချက်ကို အလွန်စိတ်ဝင်စားသွားမိသည်။
ထို့ကြောင့် ဆရာဂွမ်လည်း သူနှင့်ခင်မင်ရင်းနှီးသော လူများကိုသာမက သူနှင့်မတည့်သည့်တိုင် အရည် အချင်းရှိသော လူများကိုပါ စည်းရုံးပေးခဲ့လေသည်။
ထိုသို့ဖြင့် နောက်ဆုံးတွင် ဆရာဂွမ်၏ အားထုတ်မှုကြောင့် လူ ၃၀ နီးပါးခန့်မှာ ရဲရှောင်ရှိရာသို့ ရောက်ရှိ လာကြလေသည်။ ထိုလူများနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များလည်း ပါလာကြ၏။
ရဲရှောင်လည်း တစ်ယောက်ကိုမျှ ငြင်းဆန်ခြင်း မပြုဘဲ အားလုံးကို လက်ခံလိုက်တော့သည်။
လက်ရှိအချိန်တွင် သူ့အတွက် အလုပ်လုပ်ပေးမည့်လူများစွာ လိုအပ်နေသည် မဟုတ်ပါလား။ သို့သော် ရဲရှောင်က ထိုလူများအားလုံးကို သင့်လျော်ရာ အလုပ်တာဝန်များ ခွဲဝေပေးခဲ့ပြီး မလုပ်ချင်သော လူများရှိပါက လည်း ၎င်းတို့၏ သဘောဆန္ဒအရ ထွက်ခွင့်ပေးခဲ့လေသည်။
ထိုသို့ဖြင့် ၃ ရက်ကြာပြီးနောက်တွင် ဧကရာဇ်ခန်းမ၌ တရားရေးဌာန၊ စာရင်းစစ်ဌာန၊ ဘဏ္ဍာရေးဌာန၊ ကြီးကြပ်ရေးဌာနတို့ဖြင့် စနစ်တကျ ရှိသွားတော့၏။
ထို့ပြင် ဧကရာဇ်ခန်းမအတွက် ကင်းစောင့်မည့် လူများကိုလည်း ရွေးချယ်ခဲ့ပြီး ၎င်းတို့အတွက် စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပေးခဲ့လေသည်။
ထို့နောက်တွင် ပြဿနာတစ်ခုကို ရဲရှောင် တွေ့လိုက်ရ၏။ ထိုပြဿနာမှာ အခြားမဟုတ်။
ခန်းမအတွက် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် လူများရှိနေပြီဖြစ်သည့်တိုင် တိုက်ခိုက်ရေးအတွက် တိုက်စစ်မှူးဟူ၍ ချူလျူ၊ ဘိုင်လုံနှင့် မိစ္ဆာဝိညာဉ်နက်တို့ ၃ ယောက်သာ ရှိနေသေးခြင်းကြောင့်ဖြစ်၏။
ထို့ကြောင့် ဌာနအသီးသီး၌ လူ ၁၀၀ ခန့်နီးပါးထိ ရှိနေပြီဖြစ်သည့်တိုင် ထိုလူ ၁၀၀ နီးပါးမှာ လူ ၃ ဦး တည်းအတွက်သာ အထောက်အပံ့ပေးရမလို ဖြစ်နေလေသည်။
ထိုအချက်ကြောင့် ရဲရှောင် ခေါင်းခဲနေရပြီ ဖြစ်ပါတော့သည်။
YOU ARE READING