အခန်း (၁၈၂၆ - က)(စာစဉ် ၁၄၅- အပိုင်း ၈)
"ရဲရှောင်၏ ဒေါသ"
ကမ္ဘာကြီး စတင်သည့်အချိန်တွင် အလွန့်အလွန် အစွမ်းထက်သည့် သက်ရှိများမှာ အနည်းငယ်သာရှိ၏။ ထို သက်ရှိများထဲမှ တစ်ခုမှာ ဖီးနစ်မျိုးနွယ်ပင် ဖြစ်လေသည်။ သမိုင်းတွင် ပထမဆုံးရှိခဲ့သည့် ထိုဖီးနစ်မှာ ဖီးနစ်များ အားလုံး၏ ဘိုးဘေးကြီးပင်ဖြစ်ခဲ့၏။
တကယ်တမ်းတွင် ဖီးနစ်များအား ကောင်းကင်နှင့်မြေကြီးမှ ဖန်တီးထားခြင်းဖြစ်ပြီး ငရဲဖီးနစ်မှာမူ ဖီးနစ် ဘိုးဘေးကြီး၏ အမွေဆက်ခံသူလည်းဖြစ်သည်။ သို့သော် ဖီးနစ်ဘိုးဘေးကြီးမှာ ပျောက်ကွယ်သွားပြီးနောက် မည် သည့်အခါမှ ပြန်မပေါ်လာတော့သဖြင့် ငရဲဖီးနစ်သာလျှင် ဖီးနစ်မျိုးနွယ်စု၏ ထိပ်ဆုံးအဆင့်ဖီးနစ် ဖြစ်လာခဲ့ရသည်။
နောက်ပိုင်းတွင် ငရဲဖီးနစ်၏ ကြိုးစားအားထုတ်မှုကြောင့် ဖီးနစ်မျိုးနွယ်စုမှာ အားကောင်းသထက် ကောင်း လာခဲ့၏။ သို့သော် ဖီးနစ်ခေါင်းဆောင်ပိုင်းများပင်လျှင် ဖီးနစ်ဘိုးဘေးကြီး၏အကြောင်းကို သိရှိခဲ့ကြခြင်း မရှိပေ။ ဖီးနစ်ဘုရင်မမှာမူ ခြွင်းချက်အနေဖြင့် သိရှိနေလေသည်။
ထိုဖီးနစ်ဘိုးဘေးကြီး၏ အကြောင်းအရာများအားလုံးမှာ လျှို့ဝှက်ဆန်းကျယ်လွန်းလှသည် မဟုတ်ပါလား။ ထို့ကြောင့် မည်သူမှ လွယ်လွယ်ဖြင့် မသိရှိနိုင်ကြချေ။
မှတ်တမ်းမှတ်ရာများအရ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်၏ အစွမ်းထက် ပညာရှင်များပင်လျှင် ဖီးနစ်ဘိုးဘေးကြီးကဲ့သို့ အဆင့်မျိုး မရောက်နိုင်ဟု ဆိုခဲ့ကြ၏။ ထို့ကြောင့် ဖီးနစ်ဘိုးဘေးကြီးအတွက် လက်ရှိကမ္ဘာ ရှိအရာများက ပုရွက်ဆိတ်များကဲ့သို့ပင် အင်အားနည်းလွန်းနေလေသည်။
ထိုသို့ဆိုလျှင် ဖီးနစ်ဘိုးဘေးကြီးက မည်မျှထိ အစွမ်းထက်နေပါသနည်း။
မော်တယ်ကမ္ဘာတွင် ကောင်းကင်အဆင့်နှင့်အထက် ပညာရှင်များကို ထိန်းချုပ်နိုင်စွမ်း မရှိချေ။ ထို့အတူ ချင်းရန်နယ်ပယ်တွင်မူ မူလတာအိုနှင့်အထက် ပညာရှင်များကို မထိန်းချုပ်နိုင်ကြချေ။
ထို့ကြောင့် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင်လည်း ဖီးနစ်ဘိုးဘေးကြီးကို မည်သို့မှ ထိန်းချုပ် နိုင်စွမ်း မရှိတော့ပေ။
မှတ်တမ်းများ၏ အဆိုအရ ဖီးနစ်ဘိုးဘေးကြီးက ယခုကမ္ဘာ၏ ဟင်းလင်းပြင်ကို ချိုးဖျက်ကာ ထွက်ခွာသွား ခဲ့သည်ဟု ဆိုထား၏။ သို့သော် ထိုသမိုင်းမှတ်တမ်း အဆုံးသတ်များမှာ တစ်ယောက်တစ်မျိုးဖြင့် အမျိုးမျိုးအဖုံဖုံပင် ဖြစ်နေလေသည်။
