ဖူအန်သည် စုဆန်၏ပုံရိပ်အား ဖုန်တောထဲတွင် တွေ့လိုက်၏။
“အစ်ကိုတာ့ချမ်း…………….အဆင်ပြေရဲ့လား?”
ပတ်ဝန်းကျင်ရှိဖုန်မှုန့်များကြောင့် အသက်ရှုရန်ခက်ခဲနေကာ မျက်လုံးဖွင့်ရန်ပင် ခက်ခဲနေသည်။
စုဆန်က အဆင်ပြေကြောင်းပြောရန်ပြင်လိုက်စဉ်မှာပင် ဖူအန်၏အော်ဟစ်သံအား ရုတ်တရက်ကြားလိုက်ရသည်။
“အစ်ကိုတာ့ချမ်း………………အောက်ကိုဝပ်”
ခန္ဓာကိုယ်မှာ ဦးနှောက်ထက်ပင်ပို၍မြန်ဆန်နေသည်။
သူဆောင့်ကြောင့်ထိုင်ချလိုက်ချိန်တွင်ပင် တစ်စုံတစ်ခုက သူ့ခေါင်းပေါ်မှာ ပျံ၍ဖြတ်ကျော်သွားကြောင်း ခံစားလိုက်ရသည်။
ဦးခေါင်းထိပ်မှာ ရုတ်တရက် အေးစက်သွား၏။မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်ရာ ထိုအရာမှာ သံချေးများတက်နေသည့်သံပြားတစ်ပြားဖြစ်နေလေသည်။
အပေါ်ပိုင်းမှာ မိုးရေကြောင့် သံချေးများတက်နေသော်လည်း အဆုံးသတ်များမှာ အလွန်ပင်ထက်မြနေ၏။
ထိုအရာမှာ သူ့ခေါင်းပေါ်မှကျော်လျှက် ခြံဝန်းထဲရှိလူ ၂ ဖက်စာခန့်ရှိသောသစ်ပင်အိုကြီးတွင် သွားစိုက်နေလေသည်။စုဆန်မှာ တစ်ခဏခန့်ကြောင်အသွားပြီးနောက် အလျှင်အမြန်ပြေးထွက်လာကာ အိမ်ထဲသို့ပြေးဝင်လိုက်သည်။
ရုတ်တရက်တိုက်ခတ်လာသောလေမှာ ပြင်းထန်လှသည်။
တတိယထပ်တွင်ရပ်နေသောဖူအန်သည် မြင်ကွင်းများကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ယခုအချိန်သည် နံနက် ၁၁ နာရီရှိနေပြီဖြစ်သော်လည်း ကောင်းကင်မှာ ည ၈ နာရီ၊ ၉ နာရီကဲ့သို့ မှောင်မဲလျှက် ရှိနေဆဲပင်။
ပြင်းထန်သောလေကြောင့် မျက်နှာများပင် စပ်ဖျဉ်းဖျဉ်းဖြစ်လာနေသည်။ မနီးမဝေးလမ်းတစ်ခုပေါ်တွင် ဖုန်မှုန့်များနှင့်ပလက်စတစ်၊ စက္ကူများမှာ လေနှင့်လွှင့်ပြီး လေပွေပုံသဏ္ဍာန်ဖြစ်လာနေသည်။
လေပွေမှာ ပိုပိုကြီးထွားလာသည်။
ဖုန်မှုန့်များ၊ အမှိုက်များမှာ လေလမ်းကြောင်းနှင့်အတူလည်ပတ်ရင်း တစ်ဖြည်းဖြည်းမြန်ဆန်လာကာ လေပွေသည်လည်း ပို၍ထူထဲပြီး ကြီးမားလာသည်။