အခန်း (၁၅၉၁)(စာစဉ် ၁၂၅- အပိုင်း ၁၁)
“သေခြင်းမှ လွတ်မြောက်လာခြင်း”
“ကံတရားရဲ့ လျှို့ဝှက်ဆန်းကျယ်မှုပဲ . . .”
“ရန်သူတွေက ဂွမ်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့ကြတယ်၊ ငါတို့အများကြီးဆုံးရှုံးခဲ့ရတယ်၊ ဧကရာဇ်ရဲသာ ပေါ် မလာခဲ့ဘူးဆိုရင် ငါတို့တွေအကုန်လုံး ဒီနေရာမှာပဲ အသတ်ခံရမှာ . . .”
ဆရာဂွမ်က သက်ပြင်းရှည်ကြီးချရင်း ပြောလိုက်၏။ သူ့စိတ်ထဲ၌လည်း အလွန်ခံပြင်းလျက်ရှိနေသည်။
“တစ်ယောက်က ဘာမှမရှိတဲ့သုညဘဝကနေစခဲ့တယ်၊ အစပိုင်းမှာ သူကဘာဆိုဘာမှ မဟုတ်ဘူး ဒါပေမယ့် အခုတော့ သူက သဘာဝတရားခန်းမကိုတောင် တိတ်တဆိတ်နဲ့ လွှမ်းမိုးနိုင်စွမ်းရှိသွားပြီ . . .”
“နောက်တစ်ယောက်ကတော့ မွေးကတည်းက အင်အားတွေကို ပိုင်ဆိုင်ခဲ့တယ် ဒါပေမယ့် ငါတို့အတွက် ပျက်စီးမှုပဲဖြစ်စေခဲ့တယ် . . .”
ဆရာဂွမ်မှ သက်ပြင်းချရင်း ဝမ်းနည်းမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ကောင်းကင်ဘုံရယ် . . . ကျုပ်တို့တွေ ဘာတွေများ မှားခဲ့လို့ ရွှေကြာပန်း ၇ ပွင့်ကို အပြစ်ပေးရတာလဲ . . .”
“ဒီလူတွေ . . . ငါတို့လူတွေက . . . ဒီနေ့မှာ အသက်မရှင်နိုင်ခဲ့ကြဘူး . . .”
“ဒီနေ့ ငါတို့တိုက်ခံခဲ့ရတယ် ဒါပေမယ့် ဧကရာဇ်က ငါတို့ကို ကယ်တင်ပေးခဲ့တယ်၊ တစ်နေ့နေ့မှာ တခြား မျိုးနွယ်စုတွေကို သူတို့ တိုက်ခိုက်ကြဦးမယ် အဲဒီအချိန်ကျ ဘယ်သူက သူတို့ကို သွားကယ်ပေးမှာလဲ . . .”
ဆရာဂွမ်မှ ဝမ်းနည်းဟန်ဖြင့် ထပ်မံပြောလိုက်၏။
ဆရာဆောင်လည်း သက်ပြင်းရှည်ကြီးသာ ချလိုက်တော့သည်။ ခဏအကြာတွင် ဆရာဂွမ်အနားသို့ တိုး သွားပြီး -
“ဂွမ် . . . ဧကရာဇ်ရဲ . . . ဧကရာဇ်ရဲက . . .”
“မင်းဘာတွေလုပ်နေတာလဲ အဲဒီလောက်ထိ အရှက်မမဲ့စမ်းပါနဲ့ . . .”
ဆရာဂွမ်မှ ဆရာဆောင်အားကြည့်ကာ မကျေမချမ်းဖြင့် ပြောလိုက်သည်။
“ငါတို့တွေ ဒီညတိုက်ခိုက်ခံရတယ် ဒါပေမယ့် ငါတို့ရှင်သန်နိုင်ဖို့ အကောင်းဆုံး ပြန်တိုက်ခိုက်ခဲ့တယ် . . .”
“ဒါကဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာပဲ တခြားဘာမှမရှိဘူး၊ ဧကရာဇ်ရဲကိုလည်း ဘယ်သူမှ မမြင်လိုက်ရဘူး . . .”
