အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၈၉ ) အရှင်သခင် ဝေ
Chapter 389ဝေရှင် ခေါင်းကိုငုံ့ပြီး၊ သေချာတွေးနေခဲ့သည်။ ကျောက်ဖူ သူ့ကို အချိန်အနည်းငယ် ပေးထားခဲ့သည်။ ငါးမိနစ်၊ ခြောက်မိနစ် အကြာမှာတော့ ကျောက်ဖူ နောက်တစ်ကြိမ် မေးလိုက်သည်။
"မင်းအနေနဲ့ ချင်ကိုလက်အောက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။"
"ဘုရင်မင်းမြတ်၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကျွန်တော်တို့တွေ ဝေ ပြည်ထောင်နဲ့အတူ သေဖို့အသင့်ရှိပါတယ်။"
ဝေရှင် သဘောတူဖို့ နီးစပ်လာတဲ့အခါ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဒေသခံနေထိုင်သူတွေက သူ့ကို ၀မ်းနည်းပူဆွေးစွာနဲ့ အော်ဟစ်ပြောဆိုနေခဲ့ကြသည်။
ဝေရှင် တွေးနေတာကို ခဏရပ်လိုက်ပြီး၊ ဖြည်းဖြည်းချင်းလှည့်ကာ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကြည့်လိုက်သည်။ အဲ့ဒီနောက် သူ့အကြည့်တွေက ပြတ်သားလာခဲ့ပြီး၊ ကျောက်ဖူဖက်လှည့်ကာ ပြောလိုက်သည်။
" ငါတို့တွေ အညံခံမယ်။"
အဲ့ဒီနောက်မှာတော့ ဝေရှင် ဒူးနှစ်ဖက်ထောက်ချခဲ့လိုက်သည်။ ဝေပြည်ထောင်ရဲ့ ပြည်သူတွေကတော့ စောင့်ကြည့်ရုံသာတတ်နိုင်ခဲ့ကြသည်။ အဲ့ဒီနောက် ဝေရှင် ကျောက်ဖူကို အရိုအသေပေးလိုက်သည်။
ဒီလုပ်ရပ်က ကောင်းကင်နဲ့ မြေပြင်ကိုတောင် တုန်လှုပ်သွားစေခဲ့သည်။ အဲ့ဒီနောက် လေပြင်းတွေ တိုက်ခတ်လာခဲ့ကာ တိမ်တိုက်တွေ ရွေ့လျားသွားခဲ့ကြသည်။ ဒီအမှတ်အသားလက္ခဏာတွေက ဝေ ပြည်ထောင်ဟာ သူ့ရဲ့ ကံကြမ္မာအများစုကို ဆုံးရှုံးသွားပြီလို့ ဖော်ပြနေခဲ့တာပါ။
ဝေရှင်ရဲ့ ခန္ဓာကိုယ်ကနေ ခရမ်းရောင်အရှိန်အဝါတွေရှိနေတဲ့ အမျှင်အတန်း ၁၀ ခုထွက်ပေါ်လာခဲ့ပြီး၊ ကျောက်ဖူ ဆီကို ဦးတည်လွင့်မြောသွားခဲ့ကာ ဘုရင့်သရဖူထဲကို ၀င်ရောက်သွားခဲ့သည်။ ဘုရင့်သရဖူက အနည်းငယ် တုန်ခါသွားခဲ့ပြီး၊ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ သူရဖူက မီးခိုးရောင် အဆင့်ကနေ အဖြူရောင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။