အခန်း (၁၅၅၆ - က)(စာစဉ် ၁၂၂- အပိုင်း ၁၃)
“ယှဉ်ပြိုင်မှု”
ဧကရာဇ်ခန်းမမှလူများ ထွက်ခွာသွားမည်ကို ရဲရှောင် စိုးရိမ်မိခြင်း မရှိပေ။ စင်စစ် ဂရုမစိုက်ခြင်းဟု ဆိုရပေ မည်။ သူ့အတွက်က ဖျားယောင်းသွေးဆောင်မှုများကို မမှုဘဲ နေခဲ့မည့် လူများကိုသာ လိုအပ်သည် မဟုတ်ပါလား။
ယခုအခြေအနေသည် သူ့အတွက် လိုအပ်သော လူများကို ရွေးချယ်ရမည့် အခွင့်ကောင်းပင်ဖြစ်လေသည်။
ကနဦးပိုင်းကတည်းက ရွှေကြာပန်း ၇ ပွင့်မှလူများမှာ ရဲရှောင်အား များစွာ အထောက်အပံ့ ပေးခဲ့သည့်တိုင် ထိုလူများကို ဧကရာဇ်ခန်းမမှ လူများအဖြစ် ရဲရှောင်မသတ်မှတ်ခဲ့ပေ။ ထိုအရာများက သူမပိုင်ဆိုင်သော အရာပင် မဟုတ်ပါလား။
ထို့ပြင် သူ့အား စွန့်ပစ်သွားမည့် လူများကိုလည်း သူဂရုမစိုက်၊ လိုလည်း မလိုအပ်ပေ။ တကယ်တမ်းတွင် ရဲယန်ဒွမ်၏ လုပ်ရပ်က ရဲရှောင်အတွက် သစ္စာရှိသော လူများကို ရွေးထုတ်ပေးရန် ကူညီလိုက်သကဲ့သို့ပင် ဖြစ်သွားခဲ့ လေသည်။ ထို့ကြောင့်ပင် ရဲရှောင်က မတားဆီးလိုက်ခြင်း ဖြစ်၏။
မည်မျှထိဆိုလျှင် လူအားလုံးထွက်သွားလျှင်ပင် သူ့အဖို့ တုန်လှုပ်မည် မဟုတ်ပေ။ အနည်းဆုံးမူ အစက ပြန်စနိုင်မည် မဟုတ်ပါလား။ တစ်ယောက်မကောင်းလျှင် နောက်တစ်ယောက် ရှာရန်သာ ရှိတော့သည်။
ထိုအချိန် ရဲယန်ဒွမ် ပြောဆိုပြီးသွားသည့်အထိ ဧကရာဇ်ခန်းမမှ လူများမှာ နှုတ်ဆိတ်လျက် ရှိနေကြ၏။
ဘူရှန်းဖန်၊ မိစ္ဆာဝိညာဉ်နက်၊ ချူလျူ၊ ဘိုင်လုံနှင့် မန်ယုဂျန်တို့မှာမူ ရဲယန်ဒွမ်အား သတ်ဖြတ်လိုသော အကြည့်မျိုးဖြင့် ကြည့်နေကြလေသည်။
ထိုသို့ ဘူရှန်းဖန်တို့ ဒေါသထွက်နေကြသည်မှာလည်း ကျိုးကြောင်းဆီလျော်လှသည်။
ရဲယန်ဒွမ်က ကြီးမြတ်သော ရဲမျိုးနွယ်စုကပီပီ ရဲရှောင်နှင့် ဧကရာဇ်ခန်းမကို ဆန့်ကျင်သည်မှာ ကျိုးကြောင်း ဆီလျော်မှုရှိလှသည်။ ထို့ပြင် ရွှေကြာပန်း ၇ ပွင့်ကို ပြန်လည်စုစည်းသည်မှာလည်း လုပ်သင့်သော အရာပင်ဖြစ်၏။
ထိုအရာများနောက်တွင် အခြေအနေအရ သူ့ဘက်မှ အသာစီးရသွားပြီဖြစ်သဖြင့် ရပ်တန့်လိုက်သင့်သော် လည်း ရပ်တန့်သေးခြင်း မရှိသေးပေ။ ထိုအစား ဧကရာဇ်ခန်းမ၏ ကျန်လူများကိုပါ ခေါ်ယူရန် ကြိုးစားနေပါသေး သည်။ ထိုအပြုအမူက တရားလွန်နေသည် မဟုတ်ပါလား။
(သူ့ကိုယ်သူ သူတော်ကောင်းကြီး တစ်ယောက်လို ပြောဆိုသွားလိုက်တာ၊ ငါတို့ကို ကန်းနေတဲ့ လူတွေလို့ ထင်နေတာလား၊ မျက်လုံးမှာ လောဘရိပ်တွေ အထင်းသားကို မြင်ရတယ်၊ ငါတို့ဧကရာဇ်ခန်းမကို စော်ကားဖို့ ကြိုးစားနေတာပဲ . . .)