ဆရာဂွမ်မှ ပြတ်သားစွာ ပြောလိုက်၏။
“ဒီသတင်းကို ပေါက်ကြားစေတဲ့ လူမှန်သမျှ အပြစ်ပေးခံရမယ် . . .”
ရှိနေသော လူများမှာလည်း ရဲရှောင်က လေးစားဖွယ်ကောင်းသည့် လူတစ်ဦးဖြစ်သည်ဆိုသည်ကို သိကြ၍ ဆရာဂွမ်၏ စကားကို တသွေမတိမ်း နာခံလိုက်ကြ၏။
“ရဲယန်ဒွမ်သာ အခုညဖြစ်ပျက်ခဲ့တာကိုသိရင် ဧကရာဇ်ရဲနဲ့ ဧကရာဇ်ခန်းမကို သတ်ဖြတ်ဖို့အတွက် ဘာမဆို လုပ်လိမ့်မယ် . . .”
ဆရာဂွမ်မှ ဆရာဆောင်အားကြည့်ကာ ပြောလိုက်သည်။
“ဆောင် . . . ငါတို့ ရဲရှောင်ကို ဒီလိုဖြစ်ခွင့်မပြုနိုင်ဘူး . . .”
ဆရာဆောင်မှ ရှက်ရွံ့သွားပြီးနောက် ဆရာဂွမ်အား စိတ်ချင်းဆက်သွယ်ကာ -
“မင်းငါ့ကို အထင်လွဲနေတာပါ၊ ငါကအဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ မင်းပြောတာလည်း မှန်ပါတယ် . . .”
“ခြင်းတစ်ခြင်းထဲကို ကြက်ဥတွေအားလုံး စုမထည့်သင့်ဘူးလေ ခြင်းသာကျိုးသွားရင် ကြက်ဥအားလုံး ကွဲ သွားလိမ့်မယ် . . .”
ထိုစကားကြောင့် ဆရာဂွမ် အံ့ဩသွား၏။ ထို့နောက် ရင်တစ်ခုလုံး နာကျင်သွားဟန်ဖြင့် ခေါင်းခါယမ်းလိုက် ရင်း -
“ကောင်းကင်သစ်ရွက်နဲ့ ရွှေကြာပန်း ၇ ပွင့်က အတူတကွရှိကြတယ် . . .”
ဆရာဆောင်မှာ ခေါင်းငိုက်စိုက်ကျလျက်သာရှိနေသည်။ သို့သော် သူ၏မျက်လုံးများမှာမူ အရောင်တဖျတ် ဖျတ် တောက်ပနေတော့သည်။
. . .
ရဲစစ်သည်တော်များ၏ တိုက်ပွဲအခြေအနေမှာ ကောင်းသွားချေပြီ။
ဆရာချင်လည်း တိုက်ပွဲမှ ပြန်လာပြီးနောက် ဆရာဂွမ်တို့ကို မတွေ့ရ၍ အံ့ဩသွားလေသည်။
“ဂွမ်နဲ့ ဆောင် ဘယ်ရောက်သွားတာလဲ . . .”
ဂွမ်နှင့်ဆောင်တို့မှာ ရဲယန်ဒွမ်၏အနားတွင်ရှိသင့်သော်လည်း မတွေ့ရ၍ ဆရာချင် အံ့ဩသွားခြင်းဖြစ်၏။
ရဲယန်ဒွမ်မှ -
“ဂွမ်မျိုးနွယ်စုက တိုက်ခိုက်ခံခဲ့ရတယ်၊ ဆရာကြီးနှစ်ယောက်က ကူညီပေးဖို့ သွားကြတယ် . . .”
ထိုစကားကြောင့် ဆရာချင်နှင့် ကျန်လူများအားလုံး အံ့ဩသွားကြ၏။
“သူ့မျိုးနွယ်စုက တိုက်ခိုက်ခံရတယ် ဟုတ်လား . . . ဒါကြီးက . . .”
ရဲယန်ဒွမ်မှ စိုးရိမ်သည့်ဟန်မျိုးဖြင့် -
“ဆရာကြီးတို့က ရန်သူတွေကို အတူတိုက်ခိုက်နိုင်မှာပါ၊ သူတို့အဆင်ပြေကြမှာပါ . . .”
