ဒီတစ်ကြိမ်က အနိုင်ရတဲ့ဆုကို သွားယူဖူးတဲ့ပထမဆုံးအကြိမ်ပဲ………….ဒါပေမယ့်တစ်ခုခုကို ငါဆုံးရှုံးသွားရသလို ခံစားရတယ်…………..
ဖူအန်သည် ဘေးအိမ်မှ အခြေအနေအားစဉ်းစားမိလိုက်ကာ လက်ထပ်ခြင်းသည် အန္တရာယ်များသည့်အလုပ်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
“ကြောက်စရာကြီး”
ထိုမိန်းမ ခံစားခဲ့ရသည်နှင့် ဖြစ်ပျက်နေသည့်အမူအရာများကိုတွေးမိရင်း ဖူအန်မှာ ကြက်သီးမွှေးညှင်းများပင် ထလာရသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့လူလွတ်တွေကပဲ တောက်ပတဲ့အနာဂတ်ရှိတာသေချာနေပြီ………………
အိမ်ထောင်ပြုလိုက်တာက မှားယွင်းတာပဲ…………..ဘဝကြီးကို ဖျက်စီးလိုက်သလိုပဲ………..
“အစ်ကိုဖု…………ရှင်ကအမြင်တကယ်ရှိတာပဲ”
ရည်းစားမထား……….အဖော်မရှာတာကမှ တကယ်လမ်းကြောင်းမှန်ပဲ…………..
စကားပြောပြီးနောက် ဖူအန်မှာလက်မောင်းကိုပွတ်လိုက်ပြီး ပြန်ပြေးလာခဲ့သည်။ အပြင်ဖက်တွင် အလွန်အေးလှသဖြင့် ဆွယ်တာတစ်ထည်တည်းဖြင့် လုံးဝမနေနိုင်ပေ။
ရုတ်တရက်အမြှောက်ခံလိုက်ရသည့်ဖုရီရှီမှာမူ ရပ်တန့်သွားကာ အိမ်ဆီသို့အသည်းအသန်ပြေးသွားသည့်ဖူအန်အား ကြည့်လိုက်မိကာ မျက်မှောင်ကြုတ်လိုက်၏။
နားလည်ရခက်လိုက်တာ………..
……………………………………………………….အခန်းထဲတွင် နွေးထွေးနေဆဲပင်။
အပြင်ဖက်တွင် ခဲလုအောင်အေးခဲနေသဖြင့် နွေးထွေးစေရန် မီးလင်းဖိုနားသို့ ပြန်ရောက်လာ၏။ သက်တောင့်သက်သာရှိသောကြောင့် ဖူအန်သက်ပြင်းတစ်ချက်ချမိလိုက်သည်။
ထိုအခိုက်တွင် သူမဝယ်လာဖူးသည့်ကော်စောကို ရုတ်တရက်သတိရမိလိုက်သည်။ ထိုသည်ကိုဒုတိယထပ်ရှိဗီရိုထဲတွင်ရှာလိုက်ပြီး မီးလင်းဖိုနှင့်မဝေးလှသည့်နေရာတွင် ဖြန့်ခင်းလိုက်၏။
ကြမ်းပြင်အပူပေးစနစ်၏အပူချိန်ကြောင့် ကော်စောမှာ အပူတက်လာ၏။ သူမက ဖိနပ်ချွတ်လိုက်ပြီး အမွှေးထူထူကော်စောပေါ်သို့ ခြေဗလာဖြင့် တက်လိုက်၏။