အချို့မှာမူ ဖီးနစ်ဘိုးဘေးကြီးက ၎င်းထက် အရင်ဖြစ်တည်ခဲ့သည့် ဖီးနစ်တစ်ကောင်ကောင်နှင့်တွေ့ဆုံ၍ အထက်နယ်ပယ်သို့ တက်လှမ်းသွားသည်ဟုလည်း ဆိုထားကြသည်။ သို့သော် ဤသည်မှာလည်း ကောလဟာလ မှတ်တမ်းများသာဖြစ်၏။
စင်စစ် မှတ်တမ်းများမှာ မျိုးနွယ်စုများအတွင်း အမျိုးမျိုးအဖုံဖုံ ကွဲပြားခဲ့လေသည်။ ဖီးနစ်မျိုးနွယ်စုက ထိုသို့ မှတ်တမ်းတင်ခဲ့သလို သားရဲမျိုးနွယ်စုများ၊ နဂါးမျိုးနွယ်စုများကလည်း ၎င်းတို့၏ ဘိုးဘေးများကို မှတ်တမ်းမှတ်ရာ များဖြင့် မှတ်တမ်းတင်ခဲ့ကြ၏။
မည်မျှထိဆိုလျှင် ဖီးနစ်ဘိုးဘေးကြီးကို လူသားတစ်ဦးဦးက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုပင် မှတ်တမ်း တင်ထားကြသည်။ သို့သော် ခိုင်လုံသည့် သက်သေမရှိ၍ မည်သည်က အမှန်ဆိုသည်ကိုမူ မည်သူမှ မသိရှိကြချေ။
မည်သို့ပင်ဆိုစေကာမူ ဖီးနစ်ဘိုးဘေးကြီး အလွန်အစွမ်းထက်သည်ဆိုသည့် အချက်မှာမူ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ဖီးနစ်မျိုးနွယ်စု၏ ကျက်သရဂုဏ်ဆောင်ဟုလည်း ဆိုနိုင်သည်။
ထိုသို့ဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပြောင်းလဲလာပြီးနောက် မှတ်တမ်းမှတ်ရာများ၊ အချက်အလက် များမှာလည်း အနည်းငယ်သာ ကျန်ရှိကြတော့၏။ ထိုအနည်းအကျဉ်းမျှကိုပင် ဖီးနစ်မျိုးနွယ်စု၏ အမွေဆက်ခံသူ ဘုရင်နှင့် ဘုရင်မများမှာ မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းပေးခဲ့ကြလေသည်။
ထို့ကြောင့် သိသည့်လူမှာ ယခင်ကထက် တဖြည်းဖြည်း နည်းပါးသွားခဲ့သည်ဟု ဆိုနိုင်သည်။ မည်မျှထိဆို ပါကဖီးနစ်ဘိုးဘေးကြီး ထိုမျှလောက်ထိ အစွမ်းထက်ခဲ့ပြီး ကမ္ဘာကြီးပေါ်၌ ဖြစ်တည်ခဲ့သည်ဆိုသည့်အချက်ကိုပင် သိရှိသည့်လူက အနည်းငယ်သာ ကျန်ရှိတော့ခြင်းဖြစ်သည်။
သို့သော် ဖီးနစ်မျိုးနွယ်စု၏ ဘုရင်မဖြစ်သူပီပီ ရွှေရောင်ဖီးနစ်ဘုရင်မမှာမူ ထိုအနည်းအကျဉ်းမျှသော အချက် များကို သိရှိထားလေသည်။ သူမ လက်ဆင့်ကမ်းလာသည့် အချက်များက မှားသည်မှန်သည်ကိုမူ သက်သေပြနိုင် သည့် နည်းလမ်း မရှိတော့ချေ။
သူမ ကြားသိခဲ့ရသည့်အချက်များကလည်း ယခင်က ဘုရင်နှင့်ဘုရင်မများ လက်ဆင့်ကမ်းလာသည့် အချက် များပင် မဟုတ်ပါလား။ ထို့ကြောင့် ထိန်းသိမ်းရုံသာ ထိန်းသိမ်းခဲ့ပြီး ဖြစ်တည်မှုအစ သက်သေကိုမူ မပြနိုင်တော့ချေ။
