1676-------1680

51 2 0
                                    

အခန်း (၁၆၇၆)(စာစဉ် ၁၃၁- အပိုင်း ၁၃)
“အရူး”
အကယ်၍ ရတနာကိုသာ ရလိုက်မည်ဆိုပါက သစ်သားဟင်းလင်းပြင် တစ်ခုလုံး ပြီးပြည့်စုံသွားမည်ကို ရဲရှောင် အတပ်သိနေသည်။
ထို့အတူ ဟင်းလင်းပြင်ကြီး တစ်ခုလုံးမှာလည်း အလွန်တိုးတက်မှု ရှိသွားပေလိမ့်မည်။ ထိုမျှမက သူ၏ ရှေးဦးခရမ်းရောင်ချီဓာတ်သည်လည်း အဆင့် ၄ သို့ပင် ရောက်ရှိသွားနိုင်၏။
ထိုမျှနှင့်မပြီးသေး . . .
သူ၏ ကျင့်ကြံမှုအဆင့်မှာ ထာဝရအဆင့်ပင်မက မသေမျိုးအဆင့်ထိပါ ရောက်ရှိသွားနိုင်ပါသေးသည်။
“အဲဒီဆေးပင်က . . . မဟုတ်ဘူး ငှက်က ဘယ်ရောက်သွားတာလဲ . . .”
ရဲရှောင် အရောင်တဖျတ်ဖျတ် တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။
ထိုအမေးကြောင့် အားဟူနှင့် လင်းယုန်တို့မှာ ခေါင်းငုံ့နေကြရာမှ ရဲရှောင်အား မျက်လုံးပင့်၍ အထင်သေး ဟန်ဖြင့် လှမ်းကြည့်လိုက်ကြ၏။
(ငါတို့သခင်က ပိုပိုပြီး တုံးအလာပါလား၊ ငှက်ဘယ်သွားလဲဆိုတာ ငါတို့လည်း ဘယ်သိပါ့မလဲ၊ မြေကြီးထဲ ဝင်သွားတာလေ၊ ငါတို့သိမှတော့ လိုက်ဖမ်းမှာပေါ့ မဟုတ်ဘူးလား . . .)
နှုတ်ဆိတ်နေကြသော သားရဲနှစ်ကောင်ကြောင့် ရဲရှောင်လည်း ငှက်အား မည်သည့်နေရာ၌ ရှာရမည်ကို စဉ်းစားလျက်ရှိနေသည်။
သို့သော် အဆုံးသတ်တွင် အားလုံးမှာ သက်ပြင်းကိုယ်စီသာ ချလိုက်ကြတော့သည်။ ထိုအခိုက်အတန့်တွင် ရဲရှောင်ထံ၌ ကောင်းကင်ထက်မြင့်သော လူဟူသည့် ဂုဏ်ယူဝံ့ကြွားသော ဟန်ပန်မျိုးလည်း မရှိတော့ချေ။ ထို့ပြင် သခင်လေးတစ်ပါးကဲ့သို့ ဓားပြများကို ဗိုလ်ကျလိုစိတ်လည်း မရှိတော့ချေ။
အားဟူနှင့် လင်းယုန်တို့မှာလည်း ငှက်ကို ဖမ်းနိုင်သည့် အခွင့်အရေးမျိုး ရခဲ့ကြသည့်တိုင် အမိမဖမ်းနိုင် ခဲ့ကြချေ။ ထို့ကြောင့် ထိုကဲ့သို့သော အခွင့်အရေးမျိုး ထပ်မံရရှိရန်မှာ မလွယ်ကူနိုင်တော့ပေ။
အသိဉာဏ်ရှိသည့်ငှက်မှာ နောက်တစ်ကြိမ် ထိုသို့သောအမှားမျိုး ထပ်မံကျူးလွန်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စပင် မဟုတ်ပါလား။
ထိုသို့ဖြင့် မိုင် ၃ ထောင်ခန့် ခရီးနှင်လာခဲ့ပြီးနောက် ရဲရှောင်နှင့် သူ့တိရစ္ဆာန် ၂ ကောင်လုံးမှာ ဝမ်းနည်း ပက်လက်ပင် ဖြစ်နေကြလေသည်။
ထိုအချိန်မှာပင် ကောင်ကင်ထက်မှ စူးရှလှသော အသံတစ်သံကို ကြားလိုက်ကြရ၏။ ထိုအသံကို ကြားလိုက်ကြရသည့် လူတိုင်းအဖို့ ပြင်းထန်လှသော စွမ်းအင်များကို ခံစားမိကြရမည်သာ။ မိုင်ပေါင်းရာချီ ဝေးကွာ သည့်တိုင် သက်ရောက်လာသော စွမ်းအင်များမှာ ပြင်းထန်လွန်းလှသည် မဟုတ်ပါလား။
