အခန်း ၆၉ ။ ပြိုင်ပွဲပဏာမအဆင့်

1.4K 179 3
                                    

69
အခန်း ၆၉ ။ ပြိုင်ပွဲပဏာမအဆင့်

ရှန်းရင်အုပ်စုက ပြိုင်ပွဲခန်းမထဲ အချိန်မီရောက်လာခဲ့တယ်။ သူတို့ ဝင်လာချိန် ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေက အဲနေရာမှာ စုရုံးနေကြပြီ။ တစ်ချက်ကြည့်ရုံနဲ့ လူတစ်ထောင် ရှိနေပြီဆိုတာ သိနိုင်တယ်။

တိုက်ဆိုင်မှုဟုတ်ဟုတ် မဟုတ်ဟုတ်တော့ သူတို့ မသိဘူး။ ဒါပေမဲ့ သစ်ရွက်ကြောဂိုဏ်းရဲ့ တပည့်တွေက သူတို့ရှေ့ ခြေတစ်လှမ်းစောနေတယ်။ ဖြစ်ချင်တော့ ဒီဂိုဏ်းထဲက ကျင့်ကြံသူတွေအားလုံးက မိန်းမတွေပဲ။ ဒီပြိုင်ပွဲမှာပါဝင်တာက အမျိုးသားကျင့်ကြံသူတွေနဲ့ယှဉ်ရင် မိန်းကလေးကျင့်ကြံသူတွေက နည်းတယ်။ ဒီလူနည်းစုလေးထဲ ဝူတိဂိုဏ်းက ကိုးယောက် ထပ်ဖြည့်လာတာက အမျိုးသမီးကျင့်ကြံသူတွေရဲ့ ရုတ်တရက် စုပြုံကျလာမှုကို အတော်လေး ထင်ရှားသိသာသွားစေတယ်။

သူတို့ အစောတုန်းကတော့ အာရုံစိုက်ခံရတာကို စိတ်မရှုပ်ပေမဲ့ လူအုပ်ကြီးထဲက တီးတိုးပြောတာတွေ ကျယ်လောင်လာတယ်။ မိန်းကလေးကိုးယောက်ကို အာရုံစိုက်နေတဲ့ အကြည့်တွေက လက်ညှိုးထိုးတာတွေနဲ့အတူ တိုးလာပါလေရော။

"ကြည့်ပါဦး၊ အဲကလူတွေက မျက်နှာတွေပျက်နေတာကို ထွက်လာရဲသေးတယ်လား"

"အင်းလေ၊ အားလုံးက ရုပ်ဆိုးလိုက်ကြတာ ငါတစ်ခါမှ ဒီလောက်ရုပ်ဆိုးတဲ့ ကျင့်ကြံသူတွေ မမြင်ဖူးဘူး သူတို့တွေက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေများလား"

"ဒါတောင် နတ်သမီးအလှနဲ့ မိန်းကလေးကျင့်ကြံသူတွေ မွေးထုတ်ပေးလို့ နာမည်ကြီးတဲ့ သစ်ရွက်ကြောဂိုဏ်းဘေး ရပ်ဖို့ ရွေးတယ်ပေါ့"

"အမှန်ပဲ၊ ဒီလိုမျိုး ဆိုးယုတ်တဲ့အကျင့်စရိုက်တွေက ဘယ်ဂိုဏ်းကပါလိမ့်"

"..."

ပတ်ပတ်လည်က တီးတိုးပြောဆိုမှုတွေက ကျယ်သထက် ကျယ်လောင်လာတယ်။ မိန်းကလေးကိုးယောက်က ခေါင်းငုံ့ရင်း ရှက်ရွံ့ စိတ်ရှုပ်စွာနဲ့ သူတို့မျက်နှာပေါ်က အမာရွတ်တွေကို အလိုလိုကာလိုက်မိတယ်။ သူတို့ရဲ့ စောနတုန်းက မြင့်မြင့်မားမား စိတ်ဓာတ်က လုံးဝကို ပျောက်ကွယ်သွားပြီ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now