အပိုင်း (၁၄၅၆ - က)(စာစဉ် ၁၀၉- အပိုင်း ၁)
“အဆိုးထဲမှအကောင်း”
ရဲရှောင် လူသူကင်းမဲ့သောနေရာသို့ ရောက်ရှိနေရခြင်းမှာ တစ်စုံတစ်ဦး၏ လက်ချက်ကြောင့်ပါပင်။
ထိုလူက ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ရွှမ်ပိုင်တို့ကဲ့သို့ ရေကန်ထဲ၌ ဆေးကြောသန့်စင်ခြင်းကို ရဲရှောင် မလုပ်ခဲ့ရချေ။
သို့သော် အဆင့်နိမ့်နယ်ပယ်ကပင် အခြေတည်ခဲ့သော ကျင့်ကြံမှုအခြေခံက ရဲရှောင်ထံ၌ ရှိနေသေးသည်။
ထိုအချက်ကြောင့်သာ အနည်းငယ်ခံသာခဲ့သည်ဟု ဆိုရမည်။
မည်သို့ပင်ဆိုစေကာမူ အထက်နယ်ပယ်သို့ ရောက်ရှိချိန်တွင် ဖိနှိပ်မှုများကို ရဲရှောင် ခံစားခဲ့ရသည်။
ထိုသို့သောအခြေအနေတွင် ရှေးဦးခရမ်းရောင်ချီဓာတ်ကို ကျင့်ကြံရာမှာလည်း မဖြစ်နိုင်။
သူ့အဖို့ အစကပြန်လုပ်ရမလိုကို ဖြစ်နေလေသည်။
တစ်နည်းအားဖြင့် ရဲရှောင်၏ ရှေးဦးခရမ်းရောင်ချီဓာတ်က ပထမအဆင့်တွင်သာ ရှိနေသေးခြင်းဖြစ်သည်။
ထို့ကြောင့် ပထမအဆင့်မှနေ၍ ပြန်၍ ကျင့်ကြံရမည့်သဘောပါပင်။
သို့သော် ကမ္ဘာသစ်တွင် ၁ လကြာသွားပြီးနောက် ရှေးဦးခရမ်းရောင်ချီဓာတ်များ၏ ပထမအဆင့်မှာ လုံးဝကို ပြီးပြည့်စုံသွားခဲ့သည်။
ထိုအချက်ကြောင့် အနည်းဆုံးမူ မြေပြင်အထက်မှ ပေ ၃၀ ခန့်ထိကို ရဲရှောင် ခုန်နိုင်စွမ်းရှိသွား၏။
တကယ်တမ်းတွင် ထိုအကွာအဝေးလောက်ကို ခုန်နိုင်သည်က လွယ်ကူသည်ဟုဆိုနိုင်သည်။
မော်တယ်ကမ္ဘာတွင် သခင်လေးရဲအဖြစ်ရှိခဲ့စဉ်က ထိုထက်မကပင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် ယခုကမ္ဘာသစ်တွင်မူ အရာအားလုံးက မတူညီကွဲပြားနေသည်။
မော်တယ်ကမ္ဘာနှင့် စကြာဝဠာရှိ အမြင့်ဆုံးသောကမ္ဘာကို မည်သို့မှနှိုင်းယှဉ်၍ရပါမည်နည်း။
ထို့ကြောင့် ယခုအခါတွင်လည်း ရှေးဦးခရမ်းရောင်ချီဓာတ်များ၏ ပထမအဆင့် ပြီးဆုံးသွားသည့်တိုင် ပေ ၃၀ ခန့်သာ ခုန်နိုင်နေခြင်းဖြစ်သည်။
ထိုထက်ပို၍ခုန်နိုင်အောင်လည်း သူ့ကိုယ်သူ စစ်ဆေးမှုများ ထပ်တလဲလဲပြုလုပ်ခဲ့သည်။
သို့တိုင် ထူးဆန်းဖို့ကောင်းစွာပင် မည်သည့် ပြဿနာမှ မတွေ့ခဲ့ရချေ။
ထို့ကြောင့် ဖြစ်ပေါ်နေသည့် အခြေအနေများကို ရဲရှောင် နားမလည်နိုင်ဖြစ်နေမိလေသည်။
(ဘယ်လိုဖြစ်တာပါလိမ့် . . . ငါ့ရဲ့ စွမ်းအားတွေများ ပျောက်ဆုံးသွားတာလား . . .)