ရဲယန်ဒွမ်က ထိုသို့စိုးရိမ်သည့်ဟန်မျိုးဖြစ်နေသော်လည်း တကယ်တမ်းတွင်မူ စိတ်ထဲ၌ ကျေနပ်နေ၏။
ဆရာဆောင်နှင့် ဆရာဂွမ်တို့က သူအလွန်မုန်းတီးသည့် ရဲရှောင်နှင့် တစ်ချိန်လုံး အနီးကပ်ရှိခဲ့သည့် လူများ ပင် မဟုတ်ပါလား။ ထို့ကြောင့် တိုက်ခိုက်မှုက ထောင်ခြောက်ဖြစ်မှန်းသိခဲ့သည့်တိုင် ရဲရှောင်အား ရင်ထဲရှိနေသည့် လူများကို သူမလိုချင်။
ထိုလူများရှိနေသည့်အစား တစ်စုံတစ်ခုဖြစ်သွားသည်က နားအေးသေး၏။ ထို့ကြောင့်ပင် ဆရာဂွမ်တို့အား မတားဆီးဘဲ သွားခွင့်ပေးလိုက်ခြင်းဖြစ်သည်။
(ရန်သူတွေက အစီအစဉ် ဘယ်လိုရှိလဲဆိုတာကိုတော့ ငါမသိဘူး ဒါပေမယ့် အောင်မြင်ဖို့တော့ များတယ်၊ တကယ်လို့ ဒီအဘိုးကြီး ၂ ယောက်သာ သေသွားခဲ့ရင် မျိုးနွယ်စု ၇ စုကို ငါထိန်းချုပ်ရလွယ်သွားပြီ . . .)
ထိုအချိန်မှာပင် ဆူညံစွာ ထွက်ပေါ်လာသည့် အသံဗလံများကြောင့် ဆရာကြီးများအားလုံး ထိတ်လန့်သွား ကြ၏။ ထို့ကြောင့် လှမ်းကြည့်လိုက်သည့်အချိန် ဒဏ်ရာများရရှိထားကြသော ဆရာဂွမ်နှင့် ဆရာဆောင်တို့အား မြင်တွေ့လိုက်ကြရသည်။
၎င်းတို့နှင့်အတူလည်း လူအနည်းသာပါရှိလာကြတော့သည်။ ထိုလူများအားလုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိထားကြပြီး အချို့ဆိုလျှင် လက်ပြတ်၊ ခြေပြတ်များပင် ပါရှိကြပါသေးသည်။
ထို့ကြောင့် ထိုလူများကိုကြည့်ရင်း အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။
“ဆရာဂွမ် . . .”
ရဲယန်ဒွမ်မှ ဆရာဂွမ်အနားသို့ ချက်ချင်းပင် ပြေးသွားလိုက်၏။
“ဘာတွေများဖြစ်ခဲ့တာလဲ . . .”
“သဘာဝတရားခန်းမက ငါတို့ကို ချုံခိုတိုက်ခိုက်ခဲ့တယ် ဒါပေမယ့် ငါတို့ နောက်ဆုံးမှာ ပြန်တိုက်ခိုက်ပြီး ထွက်ပြေးနိုင်ခဲ့တာပဲ . . .”
ဆရာဂွမ်မှ မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်သည်။
ထို့နောက် အခြားလူများဘက်သို့ကြည့်ပြီး ဒေါသတကြီးဖြင့် -
“ငါတို့ရဲ့လူ ၇၀၀ ကျော် သေခဲ့ရတယ် ငါငါငါအဲဒီအတွက် . . .”
ဆရာဂွမ်မှာ စကားဆက်မပြောနိုင်တော့၊ သွေးများအန်ထွက်ကာ သတိလစ်သွားတော့သည်။
ထိုအချိန် ဆရာဆောင်မှာလည်း စကားပင်မပြောနိုင်တော့ဘဲ ချက်ချင်းပင် သတိလစ်သွားတော့သည်။
“မြန်မြန်လုပ်ကြ . . . မြန်မြန်လုပ်ကြ . . .”
“တစ်ယောက်ယောက် လာကြပါဦး . . .”
