1581--------1590

54 2 0
                                    

အခန်း (၁၅၈၁)(စာစဉ် ၁၂၅- အပိုင်း ၁)
“စည်းမျဉ်း”
“ပထမဆုံးပြောချင်တာကတော့ ကျွန်မတို့ အရင်ဝင်သင့်တဲ့အကြောင်းပဲ၊ ကျွန်မတို့က အရင်ရောက်တာ လေ၊ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလား . . .”
အနီရောင်ဖီးနစ်မှ လူများအား လှမ်းကြည့်ရင်း မေးလိုက်သည်။
“ကျွန်မတို့ကိုလည်း ကြည့်ပါဦး ကျွန်မတို့ရဲ့ လူနာတွေက ရှင်တို့ထက်များတယ် အဲဒါကြောင့် ဒီကမိတ်ဆွေ တို့က နည်းနည်းလေး နောက်ဆုတ်ပေးကြပါလား၊ ဒါဆိုကျွန်မတို့ အထူးကျေးဇူးတင်မိမှာပါ . . .”
သူမ ထိုသို့ပြောလိုက်ချိန် အားလုံးမှာ ပေါ်ပေါ်ထင်ထင် ခေါင်းမညိတ်ပြသည့်တိုင် သဘောတူသွားကြသည့်  ပုံပါပင်။
“အပိုတွေပြောမနေနဲ့ ငါတို့ကို ဒီလိုအရူးလုပ်လို့ရရိုးလား . . .”
ယွမ်ဒန်းရှောင်မှာမူ အင်အားကြီးသူပီပီ အလျှော့မပေးဘဲ ပြောလိုက်၏။
ထို့နောက် အမျိုးသမီးအား လှမ်းကြည့်လိုက်ပြန်ရင်း -
“ငါတို့က အရင်လာတာ၊ ဘာကိစ္စ မင်းတောင်းဆိုတာကို လုပ်ပေးရမှာလဲ . . .”
အနီရောင်ဖီးနစ်မှ ပြုံးလိုက်ပြီး -
“ဪအဲဒီလိုလား . . . ကျွန်မရောက်နေပြီဆိုမှတော့ ရှင်က ဘယ်လိုနည်းနဲ့မှ အရင်မဖြစ်နိုင်တော့ဘူးလေ”
ထိုသို့ပြောပြီးနောက် အနီရောင်ဖီးနစ်လည်း သူမ၏လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ မွှေးပျံ့ လှသော သစ်ခွပန်းရနံ့ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ထို့ကြောင့် ခဏအကြာတွင် လူတိုင်း အိပ်မက်မက်နေသလိုပင် ခံစားလိုက်ကြရလေသည်။ သို့သော် ပြန်၍ သတိဝင်လာသည့်အချိန်တွင် အားလုံးမှာ ထိတ်လန့်သွားကြရပြန်သည်။
စင်စစ် မုန်တိုင်းအိမ်တော်မှ လူများမှာ နောက်သို့ ရောက်ရှိသွားကြခြင်းပါပင်။ ရှဲ့မျိုးနွယ်စုနှင့် ရဲမျိုးနွယ်စုမှ လူများမှာမူ မူလနေရာ၌ ရှိနေကြသေး၏။
ထိုအခြင်းအရာကြောင့် ဆောင်ကိဟူတစ်ယောက် လွန်စွာ ထိတ်လန့်သွားလေသည်။ ထို့ကြောင့် အနီရောင် ဖီးနစ်အား အံ့ဩနေသော မျက်လုံးများဖြင့် ကြည့်လိုက်ရင်း -
(ဒါကဘာကျင့်စဉ်များလဲ မယုံနိုင်စရာကောင်းလိုက်တာ . . .)
“ကြယ်ပြောင်းလဲခြင်းပေါ့ . . .”
ယွမ်ဒန်းရှောင်အဖို့ ရုတ်တရက် နေ့ခင်းကြောင်တောင် တစ္ဆေခြောက်ခံလိုက်ရသည့်အလား ထိတ်လန့်တုန် လှုပ်သွား၏။
“မင်းက ကြယ်ပြောင်းလဲခြင်းကိုတောင် တတ်ကျွမ်းနေပြီလား . . .”