မှတ်တမ်းများအရ သူမတို့၏ ဘိုးဘေးကြီး မွေးဖွားခဲ့စဉ်က ဖီးနစ်သရဖူ အမွှေးအတောင် ၉ ခုရှိခဲ့သည်ဆို၏။ ထိုအမွှေး ၉ ခု၌ ထူးခြားသော နာမည်နာမတစ်ခုရှိခဲ့ပြီး သူတော်စင်သရဖူဟူ၍ဖြစ်လေသည်။
ထို့ကြောင့် ၉ ခုဆိုသော ကိန်းဂဏန်းမှာ ဖီးနစ်မျိုးနွယ်စုအတွင်း အကြီးဆုံးနှင့်အများဆုံး အရေအတွက်ပင် ဖြစ်ခဲ့ရသည်။ တစ်နည်းအားဖြင့် ထိုကဲ့သို့သော အနေအထားမျိုးရရှိအောင် မည်သူမှ အိပ်မက်မမက်ဝံ့ကြခြင်းဖြစ် ၏။
ထို့ကြောင့် နောက်ပိုင်းတွင် မျိုးဆက်သစ်များမှာ ဘိုးဘေးကြီးကဲ့သို့ သူတော်စင် သရဖူကို ပိုင်ဆိုင်နိုင်ခဲ့ကြ ခြင်း မရှိတော့ချေ။ ငရဲဖီးနစ်ပင်လျှင် သရဖူ၌ အမွှေး ၇ ခုသာလျှင် ရှိခဲ့သည် မဟုတ်ပါလား။
ကျန်ဖီးနစ်များမှာမူ အမွှေးအတောင် ၅ ခုထက် မပိုခဲ့ကြတော့ချေ။ ထို့ကြောင့် ထိုအမွှေး ၅ ခုရှိသော ဖီးနစ် ကပင်လျှင် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်တွင် အစွမ်းထက်ဆုံးဖြစ်နေသည်ဟု ဆိုနိုင်သည်။
ဘိုးဘေးကြီးပိုင်ဆိုင်ခဲ့သည့် သူတော်စင်သရဖူမှာ ဖီးနစ်မျိုးနွယ်စု၏ ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သော်လည်း တကယ်တမ်းတွင် အတိတ်ဆိုးတစ်ခုသာဖြစ်ခဲ့၏။ ဘိုးဘေးကြီးနောက်ပိုင်း သူတော်စင်သရဖူပိုင်ဆိုင်သည့် ဖီးနစ် ဟူ၍ မရှိတော့သဖြင့် ဖီးနစ်မျိုးနွယ်စုမှာ အင်အားကြီးသင့်သည်ထက် မကြီးဘဲ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
မည်မျှထိဆိုလျှင် ဖီးနစ်မျိုးနွယ်စုမှာ အမွှေး ၉ ခုမဆိုနှင့် ၇ ခုကိုပင် မပိုင်ဆိုင်နိုင်ကြတော့ခြင်းဖြစ်သည်။ လက်ရှိ ဖီးနစ်ဘုရင်မသည်ပင်လျှင် အမွှေး ၄ ခုကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်၏။ သို့သော် အမွှေး ၃ ခုနှင့်အထက် သရဖူကို ပိုင်ဆိုင်ရန်ပင် လွန်စွာ ခက်ခဲလှသည်။
ယခု ဖီးနစ်ပေါက်လေး၌ ခက်ခဲသည့် အခြေအနေများကို ကျော်လွှားကာ အမွှေး ၉ ခုရှိနေလိမ့်မည်ဟု ဖီးနစ် ဘုရင်မ၏စိတ်ထဲ မည်သည့်အခါကမှ မထင်မှတ်ထားခဲ့မိပေ။ ထို့ကြောင့် ရဲရှောင်၏နှုတ်မှ အမွှေး ၉ ခုဟု ပြောလိုက် သည့်အချိန် ဖီးနစ်ဘုရင်မမှာ သတိလစ်သွားသည်အထိ ဖြစ်တည်ခဲ့ရခြင်းဖြစ်သည်။