(ထားပါတော့ ဒါကအရေးမကြီးပါဘူး၊ ငါကျင့်ကြံမှုပိုင်းမှာ ပိုပြီးအားစိုက်လိုက်ရင် ရလာနိုင်မှာပဲလေ . . .)
(ကျန်တဲ့အရာတွေကို ဂရုစိုက်မနေနိုင်ဘူး၊ ငါလုပ်စရာရှိတာလုပ်ပြီး ငါ့စွမ်းအားတွေပြန်ရအောင်လုပ်ရမယ်)
(တစ်ယောက်ယောက်က ငါ့စွမ်းအားတွေကို ယူသွားတယ်ဆိုရင်လည်း ငါပြန်ရအောင်ယူမယ် . . .)
(ကောင်းကင်ဘုံက ငါ့စွမ်းအားတွေကို ယူသွားတယ်ဆိုရင်တောင်မှ ပြန်ရအောင်ငါကြိုးစားရမယ် . . .)
ထိုသံဓိဌာန်ကြောင့် စွန့်ပစ်နယ်မြေကြီးထဲ ရောက်နေသည့်တိုင် အရှုံးမပေးဘဲ ကြိုးစားခဲ့ခြင်းဖြစ်သည်။
ထိုကြိုးစားမှုကြောင့် သူ၏စွမ်းအားအချို့ပြန်ရသည်မှာ ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
သို့သော် တကယ်တမ်း သူပျော်ရွှင်ရသည်မှာ စွန့်ပစ်နယ်မြေကြီးထဲမှရရှိလာသော အရာများကြောင့်ပါပင်။
လူသူကင်းမဲ့သည့် စစ်မြေပြင်ဟောင်းကြီးထဲ ခရီးနှင်နေရသည့်တိုင် ရှေးဟောင်းလက်နက်အပိုင်းအစများကို တတ်နိုင်သမျှ စုစည်းနိုင်ခဲ့သည် မဟုတ်ပါလား။
ထိုအရာများက အပိုင်းအစများဖြစ်သည့်တိုင် ရဲရှောင်ကမူ တန်ဖိုးထားလေသည်။
အကြောင်းမှာ သူ၏ရွှေဟင်းလင်းပြင်က သန့်စင်ပေးနိုင်၍ ဖြစ်သည်။
မည်မျှထိဆိုလျှင် ရဲရှောင်ပင် အမျိုးအမည်မပြောပြနိုင်သည့် ထူးခြားသောသတ္တုစွမ်းအင်အဖြစ်သို့ ရောက် အောင်ပင် ပြောင်းလဲပေးနိုင်ခြင်းဖြစ်၏။
ထိုသို့ဖြစ်တည်သည်မှာလည်း မဆန်းချေ။
ရဲရှောင် ရှာဖွေသည့် သတ္တုအပိုင်းအစများက လက်ချောင်းတစ်ချောင်းစာခန့်သာ အရွယ်အစားရှိသည့်တိုင် ပေါင်ရာနှင့်ချီ၍ကို လေးလံနေသည် မဟုတ်ပါလား။
တစ်ခါတစ်ရံတွင်မူ လူခေါင်းအရွယ်အစားခန့်ရှိသောအရာမျိုး တစ်ခုနှစ်ခု တွေ့ရတတ်ပြန်သည်။
ထိုအရာများဆိုလျှင် ဖျက်ဆီး၍မရနိုင်လောက်အောင် မာကြောလှ၏။
သို့သော် ထိုကဲ့သို့ အရွယ်အစားကြီးမားနေသော အရာများမှာမူ ပေါ့ပါးနေတတ်သည်။
ထို့ကြောင့် ထိုသတ္တုများ၏ အစွမ်းများကို ရဲရှောင်ပင် သေချာမသိတော့ချေ။
သို့သော် သာမန်သတ္တုမျိုးမဟုတ်ဘဲ ထူးခြားသောသတ္တုများဖြစ်သည်ကိုမူ သူအတပ်သိနေသည်။