ရဲရှောင်လည်း အဆိုပါ စွမ်းအင်များကို အာရုံခံမိလိုက်ပြီး ထာဝရအဆင့် ပညာရှင်ပင် ဖြစ်နိုင်ကြောင်း တွက်ဆမိလိုက်သည်။ အော်သံ၌ ဒေါသသံမျိုး ပါဝင်နေ၍ ထိုသို့သော အဆင့်မြင့်ပညာရှင်ကို မည်သူကများ ရန်စ ဝံ့ပါသနည်း။
ရဲရှောင် အံ့ဩသွားမိသော်လည်း ဝင်မပါရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုကဲ့သို့သော ထိပ်တန်းပညာရှင် မျိုးကို အနှောက်အယှက်ပေးခြင်းက အကျိုးမရှိသည့် ရလာဒ်များသာ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်လည်း အဆိပ်ဘုရင်နှင့်အတူ ဟန်မပျက်သာ ဆက်ထွက်လာခဲ့လိုက်၏။ သို့သော် ခဏ အကြာတွင် အော်သံရပ်သွားပြီး ကြောက်စရာစွမ်းအင်များ သက်ရောက်လာလေသည်။ ထိုအချိန် အားဟူနှင့် လင်းယုန်တို့မှာလည်း စိတ်လှုပ်ရှားနေသည့်ပုံရ၏။
စင်စစ် ဆေးပင်ကို ပြန်တွေ့လိုက်ကြရသည့်အလား စိတ်လှုပ်ရှားနေကြခြင်းဖြစ်လေသည်။
“ဘာဖြစ်တာလဲ . . .”
ရဲရှောင်စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရ၏။
“ညောင် . . .”
အားဟူမှ စိတ်လှုပ်ရှားဟန်ဖြင့် အော်ဟစ်လိုက်သည်။
“ဒါကဆေးပင်ပိုင်ရှင်ပဲ . . .”
“ဂီး . . . ဟုတ်တယ် . . .”
လင်းယုန်မှလည်း ထောက်ခံလိုက်၏။
ရဲရှောင်မျက်နှာပျက်ယွင်းသွားပြီး -
“မင်းတို့ပြောချင်တာက ခုနက အော်လိုက်ရုံနဲ့ ကမ္ဘာတစ်ခုလုံး တုန်ခါသွားအောင် လုပ်လိုက်နိုင်တဲ့လူက ဆေးပင်ရဲ့ ပိုင်ရှင်ပေါ့ ဟုတ်လား၊ ငါပြောတဲ့ အရူးဆိုတာလား . . .”
“ညောင် . . .”
“ဂီး . . .”
အားဟူရော လင်းယုန်ပါ ပြိုင်တူပင် ခေါင်းညိတ်ပြလိုက်ကြ၏။
အခြေအနေများမှာ အဆိုးရွားဆုံး အခြေအနေပင် ဖြစ်လာတော့ချေမည်။ ဒဏ်ရာရသွားသော ငှက်က သခင်ဖြစ်သူအား သွားတိုင်လိုက်ပြီ မဟုတ်ပါလား။
ထို့ကြောင့် ယခုအခါ ငှက်ပိုင်ရှင်မှ ကလဲ့စားချေရန် ရောက်ရှိလာခြင်းပင် ဖြစ်နိုင်လေသည်။ အပင်တစ်ပင်မှ ထိုမျှလောက်ထိ အသိဉာဏ်ရှိနေသည့်အတွက် ရဲရှောင် အထင်ကြီးသွားမိ၏။
သို့သော် လက်ရှိအချိန်တွင်မူ ရဲရှောင်အဖို့ မည်သို့ဆက်လုပ်ရမှန်း မသိနိုင်အောင်ပင် ဖြစ်သွားလေသည်။
(ဒုတိယအကြိမ် အခွင့်အရေး ရလာတဲ့အတွက် ငါကံကောင်းတာလား၊ ဒါမှမဟုတ် ခေါင်းပေါ်ကျလာတဲ့ ရတနာထုတ်ကြောင့် ခေါင်းကွဲပြီး သေရတော့မယ့်ကိန်းလား၊ ဒါကြီးကတော့ မဟုတ်သေးဘူး . . .)
(တစ်ချိန်တည်းမှာပဲ ကံဆိုးကံကောင်း ဖြစ်လာတာပါလား . . .)