အနီရောင်ဖီးနစ်မှ ပြုံးလိုက်ရင်း -
“ပြောရမှာ ရှက်ဖို့ကောင်းပါတယ် ဒါကဘာမှတော့မဟုတ်ပါဘူး . . .”
အနီရောင်ဖီးနစ်က ထိုသို့နှိမ့်ချသည့်ပုံစံမျိုးပြောလိုက်သည့်တိုင် ယွမ်ဒန်းရှောင်၏ စိတ်ထဲတွင်မူ စိုးရိမ်ထိတ် လန့်သွားမိ၏။ အနီရောင်ဖီးနစ်က ကြယ်ပြောင်းလဲခြင်းဆိုသည့် မဟာကျင့်စဉ်ကြီးကို ကျွမ်းကျင်တတ်မြောက်နေပြီ မဟုတ်ပါလား။
ဆိုလိုသည်မှာ သူမက ယခုနေရာရှိ လူများအားလုံးထက် အင်အားကြီးသူဟု မီးမှောင်းထိုးပြနေခြင်းပါပင်။
ထိုအချိန်မှာပင် သေခြင်းနှင့်ရှင်ခြင်းခန်းမ၏ တံခါးပွင့်လာပြီး ခရမ်းရောင်ချီဓာတ်များလည်း အတွင်းမှနေ၍ ထွက်ပေါ်လာ၏။ ထိုချီဓာတ်များမှာ သိပ်သည်းလွန်းလှသဖြင့် လူတိုင်းအဖို့ အိပ်မက်မက်နေသလိုပင် ခံစားလိုက်ကြ ရသည်။
တံခါးပွင့်ပြီးနောက် လူတစ်ယောက် ထွက်ပေါ်လာလေသည်။ သို့သော် ဤသည်က ဧကရာဇ်မဟုတ်သေးဘဲ ဘူရှန်းဖန်သာဖြစ်၏။ ဘူရှန်းဖန်က ရှိနေသော လူများအား ကြည့်လိုက်ရင်း -
“ကုသမှုခံယူဖို့ရောက်လာတဲ့ ဘယ်သူမဆို တန်းစီထားကြပါ၊ အရင်ရောက်တဲ့လူရဲ့နေရာကို အစားထိုးဝင် ရောက်တာမျိုး ခွင့်မပြုဘူး . . .”
ထိုစကားကြောင့် အနီရောင်ဖီးနစ်မှ ပြုံးလိုက်ရင်း -
“ကျွန်မတို့က မတော်တဆ ဒီလိုလုပ်မိသွားတာဆိုရင်ရော . . .”
ဘူရှန်းဖန်မှ မျက်မှောင်ကြုတ်လိုက်ပြီး -
“ကောင်းပြီ . . . ဒါဆိုရင်တော့ ခင်ဗျား ဒီကနေသွားလို့ရပြီ . . .”
“ခင်ဗျားက တကယ်ပဲ အဲဒီလိုမျိုး စွန့်စားချင်နေတာလား . . .”
အနီရောင်ဖီးနစ်မှာ ထိုစကားကြောင့် ဘာပြောရမှန်းမသိအောင်ပင် ဖြစ်သွားလေသည်။
သူမအဖို့ ဘူရှန်းဖန် ပြောလာနိုင်သည့် စကားများကို ကြိုတင်တွက်ဆထားသည့်တိုင် ယခုကဲ့သို့ ခပ်ရိုင်းရိုင်း ပြန်ပြောလာမည်ဟု မထင်ထားမိချေ။ ထို့ကြောင့် အနီရောင်ဖီးနစ်မှ စိတ်အလိုမကျဟန်ဖြင့် -
“ရှင်ကဘယ်သူလဲ . . .”
“ဘူရှန်းဖန် . . .”