ထိုနောက်ပိုင်းတွင် ရဲရှောင် ဆက်ပြောသည့်စကားများကို ဖီးနစ်ဘုရင်မ ကြားနိုင်ခြင်း မရှိတော့ချေ။ သာမန် လူများအဖို့ အံ့ဩလွန်းရသည့် အခြေအနေနှင့်တွေ့လျှင် သတိလစ်သွားသည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ဖီးနစ်ဘုရင်မကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက်မူ သာမန်အခြေအနေမျိုးတွင် သတိလစ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူမသည်ပင်လျှင် ရဲရှောင်၏စကားကြောင့် အလွန်အမင်း ထိတ်လန့်ခဲ့ရပြီး သတိလစ်သွားသည်မှာ မယုံနိုင်ဖွယ်ကောင်းလွန်းလှ၏။
ခဏအကြာတွင်မူ ဖီးနစ်ဘုရင်မတစ်ယောက် သတိလစ်နေရာမှ လန့်နိုးလာခဲ့သည်။ ထို့နောက် နိုးနိုးလာ ချင်း ခေါင်းကိုခါယမ်းလိုက်ပြီး သူမကိုယ်သူမ အိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သေချာစေရန် ကြိုးစားလိုက် သည်။
(ငါ့သမီးဆီမှာ သူတော်စင်သရဖူရှိနေတယ်လို့ ငါကြားခဲ့တာလား . . .)
ဖီးနစ်ဘုရင်မမှာ တွေးနေရင်းဖြင့် တုန်လှုပ်သွားပြီးနောက် မတ်တပ်ထရပ်လိုက်ပြန်သည်။
"သူတော်စင်သရဖူမှာ အမွှေး ၉ ခုရှိတယ်၊ အဲဒါ သူတော်စင်သရဖူလား . . ."
ထိုသို့ရေရွတ်နေခိုက် သူမ၏ နှုတ်ခမ်းများမှာ တဆတ်ဆတ်ပင် တုန်ယင်နေပြီး အသံများလည်း တုန်ယင် လျက်ရှိနေ၏။
"ရဲရှောင် . . . ရဲရှောင် . . . ရှိသေးလား . . ."
သူမ၏ ကျယ်လောင်လှသော အသံကြောင့် နန်းတော်ကြီးတစ်ခုလုံးပင် တုန်ခါသွားလေသည်။ အကယ်၍ နန်းတော်ကြီးသာ အခိုင်အမာ တည်ဆောက်ထားခြင်းမရှိပါက သူမ၏ ထိုအော်သံကြောင့် ချက်ချင်းပင် ပြိုလဲသွား နိုင်ပေသည်။
သို့သော် တစ်ဖက်မှ ရဲရှောင်၏ တုန်ပြန်သံကိုမူ ဖီးနစ်ဘုရင်မ မကြားရတော့ချေ။
"ရဲရှောင် . . . ရဲရှောင် . . . ငါ့ကိုတစ်ခုခု ပြန်ပြောစမ်းပါဦး . . ."
ဖီးနစ်ဘုရင်မမှာ အချိန်စေ့သွားပြီကိုသိသည့်တိုင် လက်မလျှော့သေးဘဲ ရဲရှောင်အား ခေါ်နေမိ၏။
သူမ၏ ကလေးနှင့်ပတ်သက်၍ ဆက်သိချင်နေမိသည် မဟုတ်ပါလား။ သို့သော် သူမ မည်မျှထိ အော်နေစေ ကာမူ တစ်ဖက်မှအသံကို မကြားရတော့ချေ။
"ဘုန်း . . ."
ဖီးနစ်ဘုရင်မလည်း နံရံကြီးကို ချိုးဖျက်၍ ချက်ချင်းပင် ထွက်ခွာသွား၏။
"ငါအထဲမှာ ရှိနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ . . ."
ဖီးနစ်ဘုရင်မမှ အစေခံတစ်ဦးကို ဂုတ်ကဆွဲမရင်း မေးလိုက်သည်။
သူမ မှတ်မိသလောက် သူမအခန်းအတွင်းသို့ ဝင်ပြီး နာရီဝက်အကြာတွင် ရဲရှောင်ထံမှ ဆက်သွယ်မှုကို ရရှိ ခဲ့ခြင်းပင်ဖြစ်ပါတော့သည်။
YOU ARE READING