(ဒီငှက်ရဲ့ပိုင်ရှင်က တုံးသလားဘာလားတော့ မသိဘူး၊ အရမ်းတော့ အစွမ်းထက်တာ သေချာတယ်၊ အနည်း ဆုံးတော့ ချိဟူလောက်ကို အစွမ်းထက်မှာ၊ ငါ့ထက်ဆိုရင်တော့ အများကြီး အစွမ်းထက်မှာပဲ . . .)
(ဒါပေမယ့် အပင်ကို ရဖို့ကလည်း ငါလက်မလျှော့နိုင်ဘူး . . .)
ရဲရှောင် အကြံထုတ်နေစဉ်မှာပင် အော်သံကြီးကို ကြားလိုက်ရ၏။
“မင်းမဟုတ်လား . . .”
“မင်းရဲ့သားရဲတွေက ငါ့ငှက်လေးကို နာကျင်အောင် လုပ်ကြတာ မဟုတ်လား . . .”
ထိုလူ၏ အပြောကြောင့် ရဲရှောင်စိတ်ထဲ ရယ်ချင်မိသွား၏။
(ငှက်လေးဟုတ်လား . . .)
(အားဟူက ဒီလူကို အရူးလို့ပြောတာလည်း မထူးဆန်းပါဘူး၊ အရူးမို့လို့သာ ဒီစကားပြောတာပေါ့ . . .)
သို့သော် တစ်ဖက်လူ၏ ပြောစကားအရ ငှက်မှာ ထိုလူအတွက် အရေးကြီးမည်မှန်း ရဲရှောင် သိလိုက်သည်။ ကံဆိုးစွာဖြင့်ပင် ထိုလူမှာ သူ၏ငှက်အား ဆေးပင်ဖြစ်သည်ဆိုသည်ကိုမူ သိသည့်ပုံမရှိချေ။
ထိုအချိန်မှာပင် ရုတ်တရက် ရဲရှောင်၏ရှေ့သို့ လူထွားကြီးတစ်ဦး ပေါ်လာ၏။ ထိုလူပေါ်လာသည်နှင့် စွမ်းအင်လှိုင်း သက်ရောက်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်သွားလေသည်။ ထိုအရှိန်ကြောင့် အဆိပ်ဘုရင်ဆိုလျှင် မြေပေါ် လဲကျသွားပြီး ပြန်ပင် မထနိုင်တော့ချေ။
ရဲရှောင်မှာ မူလသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် တစ်ဖက်လူ၏ အစွမ်းကို ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုလူက သေချာပေါက် မူလသူတော်စင်အဆင့်ထက် သာလွန်မည်ဆိုသည်ကို သိနေ၏။ မည်သို့ပင်ဆိုပါစေ တိုက်ခိုက်မည်ဆိုပါက ထိုလူသာလျှင် အနိုင်ရနိုင်မည့် သဘောပါပင်။
“ကျလိ ကျလိ . . .”
ထိုအချိန်မှာပင် ငှက်လေးတစ်ကောင်၏ ချစ်စဖွယ် အော်သံကို ရဲရှောင်ကြားလိုက်ရသည်။ ထို့ကြောင့် လှမ်းကြည့်လိုက်သည့်အချိန်တွင် တစ်ဖက်လူ၏ ပခုံးပေါ်၌ ရောင်စုံငှက်လေးတစ်ကောင်ကို မြင်တွေ့လိုက်ရ၏။
ငှက်လေးမှာ ခုန်ဆွခုန်ဆွဖြင့် ရဲရှောင်ရှိရာဘက်သို့ တောင်ပံကို ညွှန်ပြရင်း အော်ဟစ်နေလေသည်။ အတိ အကျဆိုရလျှင် အားဟူနှင့်လင်းယုန်တို့ကို ညွှန်ပြနေခြင်းပင်ဖြစ်၏။
“သခင် . . .”
“ဒီ ၂ ကောင်ပေါ့၊ ဒီကြောင်နဲ့လင်းယုန်က ကျုပ်ကို အနိုင်ကျင့်ကြတာ၊ ကျုပ်အတွက် ကလဲ့စားချေပေးပါ”
ရဲရှောင်စိတ်ထဲ ရယ်ချင်သွားမိသည်။
ငှက်လေး၏ ခန္ဓကိုယ်အား ကြည့်လိုက်သည့်အချိန်တွင်လည်း တောင်ပံကျွတ်ထွက်သည့် အရိပ်အယောင် မျိုး မမြင်ရတော့ချေ။ ထို့ကြောင့် ငှက်လေးမှာ တောင်ပံပြန်ပေါက်နိုင်အောင် လုပ်နိုင်စွမ်းရှိသည်ဟု ရဲရှောင် တွေးမိလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now