ဘူရှန်းဖန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
သူ့အဖို့ ယခုမှအပြင်သို့ ထွက်လာသည့်တိုင် အပြင်ဘက်မှ အခြေအနေများကို မြင်တွေ့နှင့်ပြီးခဲ့ချေပြီ။ ထို့ ပြင် ယခုရောက်နေသော လူများက ထိပ်သီးပညာရှင်များဖြစ်ကြသော်လည်း ရဲရှောင်က မည်သူ့ကိုမဆို တင်းကြပ် သော စည်းမျဉ်းနှင့်သာ လုပ်ဆောင်ရန် မှာကြားထား၍ ယခုကဲ့သို့ပင် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
“နှုတ်ဆက်ဓားသမား ဘူရှန်းဖန်ပေါ့ . . . နာမည်ကြီးပဲ ဒါပေမယ့် ဒီစကားတွေပြောလိုက်လို့ ဘယ်လိုဒုက္ခ ရောက်သွားစေနိုင်တယ်ဆိုတာ ရှင်စဉ်းစားဖို့လိုမယ်ထင်တယ် . . .”
အနီရောင်ဖီးနစ်မှ ချစ်စဖွယ် မိန်းကလေးတစ်ဦး၏ ပုံစံမျိုးဖြင့် ပြောနေသည့်တိုင် ဘူရှန်းဖန်မှာမူ ဖိအား များစွာ သက်ရောက်လာသလို ခံစားလိုက်ရ၏။
“ကျုပ်စဉ်းစားဖို့မလိုပါဘူး . . .”
ဘူရှန်းဖန်မှ ပြုံးလျက် ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
“ဒါပေမယ့် ခင်ဗျား ကျုပ်ကို ဒီလိုလာပြောနေရင် ခင်ဗျားလူတွေ သေရမယ်ဆိုတာကိုတော့ ကျုပ်သိတယ်၊ တစ်ခါတစ်လေ သေခြင်းတရားကို ခင်ဗျားတို့ မတားဆီးနိုင်ဘူးလေ၊ ခင်ဗျားလည်း ဒီအခြေအနေကို ရိပ်စားမိမယ်လို့ ကျုပ်ထင်တယ် . . .”
ဘူရှန်းဖန်၏ စကားကြောင့် အရိပ်ပြအကောင်မြင်လိုက်သည့် အနီရောင်ဖီးနစ်မှာ မည်သည့်စကားမှ မဆို နို်ငတော့၊ အသက်ပြင်းပြင်းသာရှူရင်း နှုတ်ဆိတ်သွား၏။ သူမအဖို့ စော်ကားခံလိုက်ရသလိုပါပင်။
လက်ရှိအချိန်မှာ အင်အားကြီး ပညာရှင်တစ်ဦးဖြစ်သည့်တိုင် အနီရောင်ဖီးနစ်အနေဖြင့် မည်သည့်အရာမှ မတတ်နိုင်ဘဲဖြစ်နေရ၏။ အခြားလူများဆိုလျှင် သူမအား လေးစားမှုပြသကြသော်လည်း ယခုအခါတွင်မူ သူမ၏ အစွမ်းကို ထုတ်ပြခဲ့သည့်တိုင် ဘူရှန်းဖန်က ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် အနီရောင်ဖီးနစ်အဖို့ စော်ကားခံလိုက်ရသည့်အလား လွန်စွာ ခံရခက်လျက်ရှိနေ၏။ သို့သော် အင်အားကြီး၍ အတွေ့အကြုံရင့်ကျက်သော ပညာရှင်ပီပီ အမျက်ဒေါသအား အပြင်မထွက်စေဘဲ မြိုသိပ်ထားလိုက် လေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်လိုက်ရင်း -
“ကောင်းပြီ . . . ကျွန်မတို့က အရင်ဆုံးရောက်တာပဲ ဒါဆိုရင်ရော မရဘူးလား . . .”
ဘူရှန်းဖန်က ခေါင်းကိုခါယမ်းလိုက်ရင်း -
“စိတ်မကောင်းပါဘူး . . . ကျုပ်ဘာကဘာဆိုတာကို အကုန်မြင်ပြီးပြီ . . .”
“မုန်တိုင်းအိမ်တော်ကလူတွေက ပထမ . . . အဲဒီတော့ ခင်ဗျားတို့တွေ ဝင်လို့ရပြီ . . .”
