လူသစ်စကားဖြစ်သဖြင့် မည်သူကမျှသူမစကားကို အရေးတယူမလုပ်ကြပေ။
အိုး……….နိုး………
ကျန်းယွမ်ယွမ် သေသေချာချာနားထောင်လိုက်၏။
ငယ်ရွယ်စဉ်အခါကပင် သူမအနေဖြင့် ဖူအန်၏မဖြစ်နိုင်လောက်သောကံကောင်းမှုအကြောင်းကို သိထားသည်။
ပုံမှန်အားဖြင့် မမြင်နိုင်ပေ။
သို့သော်လည်း အရေးကြီးသည့်အချိန်မျိုးတွင် ထွက်ပေါ်လာတတ်သည်။အသိသာဆုံးအရာမှာ ကံစမ်းမဲစာရွက် ၁၀ ရွက်ဝယ်ကာ ဖောက်ကြတုန်းကပင်။ အထက်တန်းကျောင်းအချိန်က သူမတို့ ၂ ဦးမှာ ကံစမ်းမဲစာရွက်ဝယ်၍ ဖောက်ကြရာတွင် ၁၀ ရွက်၌ ၉ ရွက်ပေါက်သဖြင့် တစ်ပတ်အတွင်း ယွမ် ၃,၀၀၀ ရဖူးလေသည်။
နောက်ပိုင်းတွင် အဖိုးဖူက ရိုက်နှက်သဖြင့် ထိုကဲ့သို့ကိစ္စမျိုးကို ရပ်လိုက်ကြခြင်းဖြစ်သည်။
ထို့အပြင် အလွန်တိကျထက်မြက်သည့် ဆဌမအာရုံလည်းရှိသေးသည်။
သူမမှတ်မိသလောက် ဖူအန်မူလတန်းကျောင်းအရွယ်က လူကုန်ကူးသမားများမှာ ကလေးများကိုဖမ်းရန် ကျောင်းဂိတ်ပေါက်ဝ၌ စောင့်နေသည်။သူတို့က ကောင်းကောင်းမွန်မွန်ဝတ်စားထားသော်လည်း ဖူအန့်ကို အရူးလုပ်၍မရပေ။ သူမတစ်ယောက်တည်းအဝေးသို့ထွက်ပြေးသွားကာ လမ်း၌တွေ့သောတစ်စုံတစ်ယောက်ကို ဖက်မိသည်။ ထိုလူမှာ တာဝန်ချိန်ပြီး၍ပြန်လာသည့် ရဲတစ်ယောက်ဖြစ်နေသည်။
ထိုအဖြစ်အပျက်ကြောင့်ပင် သူမအမေရင်ထဲရှိ ဖူအန်၏နေရာမှာ အလွန်မြင့်တက်သွားကာ မိသားစုရှိ သူမ၏နေရာကိုပင် ခြိမ်းခြောက်လာခဲ့သည့်အခြေအနေဖြစ်သွားသေးသည်။
ဤကဲ့သို့သောအရာများမှာ ကလေးဘဝကတည်းကပင် အကြိမ်ပေါင်းများစွာကြုံတွေ့ဖူးလေသည်။
“ဝက်ပုတ်မလေး………..နင်တကယ်ပြောတာလား?”
ကျန်းယွမ်ယွမ်မေးလိုက်၏။
“တကယ်ပေါ့”
ဖူအန်ခေါင်းညိတ်လိုက်၏။
“ဒါဆိုရင် ငါမသွားတော့ဘူး”