လူတိုင်းမှာ အထိတ်တလန့်ဖြင့် အကူအညီ အော်ဟစ်တောင်းလိုက်ကြ၏။
အကြောင်းစုံကိုသိလို၍ ကျန်သောလူများကို မေးမြန်းကြည့်သည့်အချိန်တွင်လည်း ဆရာဂွမ်ပြောခဲ့သည့် အတိုင်း ထပ်တူညီသည့် အဖြေကိုသာ ရရှိခဲ့ကြသည်။
အားလုံးမှာ သဘာဝတရားခန်းမ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပြန်လည်တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့ကြသည်။ လူအများစုမှာမူ ထိုတိုက်ပွဲနေရာတွင်ပင် သေဆုံးခဲ့ကြရ၏။ ထို့အတူ အဘိုးကြီးနှစ်ယောက်လုံးမှာ လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြလေသည်။
သို့သော် ၎င်းတို့အား မည်သူကယ်တင်ခဲ့သည်ဆိုသည့်အချက်ကိုမူ ထုတ်ဖော်မပြောဆိုကြချေ။ ဤသည်က ဆရာဂွမ်၏ အမိန့်အတိုင်း လိုက်နာခြင်းပင် မဟုတ်ပါလား။
ထိုအချိန် အခြားသော အဘိုးကြီးများမှာ ကျန်လူများပြောသည်ကို နားထောင်ရင်း ဒေါသယမ်းပုံကျသွားကြ ၏။ ထို့ကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ဒေါသတကြီးဖြင့် -
“သဘာဝတရားခန်းမ . . . သူတို့က ငါတို့ကို ဒီလိုလုပ်တယ်ပေါ့ . . .”
“နောက်ဆုံးအချိန်ထိ ငါတို့တိုက်ခိုက်ရမယ် . . .”
“ငါတို့ညီအစ်ကိုတွေအတွက် ကလဲ့စားချေရမယ် . . .”
ရဲယန်ဒွမ်မှာလည်း စိုးရိမ်ပူပန်ဟန်ဖြင့်သာ ရှိနေသည်။ ဒဏ်ရာရလာသည့် လူများအတွက် သူ၏ဆေးလုံး များကိုပင် ထုတ်ပေးနေသေး၏။
“ဒါကျုပ်ရဲ့အမှားပါ အခြေအနေတွေက ရှုပ်ထွေးနေတော့ ကျုပ် . . . ကျုပ်ဒီလိုမလုပ်ခဲ့သင့်ဘူး . . .”
ဒေါသထွက်နေကြသော အဘိုးကြီးများမှာ ရဲယန်ဒွမ်အား ဝိုင်းဝန်းနှစ်သိမ့်ပေးလိုက်ကြ၏။ ယခုအချိန်မှ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလျှင်လည်း ထူးခြားတော့မည်မဟုတ်၍ အဘိုးကြီးများက ထိုသို့လုပ်ပေးနေကြခြင်း ဖြစ်သည်။
ထိုအချိန် သတိလစ်နေသော ဆရာဂွမ်၏မျက်နှာမှာ ခနဲ့တဲ့တဲ့ မျက်နှာမျိုး ဖြစ်သွားလေသည်။ သို့သော် ထို အပြုအမူက တစ်စက္ကန့်မျှသာ ကြာမြင့်လိုက်ခြင်းဖြစ်၏။
(သူသာ အဲဒီလောက်ထိ တုံးအရင် ငါသူ့ကို အပြစ်မတင်ပါဘူး ဒါပေမယ့် ထောင်ခြောက်မှန်း သိနေလျက်နဲ့ ငါတို့ကို သေလမ်းလွှတ်တယ်ဆိုရင်တော့ ငါဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး . . .)
“မနက်ဖြန်ကျရင် ကျုပ်တို့မှာရှိတဲ့ အင်အားအကောင်းဆုံးကို စုစည်းပြီး သဘာဝတရားခန်းမရဲ့ အဖွဲ့ခွဲကို တိုက်ခိုက်ကြမယ် . . .”
ရဲယန်ဒွမ်မှ တစ်ချက်လွတ် အမိန့်ပေးလိုက်ပါတော့သည်။
YOU ARE READING