ဘူရှန်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် အနီရောင်ဖီးနစ်မှာ အကြီးအကျယ်ပင် ဒေါသထွက်သွားလေသည်။
(ငါဒီလောက်ပြောနေတာတောင် ငါ့ကိုဘာမှအရေးမပါသလို လာပြောနေတယ် . . .)
(ပြီးတော့ ဒီလူတွေကို နောက်ကိုပို့လိုက်တာတောင် သူတို့က အရင်ဝင်ရတယ်တဲ့လား . . .)
တကယ်တမ်းတွင် ရဲရှောင်က လူတိုင်းအပေါ် မျှတစေရန် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။ မည်သူမဆို ကုသမှု ခံယူရန်အတွက် အလှည့်ကျသာ ဝင်ရောက်ရမည်ဖြစ်၏။
အကယ်၍ သေခြင်းနှင့်ရှင်ခြင်းခန်းမသာ အင်အားကြီးသူများအား အရင်ကုသပေးလိုက်မည်ဆိုပါက သူတို့ အပေါ် မည်သူမှ လေးစားကြတော့မည် မဟုတ်ပေ။ ထို့ကြောင့် ရဲရှောင်က ထိုသို့မျှတသော စည်းမျဉ်းတစ်ခုကို ထုတ်ပြန်ခဲ့ခြင်းပါပင်။
သို့သော် အနီရောင်ဖီးနစ်မှာမူ ထိုအချက်ကို လက်မခံနိုင်ဘဲ ဘူရှန်းဖန်းအား မလိုမုန်းထားသည့် အကြည့် များဖြင့် စိုက်ကြည့်လျက်ရှိနေ၏။ ထိုအခိုက်အတန့်တွင် သူမရင်ထဲရှိ ဒေါသများက ထိန်းချုပ်မထားနိုင်အောင်ပင် ဖြစ်လာလေသည်။
တကယ်တမ်းတွင် သူမသာ စတင်တိုက်ခိုက်လိုက်ပါက ဘူရှန်းဖန်အဖို့ အပြင်းအထန်ပင် ဒဏ်ရာရရှိသွား နိုင်သည်။ သို့သော် ဘူရှန်းဖန်မှာမူ သူမအား ကြောက်ရွံ့သည့်အရိပ်အယောင်ပင်မပြ၊ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေ၏။
ထို့နောက် မုန်တိုင်းအိမ်တော်ဘက်မှ လူများဘက်သို့လှည့်ရင်း -
“လာကြ ကိုယ့်လူတို့ . . . ခင်ဗျားတို့တွေ အရင်ဝင်လို့ရပြီ . . .”
“ဆူဆူညံညံတော့ မလုပ်ကြနဲ့ ကျုပ်ဒီနေရာကို တိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေတာကိုပဲ သဘောကျတယ်၊ ကျန်တဲ့လူတွေလည်း အပြင်မှာ တိတ်တိတ်နေကြပါ . . .”
ယွမ်ဒန်းရှောင်က ရယ်မောလိုက်ရင်း -
“ကျေးဇူးတင်ပါတယ် . . . သေခြင်းနဲ့ရှင်ခြင်းခန်းမက ကိုယ်ပိုင်စည်းမျဉ်းရှိတယ်ဆိုတာကို ကျုပ်ကြားခဲ့ရ တယ် ဒါပေမယ့် ဒါကအမှန်ပဲဆိုတာကို ကိုယ်တိုင် အတပ်မြင်လိုက်ရပါပြီ . . .”
ထို့နောက် ယွမ်ဒန်းရှောင်လည်း သူ၏လူများကိုခေါ်ကာ အတွင်းသို့ဝင်သွားလေသည်။
အနီရောင်ဖီးနစ်မှာမူ ကြောင်ငေး၍ ရပ်နေပြီး ဒေါသအကြီးအကျယ်ပင် ထွက်လျက်ရှိ၏။ ထို့ကြောင့် သူမ အနားမှ ဖြတ်သန်းသွားသော ယွမ်ဒန်းရှောင်ပင် ဒေါသအငွေ့အသက်များကို ခံစားလိုက်ရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now