(သူလိုချင်တာလည်း ရပြီးသွားပြီ၊ ဘာလို့များ ထပ်ပြီး စော်ကားချင်နေရတာလဲ . . .)
(ဒီလိုလူရဲ့နောက်ကို ငါတို့မလိုက်သင့်ဘူး၊ အချိန်မရွေး ငါတို့ကို ရောင်းစားသွားမယ့် လူမျိုးပဲ . . .)
ရဲယန်ဒွမ်မှာမူ မည်သူမျှ အဖြေမပေးသေးသဖြင့် အံ့ဩသွားလေသည်။ တစ်ဖက်လူများမှာ ရှက်ရွံ့နေကြခြင်း ဖြစ်မည်ဟုလည်း တွေးထင်မိသွား၏။ ထို့ကြောင့်ပင် ထပ်မံ၍ -
“ခင်ဗျားတို့တွေ စိတ်မဝင်စားဘူးလားဦ ကျုပ်ရဲ့ ကြင်နာမှုကိုမြင်အောင် ထပ်ပြီး ပြောလိုက်ဦးမယ်၊ ဒီနေ့ ကျုပ်နဲ့အတူ လိုက်ပါမယ့် လူတွေက ကျုပ်ဦးဆောင်မှုအောက်မှာ တိုက်ရိုက်နေခွင့်ရမယ်၊ သေခြင်းတရားကနေ ကာကွယ်ပေးနိုင်မယ့် ဆေးလုံး ၃ လုံးစီလည်း ရဦးမယ်၊ အဲဒါအပြင် နတ်လက်နက်တစ်ခုစီလည်း ရဦးမယ်၊ အဲဒီလို ဆိုရင်ရော ဘယ်လိုလဲ . . .”
ထိုသို့ပြောနေရင်း ရဲယန်ဒွမ်က လူအုပ်တစ်ခုလုံးအား ဝေ့ကြည့်လိုက်၏။ ထို့နောက် လက်ကို မြှောက်လိုက် ပြန်ပြီး သူ၏လက်ထဲတွင် ဓားတစ်လက် ပေါ်လာလေသည်။ ထိုဓားမှ အလင်းတန်းများလည်း ထွက်ပေါ်လျက်ရှိနေ လေသည်။
ထို့နောက် ရဲယန်ဒွမ်က သူ့ဘေးနားရှိ သက်တော်စောင့်တစ်ဦးအား သံတုံးကြီးတစ်တုံး ထုတ်၍ လှမ်းပစ် ပေးလိုက်၏။ ထိုအခါ သံတုံးကြီးမှာ ဓားအလင်းတန်းများကို ထိသည်နှင့် တစ်စစီ ဖြစ်တည်သွားတော့သည်။
“ဒါကကျုပ်ပေးနိုင်တဲ့ နတ်လက်နက်မျိုးပဲ၊ ဒီထက်အားနည်းတဲ့လက်နက်မျိုး ရမှာမဟုတ်ဘူး၊ ကျုပ်စကား ကို မှတ်ထားပါ . . .”
ရဲယန်ဒွမ်မှ နှစ်လိုဖွယ်ကောင်းစွာဖြင့် ပြောလိုက်သည်။ သို့သော် ထိုနှစ်လိုမှုက လူအများ၏ သစ္စာစောင့်သိမှု အား ဝယ်ယူနေသလိုပင် ဖြစ်နေ၏။
ဧကရာဇ်ခန်းမမှ လူများမှာမူ ထိုအချိန်ထိ နှုတ်ဆိတ်နေကြတုန်းပါပင်။ သို့သော် အချို့သော လူများမှာမူ လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။
“ကျုပ်က စိတ်ရှည်ပါတယ် . . . ကျုပ်စောင့်နိုင်တယ်၊ ခင်ဗျားတို့တွေ ကျုပ်အဖွဲ့ထဲ ဝင်ပြီးတာနဲ့ ဒဏ္ဍာရီတွေ ဖန်တီးကြမယ်၊ ခင်ဗျားတို့ လိုသလောက်အချိန်ကို ကျုပ်စောင့်နေနိုင်တယ်။ ငှက်တစ်ကောင်အဖို့ လုံခြုံမှု ပေးနိုင်တဲ့ သစ်ပင်မှာပဲ နားခိုသင့်တာ မဟုတ်လား၊ အဲဒီလိုပဲ လူတစ်ယောက်ကလည်း ခေါင်းဆောင်ကောင်း တစ်ယောက်ဆီ မှာပဲ နားခိုသင့်တယ် . . .”