ထို့အတွက်ကြောင့် ရဲရှောင်အဖို့ ထိုကဲ့သို့သောအရာများကို များများစားစား စုဆောင်းရမည် မဟုတ်ပါလား။
သို့မှသာ ယခင်အခေါက်ကကဲ့သို့ နောင်တရခြင်းမျိုးလည်း ကင်းဝေးနိုင်မည်ဖြစ်သည်။
သူ့အနေဖြင့် ယခုနေရာသို့ နောက်တစ်ခေါက် လာနိုင်ခြင်းရှိမရှိမှာလည်း မသေချာမရေရာ။
ထို့ကြောင့် ကြယ်ဓားကြီးကိုသုံး၍သာ မြေကြီးများကို အဆက်မပြတ် တူးဆွရှာဖွေနေတော့သည်။
ထိုအချိန် ဧကရာဇ်ဓားကြီးမှာ ရွှေဟင်းလင်းပြင်ထဲ၌ရှိနေပြီး ဟင်းလင်းပြင်၏သန့်စင်ပေးမှုကို ခံယူနေလေ သည်။
သူ့လက်ထဲရှိ ကြယ်ဓားကြီးမှာမူ အနှိုင်းမဲ့လက်နက်မျိုးဖြစ်ပြီး အလိုရှိရာ အသုံးပြုနိုင်သည်။
သို့သော် ဓား၏မူလပိုင်ရှင်လောက်တော့ အသုံးချနိုင်လိမ့်မည် မဟုတ်ပါ။
ဧကရာဇ်ဓားမှာမူ ရဲရှောင် ဧကရာဇ်ဘဝကတည်းက အတူရှိခဲ့သော ဓားတစ်လက်ဖြစ်သည်။
ထို့ပြင် သူ၏ဘဝအဆုံးသတ်ချိန်တွင်လည်း သူနှင့်အတူပျောက်ဆုံးခဲ့သည်ဟုဆိုနိုင်သည်။
ထိုသို့ဆိုသော်ငြား သူအထက်နယ်ပယ်သို့ တက်ချိန်တွင်မူ အကောင်းပတိ ပြန်ရောက်လာခဲ့သည်။
စင်စစ် ကောင်းကင်တာအို၏အစွမ်းသတ္တိများဖြင့် ထိုလက်နက်ကို ရဲရှောင် ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ဧကရာဇ်ဓားကြီးမှာ အသစ်တဖန်ဖြစ်တည်ပြီးနောက် စွမ်းအင်များပိုမိုပါဝင်သွားသလိုပါပင်။
အကယ်၍ ရဲရှောင်သာ ထိုဓားကို ပိုတိုးတက်အောင်လုပ်နိုင်ပါက ပို၍ပင်သာလွန်သွားနိုင်သည်။
ဧကရာဇ်ဓားက ရဲရှောင်အတွက်မူ ပြီးပြည့်စုံသော ဓားတစ်လက်ဟုဆိုရမည်။
ထို့ပြင် သူပိုင်ဆိုင်သော အစစ်အမှန် ဓားတစ်လက်လည်း ဖြစ်၏။
တကယ်တမ်းတွင် ဧကရာဇ်ဓားမှာ တတိယတန်းစားသတ္တု ၅ မျိုးကို ရောစပ်ပြုလုပ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် သာမန်သတ္တုများဖြင့် ဓားတစ်လက်ဟုဆို၍ရနိုင်သည်။
သို့သော် ကောင်းကင်တာအို၏စွမ်းအင်များဖြင့် ပြုပြင်ပြီးနောက်တွင်မူ ပြောင်းလဲသွားခဲ့လေသည်။
စင်စစ် ရဲရှောင်၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်း ဖြစ်တည်သွားခြင်းဖြစ်၏။
ဆိုလိုသည်မှာ ဧကရာဇ်ဓားက သူ၏ဝိညာဉ်ဓားဖြစ်သွားခြင်းပါပင်။