ထိုအချိန် ထွားထွားကြိုင်းကြိုင်း လူတစ်ဦးမှ ထရပ်လိုက်ပြီး -
“ကျုပ်က မူလနတ်ဘုရားအဆင့် ၃ ပဲ ရှိပါသေးတယ် ကျုပ်ကို လက်ခံနိုင်မလား . . .”
ရဲယန်ဒွမ်တစ်ယောက် ကျေနပ်သွားလေသည်။ သူ့အဖို့ လက်ရှိအချိန်က ပထမဆုံး အရဲစွန့်၍ ထွက်လာမည့် ထိုသို့သော လူမျိုးကို လိုအပ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုလူက မူလနတ်ဘုရားအဆင့် မဆိုထားနှင့် မူလနတ်သမီးအဆင့် ဆိုလျှင်ပင် ရဲယန်ဒွမ် လက်ခံမည်သာ။
ရဲယန်ဒွမ်မှ ကျေနပ်သွားသည့် လေသံမျိုးဖြင့် -
“ခင်ဗျား အခုလို ထွက်လာပေးတာ ကျေးဇူးတင်ပါတယ်၊ ကျုပ်ကျေကျေနပ်နပ်ကို လက်ခံတာပေါ့၊ လာပါ ကျုပ်တို့ညီအစ်ကိုတွေ အတူတကွ တိုက်ပွဲဝင်ကြတာပေါ့ . . .”
ထိုလူလည်း ခေါင်းညိတ်၍ ရဲယန်ဒွမ်ရှိရာသို့ လျှောက်သွားလေသည်။ သို့သော် ထိုလူ၏ ရှေ့တွင် ရပ်နေ သော လူမှာ လမ်းမဖယ်ပေးချေ။ စင်စစ် လမ်းပိတ်ဆို့ထားခြင်းပင် ဖြစ်၏။
“ကျေးဇူးပြုပြီး ငါ့ကိုဖယ်ပေးပါဦး . . .”
လူထွားကြီးမှ ပြောလိုက်သည်။
“ဘာ . . . မင်းကဘာတွေ စဉ်းစားနေတာလဲ . . .”
ထို့နောက် လူထွားကြီး ဘေးနားရှိ လူများမှာ လူထွားကြီးနားတွင် ဝိုင်းလာကြလေသည်။ ထိုလူများအနက် တစ်ဦးမှာ ဒူချင်းကွမ်ပင် ဖြစ်၏။ ဒူချင်းကွမ်မှ အထင်သေးသည့် လေသံမျိုးဖြင့် -
“မင်းတော်တော်ကို အရှက်မဲ့တဲ့ကောင်ပဲ၊ ငါ့တို့ကို ဖယ်ပေးစေချင်တယ်ပေါ့၊ မင်းတစ်ခွန်းထပ်ပြောရင် ဒီနေရာမှာပဲ မင်းကို မြေမြှုပ်ပစ်မယ် ထွီ . . .”
ပြောပြောဆိုဆိုဖြင့် တစ်ဖက်လူ၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်လေသည်။
“ခွေးလောက်တောင် ကျေးဇူးမသိတတ်တဲ့ကောင်၊ သစ္စာဖောက်၊ ငါ့ကိုတောင် လာပြောဝံ့သေးတယ်”
ထိုအခါ လူထွားကြီးမှာ ရှက်အမ်းအမ်း ဖြစ်သွား၏။ ရှက်စိတ်ကြောင့် သူ၏ မျက်နှာတစ်ခုလုံးလည်း နီရဲနေပြီး ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။
“ဒူချင်းကွမ် . . . ဘေးဖယ်ပေးလိုက်၊ သူသွားပါစေ . . .”
ရဲရှောင်မှ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“သူ့ကို သွားခွင့်ပေးလိုက် . . . ဒီလိုလူမျိုးကို ကျုပ်တို့နားမှာ ထားချင်လို့လား . . .”
ထိုအခါမှသာ ဒူချင်းကွမ်လည်း သဘောကျသွားဟန်ဖြင့် -
“ဟုတ်သားပဲ . . . ဒါကိုကျုပ်သိသင့်တာ၊ ကျုပ်ကတော်တော်ကို တုံးတာပဲ၊ ကျုပ်အမှားပါ သွားသွား အခုပဲသွားလိုက်တော့ . . .”
လူထွားကြီးမှ လျှောက်လာရင်း ရဲရှောင်အား -
“သခင်လေး . . . ကျုပ်စိတ်မကောင်းပါဘူး၊ ကျုပ်က နတ်လက်နက်တစ်ခုကို ပိုင်ဆိုင်ဖို့ အိပ်မက်မက်ခဲ့သူ တစ်ယောက်မို့ပါ ကျုပ် . . .”