ထိုသို့ ဝိညာဉ်အမှတ်အသား အချိတ်အဆက်ဖြစ်သွားမှုကြောင့် သူ့တွင်ရှိသော လက်နက်များအနက်လည်း တန်ဖိုးအရှိဆုံး လက်နက်တစ်ခုဖြစ်တည်သွားသည်။
တစ်နည်းအားဖြင့် ရွှေဝိညာဉ်မျှော်စင်ထက်ပင် ပို၍အရေးပါသွားသည့် သဘောပါပင်။
ထိုအံ့ဩဖွယ်ကောင်းလှသည့် ဧကရာဇ်ဓားမှာ ရဲရှောင်အတွက်ပင် ထိုသို့တန်ဖိုးရှိနေခြင်းမဟုတ်။
ကောင်းကင်ဘုံအထက်လူသားနယ်ပယ်မှ လူများအားလုံး မနာလိုဖြစ်ရလောက်သည်အထိ တန်ဖိုးရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်ဓားကိုသာ မှန်ကန်သောပစ္စည်းများနှင့် ပေါင်းစပ်၍ ပိုကောင်းမွန်အောင်လုပ်နိုင်လျှင် သာလွန်သော လက်နက်တစ်မျိုးဖြစ်သွားမည်မှာ မလွဲဧကန်ပင်။
လက်ရှိတွင်လည်း ဧကရာဇ်ဓားကြီးက ရွှေဟင်းလင်းပြင်ထဲတွင်ရှိနေပြီး စွမ်းအင်များကို စုပ်ယူနေသယောင် ရှိနေလေသည်။
ရဲရှောင်လည်း ထူးခြားဆန်းကျယ်လှသော စွမ်းအင်များကို ဧကရာဇ်ဓားအတွင်းသို့ ထည့်သွင်းလိုက်၏။
သူထည့်သွင်းပေးလိုက်သည့် လျှို့ဝှက်ဆန်းကျယ်သော အဆိုပါ စွမ်းအင်များမှာ အခြားမဟုတ်။
ရှေးဟောင်းလက်နက်ပစ္စည်းများထံမှ စုပ်ယူရရှိခဲ့ခြင်း ဖြစ်သည်။
ရဲရှောင်က ထိုအရာများဖြင့် ဧကရာဇ်ဓားကို တိုးတက်မှုရရှိအောင် ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်။
ထိုအချိန် သူထည့်ပေးလိုက်သည့် စွမ်းအင်များမှာ ဧကရာဇ်ဓားအတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်နေချေပြီ။
ထို့နောက် ဓားမှ မသန့်စင်မှုများမှာ အပြင်ဘက်သို့ ထွက်ပေါ်လာကြလေသည်။
ထိုသို့ ထပ်တလဲလဲ ပြုပြင်ပြီးနောက်တွင်မူ ဓားရှိမူလပါဝင်သော ပစ္စည်းများအားလုံးမှာ စွန့်ပစ်ခြင်းခံလိုက်ရ တော့သည်။
လက်ရှိအချိန်တွင် ဓားအတွင်း၌ ဓားဝိညာဉ်သာလျှင် ကျန်ရှိတော့သည် မဟုတ်ပါလား။
တကယ်တမ်းတွင် ဧကရာဇ်ဓား၏ ဓားဝိညာဉ်မှာ အကောင်းဆုံးသော တိုးတက်မှုရရှိနှင့်ပြီးသားဖြစ်သည်။
ယခုအခါတွင်မူ ပိုပို၍ သန့်စင်သွားရချေပြီ။
ထို့ကြောင့် ရဲရှောင်လည်း ဧကရာဇ်ဓားကြောင့် အကျေနပ်ကြီး ကျေနပ်နေပါတော့သည်။
YOU ARE READING