ရဲရှောင်က ခေါင်းညိတ်လိုက်ပြီး -
“သွားပါ . . . ခင်ဗျားကျုပ်အပေါ် တခြားဘာမှ အကြွေးတင်မနေပါဘူး၊ လူတိုင်းမှာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲလေ၊ ခင်ဗျားကျုပ်ကို ပေးထားခဲ့တဲ့ ကတိကိုသာ တည်အောင်ကြိုးစားပါ၊ ကျန်တာခင်ဗျားဆီက ဘာမှကျုပ် မလိုချင်ဘူး၊ အခုသွားတော့ . . .”
ထို့နောက် လိအားလန်ဟုခေါ်သော လူထွားကြီးမှာ ခေါင်းကိုငုံ့၍ ရဲယန်ဒွမ်ထံသို့ ထွက်သွားလေသည်။
ထိုသို့ဖြင့် လိအားလန် ထွက်သွားပြီးနောက် နောက်ထပ် လူ ၁၀၀ ကျော်တို့မှာ ရဲရှောင်အား အရိုအသေ ပေးပြီးနောက် လိုက်ပါသွားကြတော့သည်။
ထိုအချိန် ရဲယန်ဒွမ်မှာမူ သူ့ဘက်သို့ ရောက်လာသော လူများအားကြည့်ရင်း အကျေနပ်ကြီးကျေနပ်နေလေ သည်။
ဧကရာဇ်ခန်းမ၌ ကျန်ရစ်ခဲ့သော လူများမှာမူ ဒေါသတကြီး အော်ဟစ်နေကြ၏။ အချို့ဆိုလျှင် တစ်ဖက်သို့ ရွေးချယ်သွားသော လူများကို တိုက်ခိုက်ရန်ပင် ကြိုးစားကြသေးသည်။
“မျိုးမစစ်ကောင် . . . ကျေးဇူးမသိတတ်တဲ့ ခွေးကောင်၊ ဘယ်လိုတောင် လုပ်ဝံ့ရတာလဲ . . .”
“ခွေးမသား . . . မင်းကလူရော ဟုတ်ရဲ့လား . . .”
“ဧကရာဇ်က မင်းအသက်ကို ကယ်တင်ခဲ့တယ်လေ အဲဒါတောင်မင်းက ဒီလိုလုပ်ဝံ့သေးတယ်၊ တော်တော် အတင့်ရဲပါလား . . .”
“ဧကရာဇ်က ငါတို့အပေါ် ဒီလောက်ကောင်းခဲ့တာ၊ မင်းနဲ့ငါနဲ့ အခုကစပြီး မိတ်ဆွေလို့ မသတ်မှတ်နဲ့တော့၊ မင်းကို ခွေးမသားလို့ပဲ ခေါ်မယ်၊ နောက်တစ်ခါတွေ့လို့ကတော့ သေအောင်သတ်ပစ်မယ်၊ စောင့်သာနေလိုက် . . .”
“မင်းကို အခုပဲ သတ်ပစ်မယ်၊ ကျေးဇူးမသိတတ်တဲ့ကောင် . . .”
ရဲယန်ဒွမ်မှာ လူအများ သူ့ဘက်သို့ ကူးပြောင်းလာသည်ကို ကြည့်ရင်း ကျေနပ်နေလေ၏။ ပေါ်ပေါ်ထင်ထင် လှောင်ပြောင်နေသလိုပင် ကြည့်နေလေသည်။ သို့သော် ရဲရှောင်မှာမူ ထိုမြင်ကွင်းအား အနည်းငယ်မျှပင် မတုန်လှုပ် ဟန်ဖြင့် ကြည့်နေ၏။
ထိုလူများ ထွက်ခွာသွားသည်ကိုကြည့်ရင်း ကျေနပ်နေဟန်ပင် ရှိပြီး စိတ်အနှောင့်အယှက် ဖြစ်ဟန်လည်း မရှိချေ။
“မင်းက ပျော်နေသလိုပဲ၊ ဘာလို့များလဲဆိုတာ ငါနားမလည်နိုင်ဘူး၊ မင်းအမြင်လေးကို ပြောပြပေးပါဦး”
ရဲယန်ဒွမ်မှ ပြုံးရင်း မေးလိုက်သည်။
“မင်းကငါ့ကို မေးတာ ကျေးဇူးတင်တယ်၊ ဘယ်သူမှ မမေးတော့ဘူး မှတ်နေတာ ငါကငယ်ရွယ်သေးတော့ ငါ့ခံစားချက်ကို ဖုံးကွယ်ထားဖို့ သိပ်ဟန်မဆောင်တတ်သေးဘူး၊ အခုက တကယ်ကို ကျေနပ်စရာကောင်းနေလို့ပါ”
ရဲရှောင်မှ ပြုံးရင်း ပြောလိုက်ပါတော့သည်။
YOU ARE READING